Latest News

Monday, January 16, 2017

၂၀၁၇ အိမ်ခြံမြေဈေးကွက် အကျဘက်မှာပဲ ရှိနေမလား

၂၀၁၇ အိမ်ခြံမြေဈေးကွက် အကျဘက်မှာပဲ ရှိနေမလား


၂၀၁၆ ခုနှစ်မှာ ဆောက်လုပ်ရေး လုပ်ငန်းတွေရပ်ဆိုင်းခဲ့မှု ဂယက်ဟာ မြန်မာ့စီးပွားရေး ကျဆင်းမှုအပေါ် အဓိကသက်ရောက်မှု ဖြစ်စေခဲ့ပါတယ်။ ကန်ထရိုက်တိုက် ဆောက်လုပ်သူအချို့ လိမ်လည်မှုနဲ့ အမှုဖွင့်ခံရတဲ့ ဖြစ်စဉ်တွေ ထွက်ပြေးတိမ်းရှောင်မှုတွေနဲ့ မြန်မာ့အိမ်ခြံမြေဈေးကွက်ဟာ ပြိုလုလု အခြေအနေ ဖြစ်ခဲ့သလို လက်ရှိမှာဆိုရင်လည်း ဆောက်လုပ်ရေး လုပ်ငန်းရှင်အများစုဟာ ကျပ်ဘီလျံရာနဲ့ချီပြီး ဘဏ်ချေးငွေတွေ ပေးဆပ်နေရပါတယ်။ ဒီလိုအခြေအနေတွေမှာ ရန်ကုန်မြို့ သစ်စီမံကိန်းကလည်းစတင်ဖို့ စိုင်းပြင်းလာတဲ့ အခြေအနေဖြစ်နေလို့ ၂၀၁၇ ခုနှစ်မှာ အိမ်ခြံမြေဈေးကွက်ဟာ အကျဘက်မှာ ရှိလာမလားဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ဒါ့အပြင် မြို့သစ်စီမံကိန်း ပေါ်ပေါက်လာမှာဖြစ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ မြေယူပြီး အခန်းတည်ဆောက်မှု စနစ်ကို Risk ယူပြီး တည်ဆောက်ခြင်း တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို သတိပေးခဲ့မှုကလည်း စိတ်ဝင်တစားစောင့်ကြည့်ရမယ့် အခြေအနေဖြစ်ခဲ့ပါတယ်။

လက်ရှိမှာ ချေးငွေတွေ တနင့်တပိုးနဲ့ လည်ပတ်နေရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဟာ ရန်ကုန်မြို့သစ် စီမံကိန်း စတင်ချိန်မှာ လက်ထဲရှိနေတဲ့ အိမ်ခြံမြေဈေးတွေ ကျသွားလို့ နစ်နာသွားရင်တောင်မှ အခြားတစ်ဖက်ကနေ ရန်ကုန်မြို့သစ်စီမံကိန်းမှာ ပါဝင်ခွင့်ရပြီး နစ်နာဆုံးရှုံးမှုတွေကို အစားထိုးစေချင်တဲ့ ဆန္ဒရှိနေပါတယ်။

