Latest News

Wednesday, January 18, 2017

အကယ်ဒမီအိန္ဒြာကျော်ဇင်နှင့် တွေ့ဆုံခြင်း

အကယ်ဒမီအိန္ဒြာကျော်ဇင်နှင့် တွေ့ဆုံခြင်း

အနုပညာလောကအတွင်း ဖြတ်သန်းမှုခရီးရှည်ကြာစွာ လျှောက်လှမ်းခဲ့ပြီး ဖြစ်သည့်အပြင် အနုပညာဖန်တီးမှု မှတ်တိုင်များစွာ စိုက်ထူထားနိုင်ခဲ့သူ တစ်ဦးလည်းဖြစ်သည့် အကယ်ဒမီ အိန္ဒြာကျော်ဇင်သည် လက်ရှိတွင် သုဒြာကိုယ်ပိုင်ထုတ်လုပ်ရေး အနေဖြင့် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်လျက် ရှိသူဖြစ်သည်။ တူမဖြစ်သူ မေတိုးခိုင်၏ အနုပညာဝါသနာ ဗီဇအတွက်လည်း လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးလျက်ရှိကာ ‘ရူးအောင်ချစ်မယ့်သူ’ ဇာတ်ကားတွင် တွဲဖက်သရုပ်ဆောင်၍ အနုပညာ လက်ဆင့်ကမ်းအမွေပေးနိုင်ရန် ပြင်ဆင်လျက်ရှိသူ ဖြစ်သည်။ အမူအရာပီပြင်သူ သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်လက်ခံအားပေးသူ အကယ်ဒမီအိန္ဒြာကျော်ဇင်၏ တူမဖြစ်သူ မေတိုးခိုင်အတွက် အနုပညာ အမွေပေးအပ်လိုသည်များ၊ ကိုယ်ပိုင်ထုတ်လုပ်ရေးအနေဖြင့် ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်မှုနှင့် သရုပ်ဆောင်တစ်ဦးအဖြစ် ဇာတ်ကားများ ရိုက်ကူးမှုအခြေအနေများအား တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။

■ မေး- တူမလေးက အနုပညာဝါသနာပါတယ်ဆိုတော့ ဘယ်လိုတွေ ပံ့ပိုးကူညီပေးဖြစ်လဲ။

■ ဖြေ- သူ့ကိုမရိုက်ခင်မှာ ကိုပြေတီဦးရော မအူဝဲပါ အိမ်မှာကင်မရာ Test အလုပ်ကြည့်တယ်။ သူ့မှာ ဘယ်လောက် Talent ရှိမှန်းမသိသေးဘဲနဲ့ ရုပ်ရှင်တစ်ကား ရိုက်ဖို့ဆိုတာလည်း မဖြစ်သေးဘူးလေ။ အဲဒါနဲ့ စမ်းကြည့်တဲ့အခါ သူ့မှာ Talent ရှိနေတယ်။ သူ့မှာလုပ်ရဲတယ်။ လုပ်နိုင်တယ်ဆိုတာလေးကို တွေ့ရတယ်။ သူ့မှာ ပါရမီပါလာတယ်လို့ ပြောရမှာပေါ့။ အဲဒါကို ကိုယ်ကမြေတောင် မြှောက်ပေးရမှာပေါ့။ ရူးအောင်ချစ်မယ့်သူ ဇာတ်ကားထဲမှာဆိုရင် ပေါ့ပေါ့ပါးပါး အခန်းတွေပါသလို အမူအရာ သေချာလုပ်ရတဲ့ အခန်းတွေလည်းပါတယ်။ ဒါကြောင့် မရိုက်ခင်မှာကို ဇာတ်ကို ကျေနေအောင် သေချာဖတ်ခိုင်းတယ်။ ရိုက်နေရင်းနဲ့လည်း သူ့ကိုပြောပြပေးတယ်။ ဟဲဗီး သေချာလုပ်ရမယ့် ဇာတ်ဝင်ခန်းတွေကို မအူဝဲ အရင်ရိုက်ပြီး သူ့ကိုဘေးကနေ ကြည့်ခိုင်းထားတယ်။ အဲဒီစိတ်ခံစားမှုကို သူ့ကိုကူးစက်အောင် လုပ်ခိုင်းထားတဲ့အခါကျတော့ သူ့ဆီတစ်ခါတည်း ခံစားမှုက ရောက်သွားတာပေါ့။ သူတကယ်လုပ်ရတဲ့ ဇာတ်ဝင်ခန်းရောက် တော့အဆင်ပြေပါတယ်။ ဒါရိုက်တာတို့၊ နေတိုးတို့ကလည်း အများကြီး ၀ိုင်းသင်ပေးကြပါတယ်။

■ မေး- တူမက အနုပညာဝါသနာပါလာတယ် ဆိုတဲ့အခါ အနုပညာလောကရဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ စိတ်ပူတာမျိုးတွေရှိလား။

■ ဖြေ- ရှိတာပေါ့။ ဒါအရမ်းခံနိုင်ရည် ရှိမှရမှာလေ။ သူ့ကို ဒီလောကထဲမ၀င်ခင်မှာ စိတ်ပူတာ အဲဒါပေါ့။ အဲဒါကြောင့် ပြောထားတယ်။ ကောင်းတာပြောလည်း ခံနိုင်ရမယ်။ ဆိုးတာပြောလည်း ခံနိုင်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဝေဖန်မှုတွေအားလုံးကို ခံနိုင်ရည်ရှိမှရမှာ။ စလုပ်ပြီဆိုတည်းကလည်း အောင်မြင်ချင်မှလည်း အောင်မြင်မှာ။ တစ်ချိန်ချိန်မှ အောင်မြင်တာလည်း ဖြစ်နိုင်တယ်။ တစ်ကားတည်းနဲ့လည်း အောင်မြင်ချင် အောင်မြင်သွားမယ်။ အရာအားလုံးကို သူခံနိုင်ရှိဖို့တော့ သူ့ကိုပြောပြထားတယ်။ သူလည်းနားလည်ပါတယ်။

■ မေး - နောက်တစ်ခုကကျတော့ အမြဲတမ်း အနီးကပ်နေလာတဲ့အခါကျတော့ တူတာတွေ အများကြီးဖြစ်နေတော့ ခွဲထွက်တဲ့ ပုံစံတစ်ခုဖြစ်ဖို့ကိုရော ဘယ်လိုသင်ပေးဖြစ်လဲ။

■ ဖြေ - အဲဒါကြောင့် အစ်မသူ့ကို အိုက်တင်သင်ပေးတာတောင်မှ ကိုယ့်ဆီကအကုန်လုံးကို သူ့ကိုမယူခိုင်းဘူး။ ကိုယ်နဲ့သူနဲ့က အမူအရာတွေ၊ မျက်နှာပုံစံတွေ ဆင်နေတဲ့အခါကျတော့ စထွက်ထွက်ချင်းမှာတော့ ဘယ်လိုပဲဖြစ်ဖြစ် တူမှာပဲလေ။ နောက်ပိုင်းကျရင်တော့ သူ့ဘာသာ လုပ်ရင်းနဲ့ နားလည်လာမယ်။ တတ်လာမယ်။ သူ့ဘာသာ ဖြစ်သွားမယ်ပေါ့နော်။ အစ်မကတော့ အဲဒီလိုပဲ ခံယူထားပါတယ်။

■ မေး - ၂၀၁၆ မှာ သုဒြာထုတ်လုပ်ရေးကို စတင်တည်ထောင်ခဲ့သလို ဇာတ်လမ်းကောင်းတွေမှာလည်း ပါဝင်ခွင့်ရခဲ့တဲ့အခါကျတော့ ကျေနပ်စရာ နှစ်တစ်နှစ်လို့ ပြောလို့ရလား။

