Latest News

Saturday, January 14, 2017

ရင်မှာသိမ်းဆည်းထားပါမည်

ရင်မှာသိမ်းဆည်းထားပါမည်



(၁) ငယ်စဉ်က နာမည်ကြီး တေးသီချင်းတစ်ပုဒ်ကို အလွန်နှစ်ခြိုက် စွဲလမ်းခဲ့ဖူးသည်။ ငယ်ရွယ်သူများအဖို့ ယင်းသီချင်းကို မကြိုက်မနှစ်သက်ဘဲ ရှိမည်မထင်။ တေးပြုစာဆိုအမည်ကို မမှတ်မိတော့သော်လည်း သီဆိုသူမှာ ကိုသန်းလှိုင်ဖြစ်ကြောင်း ယနေ့ထိ မတိမ်ကော မပျောက်ပျက်သေးသည့် တေးတစ်ပုဒ်အဖြစ် မမေ့နိုင်တော့။

လူတိုင်းတွင် မိမိတို့ဖြတ်သန်းလာသော ဘ၀လမ်းကြောင်းတစ်လျှောက် အမှတ်ရစရာ၊ မမေ့နိုင်စရာ၊ ရင်ထဲနှလုံးသားထဲ၌ စူးစူးနစ်နစ် နှစ်သက်စွဲလမ်းစရာ အဖြစ်အပျက် အများအပြားတော့ ရှိမည်မှာမလွဲ။ အဆိုရှင် ကိုသန်းလှိုင် နာမည်အလွန် ကျော်ကြားခဲ့သည့် သူနှင့်ခေတ်ပြိုင်ကာလရှိ နာမည်ကြီး အချို့ကို ဖော်ပြရပါက စန္ဒရားချစ်ဆွေ၊ စန္ဒရားလှထွတ်၊ မောင်မောင်ကြီး၊ ကိုမြကြီး၊ ကိုတင်ထွတ်၊ ကိုတင်လှိုင်၊ မောင်မောင်ညွန့်၊ မောင်မောင်လတ်၊ မာမာအေး စသူတို့ရှိကြသည်။ များပြားလှစွာသော အဆိုရှင်တို့၏ တေးသီချင်းနှင့် အသံတို့သည် လူငယ်များအား ဖမ်းစားခဲ့သည်။ ယင်းတို့အနက် ကိုသန်းလှိုင်သီဆိုခဲ့သည့် “ငြင်းပယ်မှာပဲ စိုးမိတယ်” သီချင်းကို စာရေးသူငယ်စဉ်က အလွန်အသည်းစွဲဖြစ်ခဲ့သည်။ နမူနာစာသား တစ်ပိုင်းတစ်စကို ဖော်ပြပါသည်။

“နီးဖို့ရာအခြေမပေး ×× ဝေးခဲ့တဲ့အခါများဝယ် ×× သူ့ကိုသာ သတိတရရှိလှတယ် အချစ်ရယ်ယုံကွယ် ××× ပိတောက်ဝါပွင့်ဖူး သည်နွေဦးဝယ် ×××  ခြွေခူးလို့ ပန်ပေးချင်တယ် ××× စံပယ်တွေပွင့်တော့လည်း ဒီနှယ်၊ သဇင်တွေ ပွင့်တော့လည်း ဒီနှယ် ×××× မှန်းဆတမ်းတမိသေးတယ် ××××”

“သူ့ကိုသာ ပြန်လည်တွေ့ရင် တကယ့်ကိုပြောပြမယ် ××× ရင်မှာ သိမ်းထားတဲ့ ချစ်စကားလေးတွေ ××× နားထောင်မှာလား အချစ်ရယ် ××× ငြင်းပယ်မှာပဲ စိုးမိပါတယ်×××”