“ထပ်ကျသွားဖို့ ရှိတာမရှိတာထက် အခုကတော့ ရပ်တန့်နေတဲ့ အနေအထား။ ထပ်ကျမလားဆိုတာ တိုင်းပြည်ရဲ့ စီးပွားရေးအပေါ် မူတည်တာ။ စီးပွားရေးကောင်းအောင် ဘယ်လောက်လုပ်နိုင်သလဲဆိုတာက အရေးကြီးတာ။ စီးပွားရေးကောင်းအောင် လုပ်နိုင်ရင် အိမ်ခြံမြေဈေးကွက်လည်း တက်လာမှာပဲ။ အိမ်ခြံမြေဆိုတာက ရိုးရိုးထမင်းတစ်ပွဲ ဟင်းတစ်ပွဲလို သွားဝယ်စားလို့ရတာ မဟုတ်ဘူးလေ။ ငွေကြေးအမြောက်အမြားပေးပြီး ၀ယ်မှရတာ။ လူတွေမှာ ပထမဦးဆုံး အရေးကြီးတာက စားတာ၊ ဒုတိယက ၀တ်တာ၊ ပြီးတော့မှ နေတာ။ တတိယအဆင့်က နေရေးကို နောက်ဆုံးမှပဲ လုပ်ကြတာ။ အဲဒီတော့ စီးပွားရေးမကောင်းရင် အိမ်ခြံမြေဈေးကွက် ကျလာမှာပဲ။ စီးပွားရေးကောင်းရင် အိမ်ခြံမြေဈေးကွက် တက်လာမှာပဲ။ ၂၀၁၆ မှာ ကျ တယ်။ ၂၀၁၇ မှာ ကောင်းအောင်လုပ်နေတယ်။ ဒါပေမဲ့ လက်ရှိလုပ်နေတဲ့ အခြေအနေသည် ၂၀၁၇ မှာ ကောင်းဖို့ အလားအလာ သိပ်မမြင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ တအားတွန်းလုပ်ပြန်တော့လည်း ဈေးကွက်က ပျက်နေတာကိုး။ အဲဒီတော့ ဈေးကွက်လေးလည်း ကောင်းအောင်၊ ၀ယ်တဲ့သူတွေကလည်း ၀ယ်ချင်လာအောင် ဖန်တီးမှုလေးလုပ်ပေးနိုင်မှသာ တက်လာမှာ။ အဲဒီ ဖန်တီးမှုကလည်း နည်းလမ်းတကျလုပ်နိုင်မှသာ တိုင်းပြည်ရဲ့ စီးပွားရေးကို လုပ်တဲ့အခါမှာလည်း အစိုးရက ဖွင့်ပေးလိုက်တော့လည်း ကုန်သည်တွေက မလုပ်ဘူးဆိုတာ။ ဆိုပါစို့ အခုဘူးသီးရှားလို့ စိုက်သူများရင် ဘူးသီးတွေလွှင့်ပစ်ရတဲ့ ဘ၀တောင်ရောက်တယ်။ Supply and Demand ဖြစ်အောင် ကုန်သည်တွေ လုပ်သာကိုင်သာ ရှိအောင် ဖန်တီးပေးရတာ။ တစ်ဖက်က စီးပွားရေးကောင်းလာတယ်။ လုပ်သားတွေ အလုပ်ရလာတယ်။ အဲဒါဆို ဒီဘက်က Consumption ဖြစ်လာရင် ထုတ်လုပ်တဲ့သူတွေ ရောင်းရတယ်။ အဲဒီလို လည်ပတ်မှုကို မှန်အောင်မလုပ်ရင်လည်း မတိုးတက်ဘူး။ မှန်အောင်လုပ်ဖို့ဆိုရင်လည်း စနစ်တကျတွေးပြီးတော့ ဘယ်ဟာကိုလုပ်မယ်။ ဘယ်ဟာကို တွန်းအားပေးမလဲပေါ့။ အခု အစိုးရကတော့ တွန်းအားပေးတဲ့စနစ်ကို လုပ်လာပြီ။ အရင်တုန်းကတော့ ချုပ်ကိုင်တဲ့စနစ်ပေါ့။ အခုတော့ ပြောင်းပြန်ဖြစ်လာပြီ။ ဒါပေမဲ့ တစ်ပြိုင်နက်ဖွင့်ပြီး တွန်းအားပေးတော့လည်း လူတွေက လန့်ပြီးတော့ မလုပ်ရဲဖြစ်တာပေါ့။ အဲဒီအပေါ်မှာ ချင့်ချိန်ပြီးတော့ ဘယ်လိုနည်းနဲ့ တွန်းအားပေးရင် ရွေ့မလည်းဆိုတဲ့ အရွေ့မှန်တဲ့ စနစ်တစ်ခုကို လုပ်ရမှာပေါ့။ အဲဒါဆိုရင် ၂၀၁၇ ခုနှစ် သို့မဟုတ် နှစ်လည်မှာ လုပ်ငန်းတွေ ပြန်လည်ကောင်းမွန်လာလိမ့်မယ်” လို့ တော်ဝင်ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးကိုကိုထွေးက ဆိုပါတယ်။

ပြည်သူတွေဘက်က ကြည့်မယ်ဆိုရင်လည်း အိမ်ပိုင်ဝိုင်းပိုင်နေနိုင်ရေး အိပ်မက်ဟာ ရန်ကုန်မြို့သစ်စီမံကိန်း စတင်ချိန်မှာ အစိုးရကသာ စနစ်တကျစီမံခန့်ခွဲပြီး တန်ဖိုးနည်းတိုက်ခန်းတွေ အများအပြားဆောက်လုပ်ပေးမယ်ဆိုရင်၊ တစ်ဧကမှာ ‘၄၃၅၆၀’ စတုရန်းပေရှိတာကြောင့် ပေ ၂၀ _ ပေ ၄၀ မြေကွက်တွေကို နေစရာမရှိတဲ့ ပြည်သူတွေအတွက် မြေဈေးရင်းနဲ့ ရောင်းချပေးမယ်ဆိုရင်၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ရဲ့ လက်ရှိလုပ်ဆောင်မှုဖြစ်တဲ့ ၁၀ နှစ် အထိ တန်ဖိုးနည်း အရစ်ကျ တိုက်ခန်းရောင်းချလာမှုတွေဟာ ခရိုနီတွေ ထိန်းချုပ်ထားလို့ အဆမတန်မြင့်နေတဲ့ မြေဈေးနှုန်းတွေကြောင့် အိမ်ပိုင်ဆိုင်ရေး အလှမ်းဝေးနေရာကနေ လက်ရှိမှာ အိမ်ခြံမြေပိုင်ဆိုင်ဖို့အတွက် အိပ်မက်မက်လာနိုင်တဲ့ အခြေအနေ ဖြစ်လာနေပြီလို့ ယူဆရမှာပါ။

အစိုးရအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ၂၀၁၆ ခုနှစ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်လို့ တုံ့နှေးသွားတဲ့ မြန်မာ့စီးပွားရေးကို ၂၀၁၇ ခုနှစ်မှာ ပြန်ပြီးဆွဲတင်ချင်တယ်ဆိုရင် ဆောက်လုပ်ရေးနဲ့ပဲ ပြန်အစပြုဖို့ ကြိုးပမ်းသင့်မှာဖြစ်ပြီး လက်ရှိဆောက်လုပ်ရောင်းချနေတဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို များများဆောက်လုပ်ဖို့၊ ကျူးကျော်တွေအတွက် နေစရာတွေပေးမယ်ဆိုတာကို မြန်မြန်အစပြုဖို့ လိုအပ်မှာဖြစ်သလို ရန်ကုန်မြို့သစ် စီမံကိန်းထဲမှာ ကျုးကျော်မဟုတ်တဲ့ အိမ်ခန်းငှားနေတဲ့ လူတန်းစားတွေအတွက်၊ ကိုယ်ပိုင်ခြံဝင်းနဲ့ နေချင်တဲ့ လူတန်းစားတွေအတွက် ကိုယ်ပိုင်ခြံဝင်းအိပ်မက်မက်ဖို့ မြေဈေးနှုန်းကို လက်ဝါးကြီးအုပ်ပြီး ဈေးကစားမယ့်သူတွေ လက်ထဲမထည့်မိဖို့နဲ့ တခြားတစ်ဖက်မှာ ရေးဆွဲနေပြီဆိုတဲ့ ပိုင်ဆိုင်မှုအခွန်ဥပဒေကို အမြန်ဆုံးထွက်ပေါ်လာအောင် အတည်ပြုပြီး  အိမ်ခြံမြေအများအပြားကို လက်ဝါးကြီးအုပ်ပြီး ထိန်းချုပ်ထားသူတွေဆီက အခွန်ရအောင် ကောက်နိုင်မယ်ဆိုရင် မြန်မာ့အိမ်ခြံမြေဈေးနှုန်းဟာ ပြည်သူတွေရော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေပါ ခုသာခံသာတဲ့ မြေဈေးနှုန်းအဖြစ် အသွင်ပြောင်းလာနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ အိမ်ခြံမြေဈေးကွက်ဟာ အခုလိုမျိုး အရောင်းအ၀ယ် တုံ့ဆိုင်းနေတဲ့ အခြေအနေမျိုးထက် ဈေးကျရင်ကျပါစေ အရောင်းအ၀ယ်ဖြစ်နေဖို့အတွက်ပဲ လိုအပ်နေတဲ့ အခြေအနေပါ။ ဒီလိုအခြေအနေတွေမှာ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းကလည်း အစိုးရဆီကမြေပေးပါ၊ ဘဏ်ချေးငွေတွေပေးပါ။ သူတို့အနေနဲ့ တန်ဖိုးနည်းတိုက်ခန်းတွေကို တစ်စတုရန်းပေကို ကျပ် ၂၃၀၀၀ နဲ့ ဆောက်လုပ် ရောင်းချပေးနိုင်ပါတယ်လို့ ကမ်းလှမ်းလာမှုတွေကြောင့်မို့ ၂၀၁၇ ခုနှစ်မှာ အိမ်ခြံမြေ ဈေးကွက်ဟာ အကျဘက်မှာ ရှိနေပြီးတော့ အရောင်းအ၀ယ် ပြန်လည်ဖြစ်ပေါ်လာမလား ဆိုတာကို တွေးတောစရာ ဖြစ်လာပါတယ်။