■ ဖြေ - ကျေနပ်စရာ နှစ်တစ်နှစ်ဖြစ်ပါတယ်။ ကားရိုက်အနေနဲ့ ဆိုရင်လည်း ကောင်းတဲ့ကားလေးတွေ ရွေးပြီးရိုက်ခဲ့တယ်ပေါ့။ တစ်ခါတလေတော့ ကိုယ့်အတွက်ချည်းပဲ ကြည့်လို့မရတာတွေလည်း ရှိတယ်လေ။ အုံနဲ့ကျင်းနဲ့ သရုပ်ဆောင် အများအပြားပါဝင်ရတာမျိုးလည်း ရှိတာကိုး။ ကိုယ်ပိုင်ထုတ်လုပ်ရေးဆိုလည်း အကောင်အထည်ဖော် ဖြစ်သွားတယ်ဆိုတော့ ကျေနပ်စရာကောင်းပါတယ်။

■ မေး - သုဒြာထုတ်လုပ်ရေး အနေနဲ့ရော ဇာတ်ကားတွေ ရိုက်ကူးပြီးစီးမှု အနေအထားနဲ့ နောက်ထပ်ရိုက်ကူးမယ့် ဇာတ်ကားတွေရဲ့ အခြေအနေကိုလည်း သိချင်ပါတယ်။

■ ဖြေ - သုဒြာထုတ်လုပ်ရေး အနေနဲ့ဆိုရင်တော့ Reflection လို့ နာမည်ပေးထားတဲ့ ဇာတ်ကားနဲ့ တစ်နေ့ရွှေ တစ်နေ့ငွေလို့ နာမည်ပေးထားတဲ့ ဇာတ်ကားတွေပေါ့။ လောလောဆယ်ကတော့ Editing လုပ်နေတဲ့ အချိန်ရောက်ပါပြီ။ ရုံရက်ကတော့ သူများတွေလိုပဲ တန်းစီရမှာပေါ့။ ဒီကြားထဲမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်ဦးမလဲတော့မသိဘူး။ ရှေ့လျှောက်ကတော့ ရိုက်ဖို့ပြောထားတာ ဦးမျိုးမင်း၊ ကိုဝိုင်း၊ ကိုဇော် (အရုဏ်ဦး) တို့ကိုပြောထားတာတွေ ရှိပါတယ်။ သူတို့တွေက ဇာတ်တွေရွေးနေကြတယ်။ အစ်မလည်း ဇာတ်တွေက စိတ်တိုင်းသိပ် မကျသေးလို့ပါ။

■ မေး - အနုပညာသက်တမ်းလည်း ရင့်လာလိုသလို ထုတ်လုပ်သူဖြစ်တဲ့အတွက် ထုတ်လုပ်သူနေရာကပါ ၀င်စဉ်းစားရတဲ့အတွက် ဇာတ်ရှာရတာ ပိုခက်လာတဲ့ သဘောမျိုးလား။

■ ဖြေ - အခုကို တော်တော်လေး စဉ်းစားရခက်နေတယ်။ ဇာတ်တွေအများကြီး ရှိပေမယ့် ရှိတိုင်းလည်း ရိုက်လို့မရဘူး။ ခေတ်လမ်းကြောင်းအရက ရိုက်လို့အဆင်မပြေသလို အစ်မကလည်း ဒီလိုဇာတ်မျိုးဆိုရင် ပရိသတ် ကြိုက်နိုင်ပါ့မလားဆိုတာ အမြဲစဉ်းစားတယ်။ အဲဒီလိုအချိန်မှာ ဇာတ်ရွေးရတာ ခက်နေတာပေါ့။

■ မေး - ၂၀၁၇ မှာရည်မှန်းထားတဲ့ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပါဦး။

■ ဖြေ - ရှေ့လျှောက်ကတော့ သုဒြာထုတ်လုပ်ရေးအနေနဲ့ ဇာတ်ကားတွေရိုက်ဖို့ရှိမယ်။ အစ်မပါချင်မှလည်းပါမယ်။ ပရိသတ်ကြိုက်နိုင်တဲ့ ဇာတ်မျိုးတွေရှာပြီးရိုက်မယ်။ သရုပ်ဆောင်အနေနဲ့ကတော့ ရိုက်ဖြစ်တာ နည်းနည်းချဲလိုက်တယ်။ အခုကိုပဲ တစ်လကို တစ်ကားလောက်ပဲ ရိုက်ဖြစ်တော့တယ်။ အများကြီး လက်မခံဖြစ်တော့ဘူး။ ကလေးတွေအတွက် အချိန်ပေးချင်တာကြောင့် ပါပါတယ်။