ချစ်မေတ္တာတရား တစ်ရပ်ကို တေးပြုစာဆိုက ဖော်ကျူးရာတွင် ချစ်သူအား မေတ္တာရှိကြောင်း ထုတ်ဖော်မပြောဝံ့သော ယောက်ျားလေးတစ်ယောက်သည် မိမိရင်ထဲ သိမ်းဆည်းထားသည့် အချစ်ကို ဖွင့်ဟလိုက်မိပါက ဥပေက္ခာပြု ငြင်းပယ်ခံရမည်ကို စိုးရိမ်သည့်အကြောင်း ရေးဖွဲ့ထားသည်။ ချစ်မေတ္တာနှင့် ပတ်သက်လာလျှင် ရင်ထဲ၌ထာဝရ မျိုသိပ်သိမ်းဆည်းထားကာ ဖွင့်ဟမပြောဖြစ်သည့် ရင်တွင်းအဖြစ်အပျက်မျိုးလည်း လောကတွင် ဒုနှင့်ဒေး ရှိပေလိမ့်မည်။ တစ်ခုတော့ ရှိသည်။ ယခုခေတ်ကာလကဲ့သို့ “နင့်ကိုငါချစ်တယ်၊ ငါ့ကိုနင်ချစ်မလား” မှအစ၊ “ငါ့ကိုငြင်းပယ်ရင်တော့ ဓားနဲ့မွှန်းပစ်လိုက်မယ်” အဆုံး၊ ပြဿနာကိစ္စတစ်ရပ်အား တစ်ကြိမ်တည်း အပြီးအပိုင် လက်စတုံးပစ်ခြင်းမျိုးနှင့်တော့ မတူဟု ပြောရမည်ဖြစ်သည်။ သို့ဖြစ်သောကြောင့် ရင်ထဲတွင် သိမ်းဆည်းထားသော အရာဟူသမျှသည် တစ်နည်းနည်းဖြင့် တန်ဖိုးရှိသည့်၊ တန်ဖိုးမဖြတ်နိုင်သည့် အရာများသာ ဖြစ်သည်ဟု စာရေးသူကတော့ သတ်မှတ်လိုက်သည်။

(၂) ရင်မှာသိမ်းဆည်းထားရန် ဆိုသည်မှာ နှစ်ရှည်လများ သန္ဓေတည် မွေးမြူခဲ့သည့် ပုလဲရတနာကဲ့သို့ အဖိုးထိုက်တန်သော ရတနာပစ္စည်းဖြစ်ရန် လိုအပ်သည် မဟုတ်ပါလား။ ပုလဲရတနာ ပစ္စည်းမျိုးဆိုသည်မှာ အဘယ်နည်း။

အမျိုးသမီးတိုင်း ကြိုက်နှစ်သက်စွာ ၀တ်ဆင်တတ်သည့် ပုလဲအဆင်တန်ဆာဖြစ်မှသာ အဖိုးထိုက်တန်သည်မဟုတ်၊ လူ့လောက၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စသော အရေးအရာ နယ်ပယ်ပေါင်းစုံတွင် တွေ့ကြုံရလေ့ရှိသည့် လူနည်းစု၏ အကျိုးစီးပွားအတွက် လုပ်ဆောင်ခဲ့ခြင်းမှ အများစု အကျိုးစီးပွားသို့ ပြုပြင်ပြောင်းလဲ၍ ဆုံးဖြတ် အကောင်အထည် ဖော်ပေးမှုသည်လည်း ပုလဲရတနာထက်ပင် အဖိုးထိုက်တန်သည်ဟု ဆိုရပေမည်။

ယင်းသို့သော ပုလဲရတနာမျိုးကို စာရေးသူတို့က ထာဝရရင်မှာ သိမ်းဆည်းထားလိုသည်။ ငယ်ရွယ်စဉ်က ချစ်သူငြင်းပယ်မည် စိုးသဖြင် ဖွင့်ဟမပြောဝံ့ဘဲ ချစ်ခြင်းကို ရင်မှာသာ မျိုသိပ် သိမ်းဆည်းထားခဲ့သည် ဆိုသော်လည်း နိုင်ငံနှင့် ပြည်သူတို့အား ကိုယ်ချင်းစာနာစိတ် ရင့်ကျက်သည့် အရွယ်သို့ ရောက်လာသောအခါ ရင်ထဲ၌ သိမ်းဆည်းထားသင့်သော ရတနာများ၊ သိမ်းဆည်းရန် မသင့်သော အမှိုက်သရိုက်များအား ပီပြင်စွာ ခွဲခြားကာ သိုသိပ် သိမ်းဆည်းတတ်လာပြီ ဖြစ်သည်။

(၃) အိမ်နီးချင်းနိုင်ငံများသို့ ပို့ကုန်အဖြစ် စွမ်းအင်ကို ရောင်းချခြင်း ကိစ္စအား ပြန်လည်သုံးသပ်ရန် အမျိုးသားစွမ်းအင် မူဝါဒတစ်ရပ် သက်ဆိုင်ရာက ထုတ်ပြန်ထားပြီဆိုသည်။ ၁၉၉၈ ခုနှစ်မှစ၍ သဘာဝဓာတ်ငွေ့ကိုလည်းကောင်း၊ ၂၀၀၉ မှစ၍ ရေအားလျှပ်စစ်ဓာတ်အားကို လည်းကောင်း အိမ်နီးချင်းနိုင်ငံများသို့ ရောင်းချခဲ့ရာ နိုင်ငံခြားငွေ ပမာဏမြောက်မြားစွာ ရရှိခဲ့သော်လည်း ယခင်အစိုးရက ပြည်တွင်း လိုအပ်ချက်ကို အနည်းအကျဉ်းသာ ဖြည့်ဆည်းရန် ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းသို့မဖြစ်စေရန် ယခုအခါ အမျိုးသားစွမ်းအင် မူဝါဒသစ်အရ နည်းလမ်းသုံးခုဖြင့် ဆောင်ရွက်ရန် သတ်မှတ်လိုက်ပြီ ဖြစ်သည်။ ယင်းတို့မှာ နိုင်ငံ၏ ကာလရှည် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဦးစားပေး ဖြည့်ဆည်းရန်၊ နိုင်ငံခြားသို့ ရောင်းချမည့် ရေအားလျှပ်စစ် စီမံကိန်းအနက်မှ သင့်လျော်သော စီမံကိန်းတို့ကို ပြည်တွင်းသုံးအဖြစ် ပြောင်းလဲပစ်ရန်နှင့် နိုင်ငံအတွက် လျှပ်စစ်ဖွံ့ဖြိုးမှု စီမံချက်ရေးဆွဲ အတည်ပြုပြီးမှသာ နိုင်ငံခြားသို့ ရောင်းမည့်စီမံကိန်းများအား အကောင်အထည် ဖော်ရန်ဟူ၍ ဖြစ်သည်။ (The Daily Eleven - ၄-၁-၂၀၁၇ နေ့ထုတ်)

ဤနိုင်ငံရှိ ပြည်သူအများအား ဆင်းရဲတွင်းသို့ ပို့ဆောင်ပေးခဲ့သော ယခင်ကိုယ်ကျိုးဖက် မူဝါဒဟောင်းမှ တစ်ဆင့် အဆိုပါအမျိုးသား မူဝါဒရေးဆွဲ ဆုံးဖြတ်ချက်များမှာ စာရေးသူ၏ ရင်မှာသိမ်းဆည်းထားရမည့် ပုလဲရတနာများအဖြစ် ဖြစ်တည်၍လာသည်။ ကာလဒီရေ တိုက်စားခဲ့သည်နှင့်အမျှ ဤရတနာများ တန်ဖိုးလျော့ကျသွားသည့် ရတနာများ ဖြစ်မသွားပါစေနှင့်ဟုတော့ မျှော်လင့်ကိုးစားနေမိသည်။

(၄) လွတ်လပ်ရေး အထိမ်းအမှတ် ကဗျာရွတ်ဆိုပွဲ ပြုလုပ်ခွင့် ကာလတာရှည် ပိတ်ပင်ခံထားရာမှ တစ်နေ့က ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂများက ရန်ကုန်တက္ကသိုလ် သစ်ပုပ်ပင်အောက်တွင် လွတ်လပ်ရေးအကြိုနေ့၌ ကဗျာရွတ်ဆိုပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။ ဗ.က.သ အဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီမှ ကျောင်းသားတစ်ဦးက “လွတ်လပ်ရေးရပြီဆိုတဲ့ အချိန်ကတည်းက ပြည်တွင်းစစ် တောက်လျှောက်ဖြစ်တယ်။ စားဝတ်နေရေး ကျပ်တည်းတယ်။ မေးခွန်းထုတ်စရာက တိုင်းတစ်ပါးက လာပြီးတော့ လုပ်တာဟာ လွတ်လပ်ရေး ဆုံးရှုံးတယ်လို့ ခေါ်တာလား။ မဟုတ်ပါဘူး။ ကျွန်တော်တို့ အခြေခံ လူ့အခွင့်အရေး ဆုံးရှုံးတာလည်း လွတ်လပ်ရေး ဆုံးရှုံးတာပါပဲ။ ဒီတော့ ဒီနေ့လွတ်လပ်ရေးနေ့ အောင်ပွဲဆိုတာထက် ပြည်သူ့လွတ်မြောက်ရေး ကဗျာရွတ်ပွဲလို့လည်း ခေါ်ဆိုရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ (The Daily Eleven - ၄-၁-၂၀၁၇ နေ့ထုတ်)

လူအစုအဖွဲ့ တစ်ရပ်ရှိလျှင် မြို့ရွာရှိမည်။ ထိုမှ ခရိုင်၊ တိုင်း၊ နိုင်ငံဟူ၍ ဖြစ်လာသည်။ လူ၏ နေ့စဉ်အရေးကိစ္စ ပေါင်းစုလျှင် နိုင်ငံ့အရေးကိစ္စ ဖြစ်လာသည်။ သို့ဖြစ်သဖြင့် လူသည် နိုင်ငံရေးနှင့် စဉ်ဆက်မပြတ် ဆက်စပ်လာသည်။ လူဟူသော ကျောင်းသားသည်လည်း နိုင်ငံရေးနှင့် ကင်းကွာ၍မရ၊ ဆက်စပ်မှု အမြဲရှိနေသည်။ သို့ဖြစ်၍ ထိုနေ့က ကဗျာရွတ်ပွဲသည် နိုင်ငံရေး အသွေးအရောင် ရှိသည်ဟု ပြောလိုကပြောနိုင်သည်။ စာရေးသူကတော့ ထိုနေ့၏ ပြည်သူ့လွတ်မြောက်ရေး ကဗျာရွတ်ပွဲကို ပုလဲရတနာတမျှ တန်ဖိုးထားကာ ရင်မှာသိမ်းဆည်းထားလိုက်မိသည်

