Latest News

Tuesday, January 17, 2017

Trump အပေါ် လူကြိုက်များမှုနည်းပါးကြောင်း စစ်တမ်းတွေမှာဖော်ပြ

Trump အပေါ် လူကြိုက်များမှုနည်းပါးကြောင်း စစ်တမ်းတွေမှာဖော်ပြ



ရွေးကောက်ခံသမ္မတ Donald Trump ဟာ - ဆယ်စုနှစ်ပေါင်းများစွာအတွင်း - လူကြိုက်အနည်းဆုံး အမေရိကန်ခေါင်းဆောင်တဦးအဖြစ် ၄ နှစ်တာ သမ္မတတာဝန်ကို စတင် ထမ်းဆောင်တော့မှာဖြစ်ကြောင်း အမေရိကန်က အဓိက လူထုစစ်တမ်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။ Trump ကတော့ လူထုစစ်တမ်းတွေရဲ့ ဖော်ပြချက်တွေကို ချက်ခြင်းဆိုသလိုပဲ ပယ်ချခဲ့ပါတယ်။
အမေရိကန်မှာ ရွေးကောက်ခံသမ္မတဖြစ်ခဲ့ကြဖူးတဲ့ နောက်ဆုံး ၇ ယောက်ထဲမှာ Trump ဟာ လူကြိုက်အနည်းဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်းကို - သောကြာနေ့ ကျင်းပမယ့် သူ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် ၃ ရက်အလို အင်္ဂါနေ့က ၀ါရှင်တန်ပို့စ် နဲ့ ABC သတင်းဌာနတို့ရဲ့ ပူးတွဲစစ်တမ်းမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အခုနောက်ဆုံးစစ်တမ်းအပြင် မကြာသေးခင် ရက်ပိုင်းက CNN ရုပ်မြင်သံကြားကနေ ကောက်ယူခဲ့တဲ့ စစ်တမ်းတခုမှာလည်း - နိုဝင်ဘာရွေးကောက်ပွဲ နောက်ပိုင်း - Trump ရဲ့ အာဏာလွှဲပြောင်းရေး ဆောင်ရွက်ချက်တွေအပေါ် - အမေရိကန်မဲဆန္ဒတွေ မနှစ်သက်ကြတဲ့ အမြင်တွေကို သိသိသာသာ ပြသခဲ့တာမှာ - နောက်ဆုံး ရွေးကောက်ခံ သမ္မတတွေထက် နှစ်သက်မှု အကြီးအကျယ် လျော့ပါးနေတာကိုလည်း တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump ကတော့ - သူ့ရဲ့ Twitter လူမှုကွန်ယက်ကနေ - ရွေးကောက်ပွဲ ကာလမှာတုန်းကလိုပဲ အတုအယောင် စစ်တမ်းပြုစုခဲ့သူတွေရဲ့ လုပ်ရပ်သာဖြစ်ပြီး - အရင်လို အကြံအဖန် လုပ်ထားတာတွေသာ ဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ သူ့ကိုထောက်ခံသူ ဆိုင်ကယ် သမားတွေနဲ့အတူ ၀ါရှင်တန်ကို လာကြတဲ့ လူအရေအတွက်ဟာလည်း စံချိန်ချိုးအောင် များပြားနေပြီး - ကြာသပတေး၊ သောကြာနဲ့ စနေနေ့တွေဟာ တကယ့် နေ့ထူးနေ့မြတ်တွေ ဖြစ်လိမ့်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

CNN လူထုစစ်တမ်းနဲ့ ၀ါရှင်တန်ပို့စ်-ABC သတင်းဌာနတို့ရဲ့ လူထုစစ်တမ်း ၂ ခုစလုံးမှာတော့ - Trump အပေါ် လူထုရဲ့ လက်ခံမှုဟာ ၄၀% သာ ရှိတာတွေ့ရပြီး - ဒါဟာဆိုရင် ၂၀၀၉ ခုနှစ်က သမ္မတ ဘရက်ခ် အိုဘားမား တာဝန်ယူချိန်ကနဲ့ယှဉ်ရင် တ၀က်လောက်ပဲ ရှိသလို - လက်ရှိ တာဝန်ကုန်ဆုံးတော့မယ်အချိန်မှာ ထောက်ခံမှု ၆၁% နဲ့ ယှဉ်ရင်လည်း အများကြီးကို လျော့နည်းနေတာ ဖြစ်ပါတယ်။



Sources: VOA Burmese News

No comments:

Post a Comment