ပုဇွန်တောင်မြို့နယ် ၅၂ လမ်းတွင် ဖွင့်လှစ်မည့် ရန်ကုန်မြို့၏ ဒုတိယမြောက် ညဈေးတန်းမှာ ပြီးစီးလုနီးပါးဖြစ်နေပြီး CCTV ကင်မရာများ တပ်ဆင်ရန်သာ ကျန်ရှိတော့ဟု ဆို
ပုဇွန်တောင်မြို့နယ် ၅၂ လမ်းတွင် ဖွင့်လှစ်မည့် ရန်ကုန်မြို့၏ ဒုတိယမြောက် ညဈေးတန်း လုပ်ဆောင်နေမှုမှာ ပြီးစီးလုနီးပါးဖြစ်နေပြီး လုံခြုံရေးအတွက် CCTV ကင်မရာများ တပ်ဆင်ရန်သာ ကျန်ရှိတော့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ သိရသည်။
“လုပ်ငန်းကတော့ CCTV ကင်မရာတွေပဲ တပ်ဖို့ကျန်တော့တယ်။ ရေပေးဖို့လုပ်ငန်း ကလည်း တော်တော်များများပြီးနေပြီ။ ရေပိုက်တွေသွယ်ပြီးနေပြီ။ အိမ်သာကတော့ မိုဘိုင်းအိမ်သာဆိုတော့ လွယ်တယ်။ တော်တော်များများ ပြီးနေပြီ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ညဈေးတန်းတွင် ဈေးသည် ၁၄၀ ကျော်အတွက် နေရာချထားပေးမည်ဖြစ်ပြီး ပုဇွန်တောင်မြို့နယ်အတွင်းရှိ လမ်းဘေး ဈေးသည်များအား အဓိက နေရာချထားပေးမည်ဖြစ်သည်။
“ပုဇွန်တောင်မြို့နယ်ထဲမှာလုပ်တော့ ပုဇွန်တောင်က ဈေးသည်တွေပဲဖြစ်မယ်။ အခု လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စာရင်းကောက်ဖို့ လုပ်နေတယ်။ အစားအသောက်ရောင်းတဲ့ သူတွေလည်းရှိမယ်။ မနက်ပိုင်း ကုန်စိမ်းရောင်းတဲ့သူတွေလည်း ရောင်းချင်လည်း ရောင်းမယ်။ အဲဒါလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မြေပြင်မှာ ညှိနေတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောကြားသည်။
အဆိုပါ ညဈေးတန်းအား မည်သည့် အချိန်တွင် ဖွင့်လှစ်မည်ကိုမူ မသိရှိရသေး ကြောင်း ယင်းတာဝန်ရှိသူက ဆိုသည်။
ရန်ကုန်မြို့တွင် ပထမဆုံးညဈေးတန်းကို ကမ်းနားလမ်းပေါ်တွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါညဈေးတန်း၌ ရန်ကုန်မြို့တွင်း လေးမြို့နယ်ဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော်မြို့နယ်များရှိ လမ်းမကြီးများပေါ်တွင် ရောင်းချသည့် ဈေးသည် ၆၀၀၀ ကျော်အနက် အစား အသောက်နှင့် သစ်သီးရောင်းချသူ ၁၆၀၀ ကို နေရာချထားပေးကြောင်း သိရသည်။
ကျန်ရှိသည့် ဈေးသည် ၄၀၀၀ ကျော်ကို ရန်ကုန်မြို့တွင်းလေးမြို့နယ်ရှိ နံပါတ်တပ်လမ်းများနှင့် အခြားရောင်းချ၍ရသည့် လမ်းသွယ်များထဲအတွင်း ၀င်ရောက်ရောင်းချခွင့် ပြုထားပြီး အဆိုပါလေးမြို့နယ်ရှိ အဓိကလမ်း မကြီး ၁၁ လမ်းဖြစ်သော အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ ပန်းဆိုးတန်းလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကမ်းနားလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ဆူးလေဘုရားလမ်း၊ ဘုန်းကြီးလမ်း၊ လသာလမ်း၊ လမ်းမတော်လမ်းတို့ကို လမ်းဘေးဈေးမရောင်းရ နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီး အဆိုပါနေရာများတွင် ရောင်းချသူများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေဖြင့် အရေးယူမည်ဟု ထုတ်ပြန်ထားသည်။
ယင်းညဈေးတန်းတွင် နေရာချထားပေးရာတွင် နေရာမရရှိဟုဆိုကာ ဈေးသည်အချို့က ရန်ကုန်မြို့ ၃၆ လမ်းရှိ မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးတွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။
Sources; ကျော်ထင်/Eleven Media Group
Monday, January 9, 2017
ပုဇွန်တောင်မြို့နယ် ၅၂ လမ်းတွင် ဖွင့်လှစ်မည့် ရန်ကုန်မြို့၏ ဒုတိယမြောက် ညဈေးတန်းမှာ ပြီးစီးလုနီးပါးဖြစ်နေပြီး CCTV ကင်မရာများ တပ်ဆင်ရန်သာ ကျန်ရှိတော့ဟု ဆို
ပုဇွန်တောင်မြို့နယ် ၅၂ လမ်းတွင် ဖွင့်လှစ်မည့် ရန်ကုန်မြို့၏ ဒုတိယမြောက် ညဈေးတန်းမှာ ပြီးစီးလုနီးပါးဖြစ်နေပြီး CCTV ကင်မရာများ တပ်ဆင်ရန်သာ ကျန်ရှိတော့ဟု ဆို
Reviewed by Ar Ti
on
8:29 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment