Latest News

Saturday, January 14, 2017

ပြည်တွင်းငြိမ်းချမ်းရေး အလှမ်းမဝေးဖို့လိုပြီ

ပြည်တွင်းငြိမ်းချမ်းရေး အလှမ်းမဝေးဖို့လိုပြီ



တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးသည် ပြည်တွင်းငြိမ်းချမ်းရေးကို တောင်းဆိုခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးသည် ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်စနစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ နှင့် ဆက်စပ်နေသည်။ ငြိမ်းချမ်းရေးမရှိလျှင် အမျိုးသားညီညွတ်ရေး၊ သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့သည် အရာမထင်နိုင်ချေ။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အကြိတ်အနယ် တွေ့ဆုံဆွေးနွေးပါ။ ပြည်တွင်းငြိမ်းချမ်းရေးကို အလှမ်းမဝေးပါစေနှင့်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်မီး လောင်ကျွမ်းလျက်ရှိသည်မှာ ယနေ့တိုင်ဖြစ်သည်။ ခေတ်အဆက်ဆက် အစိုးရတို့သည် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပုံစံအမျိုးမျိုး တွေ့ဆုံ ဆွေးနွေးခဲ့ကြလင့်ကစား ငြိမ်းချမ်းရေးသည် ယနေ့တိုင် အလှမ်းဝေးနေဆဲဖြစ်သည်။ ပြည်တွင်း ငြိမ်းချမ်းရေးစစ်စစ် ဖော်ဆောင်နိုင်ရန် အပြုတ်တိုက်ရေးကို လက်ကိုင်ပြု၍မရနိုင်ပေ။ တွေ့ဆုံဆွေးနွေးပွဲများမှ တစ်ဆင့် ဘုံနိုင်ငံရေး သဘောတူညီချက်များရရှိရေးကို လက်ကိုင်ပြုနိုင်ရေး ရှေးရှုသင့်သည်။ အစိုးရအဆက် ဆက်တို့သည် လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရေးကို တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဖော်ဆောင်ခဲ့သော်လည်း နိုင်ငံရေး သဘောတူညီချက်တစ်ရပ် ရရှိရန် ယနေ့တိုင် ဖော်ဆောင်နိုင်ခြင်း မရှိ သေးပေ။

မြန်မာအစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား ခေတ်အဆက်ဆက် တွေ့ဆုံဆွေးနွေးမှုများကို အကြောင်းပြုလျက် နိုင်ငံရေး ဘုံသဘောတူညီချက်တစ်ရပ် မရရှိခဲ့ခြင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်သည့် တွေ့ဆုံဆွေးနွေးပွဲများကို ရေရှည်အမြင်ရှိရှိ မကျင်းပနိုင်ခဲ့ခြင်းတို့သည် သော့ချက်ကျသော စိန်ခေါ်မှုများပင်ဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တည်ဆောက်နိုင်မှသာ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည့် ရည်မှန်းချက်များကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ချဉ်းကပ် ဖော်ဆောင်ခြင်းမှတစ်ပါး အခြားနည်းလမ်း မရှိနိုင်ပေ။

အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား ယုံကြည်မှုနှင့် နားလည်မှုကို မြင့်မြင့်မားမား တည်ဆောက်နိုင်လေလေ ငြိမ်းချမ်းရေးသည် နီးစပ်လေဖြစ်သည်။ တိုက်ပွဲများဖြစ်နေခြင်းသည် ယုံကြည်မှုကိုကျဆင်းစေနိုင်သည့်အပြင် နိုင်ငံရေးဆွေးနွေးပွဲများကိုလည်း အဖုအထစ်ဖြစ်စေနိုင်သည်။ သို့ဖြစ်၍ အပစ်အခတ်ရပ်စဲရေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုင်းတွင် သော့ချက်ကျ အရေးပါလျက်ရှိသည်။ တိုက်ရင်းဆွေးနွေး၊ ဆွေးနွေးရင် တိုက်သည်ထက် အပစ်အခတ်ရပ်စဲလျက်  နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းသည် အနှစ်သာရ မြင့်မားမည်ဖြစ်သည်။

နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် အစိုးရများသည် အပစ်အခတ်ရပ်စဲရေးကို ဦးစွာ ကြေညာလေ့ရှိကြသည်။ မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီအစိုးရခေတ် ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အစိုးရ၏ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးနှင့်အတူ ကျင်းပခဲ့ခြင်းဖြစ်သည်။ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးဟုဆိုလျှင် တရားမျှတပါ့မလား၊ ဘက်ညီပါ့မလားဆိုသည့် စဉ်းစားချက်များသည် လက်တွေ့မကျနိုင်ပေ။ အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များအနေဖြင့် အပစ်အခတ်ရပ်စဲရေးကို တစ်ပြိုင်နက် ကြေညာသင့်သည်ဆိုသော မှတ်ချက်ကလည်း မှန်သလိုလိုနှင့် လွဲချော်နေသည်။ အကယ်စင်စစ် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များတွင် အစိုးရများသည် သဘောထားကြီးကြောင်း၊ အမြော်အမြင်ကြီးကြောင်း၊ ရေရှည်အမြင်ရှိကြောင်း ပြသရမည်ဖြစ်သည်။ ထိုသို့ပြသ နိုင်ရေးတွင် အစိုးရနှင့်စစ်တပ်အနေဖြင့် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာခြင်းသည် အသုံးအတည့်ဆုံးဖြစ်သည်။ မြန်မာအစိုးရနှင့် တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို တရားဝင်ထုတ်ပြန် ကြေညာနိုင်မည်ဆိုလျှင် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် ပတ်ဝန်းကျင်ကောင်းကို အချိန်တိုအတွင်း တည်ဆောက်ပေးရာ ရောက်နိုင်သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ရှေ့မတိုး၊ နောက်မဆုတ် အနေအထားတွင် ရောက်ရှိနေသည်။ ရှေ့တိုးဖို့ခက်၊ နောက်ပြန်ဆုတ်ဖို့ဘက်ဆီ ဦးတည်နေသည်ဟုပင် ထင်စရာရှိနေသည်။ စိန်ခေါ်မှုများ၊ အကျပ်အတည်းများနှင့် ပိုမိုမွန်းကျပ်လာနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပင်ဖြစ်သည်။ အဆိုပါအကျပ်အတည်းမှ ရုန်းထွက်နိုင်ရေး ချဉ်းကပ်စဉ်းစားမည်ဆိုလျှင် ထိပ်သီးခေါင်းဆောင်များအကြား နိုင်ငံရေးစားပွဲဝိုင်း ဆွေးနွေးပွဲများနှင့် ဘုံနိုင်ငံရေး သဘောတူညီချက်ရရှိရေးသည် ဗျူဟာမြောက် အရေးပါမည်ဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအကြား အလုပ်သဘော၊ အကြိတ်အနယ် တွေ့ဆုံဆွေးနွေးပွဲများသည် လက်ငင်းလိုအပ်ချက်ပင်ဖြစ်သည်။ ထိပ်သီးခေါင်းဆောင်များအနေဖြင့် ဘုံနိုင်ငံရေး သဘောတူညီချက်တစ်ရပ် ရရှိသည်အထိ တစ်ဆက်တစ်စပ်တည်း ဆွေးနွေးအဖြေထုတ်နိုင်ရန် သော့ချက်ကျမည်ဖြစ်သည်။

မြန်မာ့နိုင်ငံရေးသမိုင်းတွင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားနှင့် လက်နက်ကိုင် အဖွဲ့ ထိပ်သီးခေါင်းဆောင်များအကြား ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခဲ့သည့် သာဓကများကို တွေ့ရခဲသည်။ ငြိမ်းချမ်းရေးနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ပေးနိုင်မည့်ပုဂ္ဂိုလ်များ ဦးဆောင်သည့် နိုင်ငံရေးဆွေးနွေးပွဲများကသာ အဖြေစစ်အဖြေမှန်ကို ဆွေးနွေးဖွေရှာနိုင်မည် ဖြစ်သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ လတ်တလော သောင်မတင်ရေမကျ အနေအထားကိုကျော်လွှားနိုင်ရေးတွင် အစိုးရနှင့် တပ်မတော်၏ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာချက်သည် အရေးပါသကဲ့သို့ ထိပ်သီးခေါင်းဆောင်များ၏ နိုင်ငံရေးဆွေးနွေးပွဲသည်လည်း ပဓာနကျမည်ဖြစ်သည်။

ရေရှည်တည်တံ့ခိုင်မြဲသော ပြည်တွင်းငြိမ်းချမ်းရေးကို ဗျူဟာမြောက် တည်ဆောက်နိုင်ရေးတွင် အစိုးရ၊ တပ်မတော်၊ ဗမာအပါအ၀င် တိုင်းရင်းသားများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ စိတ်ပိုင်း ဖြတ်မှုနှင့် ယုံကြည်ချက်တို့သည် အရေးကြီးသည်။ ငြိမ်းချမ်းရေး ခရီးရှည်ကိုချီရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့်ကဏ္ဍအလိုက် အားနည်းချက်များ၊ ဘေးဖြစ်စေမည့် အခြေအနေများကို ဆန်းစစ်၊ ထုတ်နုတ်ကာ ထိပ်သီးခေါင်းဆောင်များအကြား ပွင့်ပွင့်လင်းလင်း ဆွေးနွေးအဖြေရှာသင့်သည်။ သို့မှသာ ငြိမ်းချမ်းရေးသည် ခရီးပေါက်နိုင်ဖွယ် ရှိသည်။

ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် နယ်မြေခြားနားသည့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား အခြေအနေထိန်းကျောင်းနိုင်ရန် ရည်သန်လျက် တစ်ဖက်နှင့် တိုက်ခိုက်နေသည့် ကာလတွင် တစ်ဖက်နှင့် ညှိနှိုင်းဆွေးနွေးသည့် သဘောသဘာဝများ၊ တစ်ဖက်နှင့် တိုက်ခိုက်နေစဉ် အခြားတစ်ဖက်နှင့် မိတ်ဖက်ပြုထားသည့် အသွင်သဏ္ဌာန်များသည် အလုပ်မဖြစ်နိုင်သည့်အပြင် ယုံကြည်မှု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးတို့ကို ပွန်းပဲ့စေနိုင်သည်။ ၁၉၇၃ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရခေတ် မှတ်တမ်းအပိုင်း အစများကို ပြန်သုံးသပ်မိသည်။

၁၉၇၃ ခုနှစ် တော်လှန်ရေးကောင်စီခေတ်နှောင်းပိုင်း မြန်မာအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းခဲ့သည်။ ၁၉၆၃ ခုနှစ် မအောင်မြင်သော ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများအလွန် တော်လှန်ရေးကောင်စီ အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးနိုင်ရန် ထပ်မံဆောင်ရွက်ခဲ့သည့် ခြေလှမ်းဟုလည်း သတ်မှတ်နိုင်သည်။ အဆိုပါမှတ်တမ်းကို ၀ီကီလိခ်စာမျက်နှာပေါ်ရှိ ထိုင်းနိုင်ငံ၊ အမေရိကန်သံရုံးမှ ပေးပို့ခဲ့သည့် ကြေးနန်းစာတွင် ဖော်ပြထားသည်။

အဆိုပါ ၀ီကီလိခ်ပေါ်ရှိ ကြေးနန်းစာအရ ချင်း ဇိုမီးတော်လှန်ရေးတပ်ခေါင်းဆောင် ဂျင်မီတောင်ဇဒဲ (Jimmy Thang Za Dal)သည် ၁၉၇၃ ခုနှစ် မေ ၅ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ အမေရိကန်သံအရာရှိနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်ကြီးနေ၀င်း အနေဖြင့် ကရင်နီ၊ ကယား၊ ကရင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းထားကြောင်း ပြောကြားခဲ့သည်။ တော်လှန်ရေးကောင်စီ အစိုးရသည် ၁၉၇၃ ခုနှစ် မတ်လတွင် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့သို့ ကိုယ်စားလှယ်စေလွှတ်ကာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တစ်ဖွဲ့ချင်းစီကို သီးခြား ဖိတ်ကြား ကမ်းလှမ်းခဲ့သည်ဟုလည်း အသိပေးခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အမေရိကန်သံရုံးမှ ပေးပို့ခဲ့သော ကြေးနန်းစာအရ ဂျင်မီတောင်ဇဒဲ (Jimmy Thang Za Dal) သည် ၁၉၇၃ ခုနှစ် ဧပြီ ၃၀ ရက်မှ မေ ၄ရက်အထိ မယ်ဟောင်ဆောင်ရှိ ကရင်နီတော်လှန်ရေး အဖွဲ့စခန်းတွင် ကျင်းပခဲ့သည့် အစည်းအဝေးကို တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးကို ကရင်နီ၊ ကယား၊ ကရင်၊ ကချင်နှင့် ချင်း တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ တက်ရောက်ခဲ့သည်။ ယင်းအစည်းအဝေးတွင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များသည် တော်လှန်ရေးကောင်စီအစိုးရက အဆိုပြုခဲ့ သည့် ကနဦးအချက်သုံးချက်ကို သဘောတူခဲ့ကြသည်။

မြန်မာအစိုးရကအဆိုပြုခဲ့သည့် ကနဦး အချက်သုံးချက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လူသိရှင်ကြား တရားဝင်ကျင်းပရန်နှင့် လျှို့ဝှက်မကျင်းပရန်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မြန်မာနိုင်ငံ ပြင်ပတစ်နေရာတွင် ကျင်းပရန်၊ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းရင်းသားလူမျိုးစုများအားလုံး ပါဝင်ရန်တို့ဖြစ်သည်။ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းမှုနှင့်စပ်လျဉ်း၍ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၏ အစည်းအဝေးပွဲကို မယ်ဟောင်ဆောင်တွင် မေ ၆ ရက်မှ မေ ၁၂ ရက်အထိ ထပ်မံကျင်းပမည်ဖြစ်ပြီး အဆိုပါအစည်းအဝေးကို ရှမ်းတော်လှန်ရေးအဖွဲ့လည်း တက်ရောက်မည်ဖြစ်ကြောင်း ကြေးနန်းစာတွင် ဖော်ပြထားသည်။

အဆိုပါ ၀ီကီလိခ်ကြေးနန်းစာပါ ဖော်ပြချက်များအရ တော်လှန်ရေးကောင်စီအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကမ်းလှမ်းမှုသည် ငြိမ်းချမ်းရေးတည်ဆောက်ဖို့ထက် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် စစ်ရေးအရ ဆိုင်ထားသည့်ကာလတွင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များ၏ဖိအားကို လျှော့ချနိုင်ရန် ပရိယာယ်ကြွယ်ကြွယ် ဖော်ဆောင်ခဲ့သည့် ဗျူဟာတစ်ရပ်လည်း ဖြစ်နိုင်သည်။ သို့ရာတွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် စစ်စစ်မှန်မှန်၊ ထိထိရောက်ရောက် အကျိုးမပြုခဲ့ဟု သုံးသပ်နိုင်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကိုလည်း ရေရှည်အမြင်နှင့် ဖော်ဆောင်ခဲ့သည်ကိုလည်း မတွေ့ရှိရပေ။

၁၉၇၃ ခုနှစ် ၀န်းကျင်တွင် မြန်မာအစိုးရသည် တရုတ်နိုင်ငံက ဗမာပြည်ကွန်မြူနစ်ပါတီကို အထောက်အပံ့ပေးနေမှုနှင့်စပ်လျဉ်း၍ စိုးရိမ်မှုမြင့်မြင့်မားမား ရှိခဲ့သည်။တရုတ်နိုင်ငံအစိုးရသည် တရုတ်ကွန်မြူနစ်ပါတီက ဗမာပြည်ကွန်မြူနစ်ပါတီကို ကူညီထောက်ပံ့မှုများနှင့် စပ်လျဉ်း၍ အစိုးရနှင့်မသက်ဆိုင်သော ပါတီချင်းဆက်ဆံရေးအဖြစ် အကြောင်းပြခဲ့သည်။ စစ်နွေးကာလ အရှေ့နှင့် အနောက်အုပ်စု၊ လက်ဝဲနှင့် လက်ယာအုပ်စုတို့ စီးချင်းထိုးခဲ့သည့်ကာလတွင် တော်လှန်ရေးကောင်စီ အစိုးရနှင့် တပ်မတော်သည် တရုတ်နိုင်ငံနှင့် ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် အလွန်အမင်း စိုးရိမ်ခဲ့သဖြင့် ဗျူဟာအရ ထိုင်းနယ်စပ်တစ်လျှောက် တိုက်ပွဲများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြင့် အရှိန်ထိန်းထားနိုင်ရန် ရည်ရွယ်ခဲ့ပုံရသည်။ ဖဆပလ၊ တော်လှန်ရေးကောင်စီနှင့် တစ်ပါတီခေတ်အဆက်ဆက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် ထိရောက် အလုပ်မဖြစ်ခဲ့ပေ။ ၁၉၈၈ ခုနှစ်အလွန် တပ်မတော်အစိုးရလက်ထက် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အများစုနှင့် အပစ်အခတ်ရပ်စဲနိုင်ခဲ့သော်လည်း နိုင်ငံရေးပြဿနာများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးညှိနှိုင်းကာ သဘောတူညီမှုရရှိအောင် မဆောင်ရွက်နိုင်ခဲ့ပေ။

အချုပ်အားဖြင့်ဆိုသော် ယုံကြည်မှုတည်ဆောက်ရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့သည် ခေတ်ပြိုင် စိန်ခေါ်မှုများ၊ အကျပ်အတည်းများပင်ဖြစ်သည်။ အပြုတ်တိုက်ရေး၊ အပြန်အလှန်စွပ်စွဲအပြစ်တင်ရေး၊ ဟန်ပြဆွေးနွေးပွဲများ ကျင်းပရေးတို့ကို ကျောခိုင်းလျက် ငြိမ်းချမ်းရေးကို မဖြစ်မနေတည်ဆောက်နိုင်ရမည်ဟု မြင့်မြင့်မားမားယုံကြည်ပြီး အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များအကြား ပွင့်လင်းမြင်သာ၊ လွတ်လပ်သော နိုင်ငံရေးဆွေးနွေးပွဲများကျင်းပကာ အကြိတ်အနယ် ဆွေးနွေးအဖြေရှာနိုင်ရေး မဖြစ်မနေ မျက်မှောက်ပြုသင့်ပါကြောင်း တိုက်တွန်း တင်ပြလိုက်ရပါသည်။


ဒေါက်တာ ရန်မျိုးသိမ်း

Sources; Eleven Media Group

No comments:

Post a Comment