■ မေး - နှင်းဆီပန်သူဇာတ်ကားက အကယ်ဒမီအမီ ရုံတင်တာဆိုတော့ အဲဒါနဲ့ပတ်သက်လို့ ရင်ခုန်သံကိုလည်း ပြောပြပါဦး။

■ ဖြေ - အကယ်ဒမီကတော့ ထုတ်လုပ်သူက ဒါရိုက်တာပိုင်း၊ ဇာတ်ကားပိုင်း၊ ကင်မရာပိုင်း၊ Dubbing  ပိုင်းတွေကို မှန်းပြီးတော့ပဲ စာရင်းဝင်အောင် တင်တယ်လို့ ထင်ပါတယ်။ သူတို့ကတော့ ကိုယ်လည်းရနိုင်တယ်လို့  ပြောကြပေမယ့် အစ်မကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ထင်တယ်လေ။ အကယ်ဒမီကတော့ မမှန်းပါဘူး။

■ မေး - အကယ်ဒမီနဲ့ ပတ်သက်လို့ စိတ်ခံစားမှုက ပြောင်းလဲလာတာမျိုးရှိလား။

■ ဖြေ - အကယ်ဒမီက နှစ်တိုင်း ငါမရနိုင်ပါဘူးလေလို့ပဲ အမြဲတွေးဖြစ်တာ များတယ်။ အဲဒါကြောင့်များလား တော့မသိဘူး။ တကယ်လည်း မရတော့ဘူး။ ရမလားဆိုပြီး စိတ်ထဲထည့်ထားရင် ပိုပင်ပန်းသလားလို့လေ။ ပိုလည်း ခံစားရတယ်။ စိတ်ကို အမြဲ ပေါ့ပေါ့ပါးပါးပဲ နေတဲ့သူဆိုတော့လေ စိတ်ကို အလေးမခံချင်ဘူး။ မရတော့လည်း ပြီးရောပေါ့လေ ပျော်ပျော်ပါးပါးပေါ့။

■ မေး - ပရိသတ်တွေကတော့ အမြဲတမ်း အကယ်ဒမီ ရစေချင်ကြတယ်။ မှန်းပေးကြတယ်နော်။

■ ဖြေ - ပရိသတ်ကတော့ အမြဲတမ်း နှစ်တိုင်းရနိုင်တယ်ပေါ့။ ပရိသတ်ပေးတဲ့ အကယ်ဒမီကတော့ အိမ်မှာ ပြည့်နေတာပဲပေါ့။ အဲဒါနဲ့တင် အရမ်းကျေနပ်နေပါပြီ။ ကိုယ်တိုင်တကယ် ရတာမရတာထက် အခုလိုရစေချင်ကြတယ်ဆိုတာနဲ့တင် ကျေနပ်ပါတယ်။

■ မေး- ၂၀၁၇ နှစ်သစ်အတွက် ဆုတောင်းစကားလေး ပြောပေးပါဦး။

■ ဖြေ - ပရိသတ်တွေ သက်ဆုံးတိုင်အထိ စိတ်သွားတိုင်းကိုယ်ပါပြီး လုပ်သမျှအရာတိုင်း အောင်မြင်ပါစေ။ စိတ်ချမ်းသာမှုတွေနဲ့ပဲ ပျော်ပျော်ရွှင်ရွှင် လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ ချစ်ခင်အားပေးတဲ့ ပရိသတ်တွေအတွက်လည်း  အကောင်းဆုံးဆက်ပြီး ကြိုးစားသွားမှာပါလို့ ပြောချင်ပါတယ်။

Sources: လင်းလင်းခိုင် ( Eleven Media Group )

No comments:

Post a Comment