(၅) လူမှုအရေး၊ လူသားချင်း စာနာထောက်ထားရေးနှင့် စပ်လျဉ်း၍လည်း ရင်ကိုလှုပ်ခတ် နာကျင်စေသည့် အရေးကိစ္စ အမြောက်အမြားအနက် တစ်ခုကို ဖော်ပြရလျှင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေးဒုက္ခသည် စခန်းအချို့တွင် စားနပ်ရိက္ခာ လိုအပ်နေသည့် သတင်းဖြစ်သည်။ အဆိုပါ စခန်းများသို့ သွားရောက် ကူညီခဲ့သော အဖြူ ရောင်တွဲလက်များ လူမှုကူညီရေးအဖွဲ့က နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရ၊ လုံခြုံရေးတာဝန်ရှိ အဖွဲ့အစည်းများ စသည်တို့ အနေဖြင့် အရပ်ဘက် အဖွဲ့အစည်းများနှင့် ညှိနှိုင်းကာ အရေးပေါ် စားနပ်ရိက္ခာ ဖြန့်ဖြူးပေးရန်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနတို့မှ စစ်ဘေးရှောင် စခန်းများသို့ ကွင်းဆင်းစစ်ဆေး၍ ထိရောက်စွာ ကူညီပေးရန် စသည်ဖြင့် သတင်းစာ ရှင်းလင်းပွဲတွင် အကြံပြု ပြောကြားသည်ဆိုသည်။  (The Daily Eleven - ၇-၁-၂၀၁၇ နေ့ထုတ်)

ပုလဲရတနာကဲ့သို့ အဖိုးထိုက်တန်လှသော အဆိုပါ လူမှုကူညီရေးအဖွဲ့၏ စိတ်နေမြင့်မားမှုနှင့် လုပ်ဆောင်ချက်များအား စာရေးသူ၏ရင်မှာ သိမ်းဆည်းထားခြင်းမှတစ်ပါး အခြားမရှိနိုင်တော့။

(၆) အကြမ်းဖက်မှုများနှင့် ရင်ဆိုင်နေရသော ဂျာမန်ပြည်သူတို့ အနေဖြင့် ဒီမိုကရက်တစ် စံနှုန်းများအား မြဲမြံစွာ ဆုပ်ကိုင်ထားကြရန် ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်လ်က မကြာသေးမီက ပြောကြားခဲ့သည်။ အာရပ်နှင့် အခြားနိုင်ငံများ၌ စစ်မက်ဖြစ်ပွားလျက် ထွက်ပြေးလာသူ ထောင်ပေါင်းများစွာကို မိမိနိုင်ငံက လက်ခံရန်ဟူသော ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ကာကွယ်ပြောကြားသည်။ “ဒီမိုကရေစီစနစ်ဟာ သဘောထား ကွဲလွဲမှုတွေ၊ ဝေဖန်မှုတွေကို လက်ခံရုံတင် မဟုတ်ဘူး၊ တောင်းဆိုနေတာဖြစ်တယ်။ အမုန်းတရားတွေနဲ့ ပြည့်နှက်နေတဲ့ အကြမ်းဖက်သမားတွေကို ပြောလိုတာကတော့ ကျွန်မတို့ဟာ လွတ်လပ်ပွင့်လင်းပြီး စာနာစိတ်ရှိတဲ့သူတွေပါ..” ဟုလည်း ပြောကြားခဲ့သည်။

လူမျိုးချင်းမတူသော်လည်း လူသားတစ်ယောက်တွင် ကိန်းအောင်းနေလေ့ရှိသော သူတို့၏ ကိုယ်ချင်းစာနာစိတ်၊ အကြင်နာ မေတ္တာတရားစိတ်တို့သည် စာရေးသူ၏ ရင်ထဲသို့ တိုးဝှေ့ဝင်ရောက် ကူးလူးပျံ့နှံ့ပြီးနောက် ပုလဲရတနာတစ်ပွင့်အဖြစ် ရင်မှာ သိမ်းဆည်းထားလိုက်မိပါပြီ။


တက္ကသိုလ်မိုးဝါ

Sources; Eleven Media Group

No comments:

Post a Comment