“အိမ်ရာလိုအပ်ချက်ကို အတတ်နိုင်ဆုံး အဆင်ပြေဆုံးဖြစ်အောင် ကြိုးစားပေးဖို့ ပြည် သူလူထုတင်မက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ Investor တွေ၊ ဘဏ်တွေနဲ့ အစိုးရ အားလုံးဟာ စိတ်တူကိုယ်တူနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတစ်ခုလုံးကို အတူတကွ ဆောင်ရွက်သွားရမယ့် လုပ်ငန်းစဉ်တစ်ခုဆိုတာ အားလုံးနားလည်သွားတဲ့ အနေအထားလေး ရောက်လာပါပြီ။ ပြည်သူလူထုအနေနဲ့ ကိုယ့်ဘက်က ပါဝင်လှုပ်ရှားပေးရမယ့် အပိုင်းတစ်ခုကတော့ ကိုယ့်အနေနဲ့ အိမ်ကိုလိုချင်တယ် ၀ယ်ချင်တယ် ဒါမှမဟုတ် သင့်တင့်တဲ့ ပတ်ဝန်းကျင်ထဲမှာ ငှားရမ်းနေမယ်ဆိုလည်းပဲ ကိုယ့်ဘက်ကအိမ်ရာနဲ့ ပတ်သက်တဲ့ စုဆောင်းငွေ လေးကတော့ မဖြစ်မနေ ရှိကိုရှိဖို့ လိုအပ်တယ်လို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်” လို့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က မန်နေဂျင်းဒါရိုက်တာ ဦးဝင်းဇော်က ပြောကြားထားပါတယ်။

စစ်တမ်းထဲက မြန်မာ့ဆောက်လုပ်ရေး ဈေးကွက်အခြေအနေ

မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းဟာ ၂၀၁၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလျံရှိခဲ့ပြီး နှစ်စဉ်တိုးတက်မှုနှုန်း ၁၀ ဒသမ ၄ ရာခိုင်နှုန်းရှိနေကာလာမယ့် ငါးနှစ်အတွင်း ဒေါ်လာ ၁၃ ဒသမ ၈ ဘီလျံအထိ တိုးတက်လာမယ်လို့ ကမ္ဘာ့နိုင်ငံပေါင်း ၈၅ ခုက ဆောက်လုပ်ရေး စက်မှုဈေးကွက်တွေအကြောင်း သုတေသန စာတမ်းတွေ လေ့လာရောင်းချတဲ့ CIC (Construction  Intelli-gence Center) ရဲ့ “Myanmar's Construc-tion Industry to reach US ၌  13.5 Billion in 2020 ”အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

CIC က ခန့်မှန်းရာမှာ ၂၀၁၁ ခုနှစ် ကနေ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးဆိုင်ရာတွေကို လေ့လာထားပြီး ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း တိုးတက်လာနိုင်တဲ့ အချက်အလက်တွေကို ဖော်ပြခဲ့ပြီး အစီရင်ခံစာမှာဆိုရင် မြန်မာနိုင်ငံ ရဲ့ ဦးဆောင် ဆောက်လုပ်ရေး ကုမ္ပဏီတွေနဲ့ သူတို့ရဲ့ ဆောက်လုပ်ရေး ဈေးကွက်တွေအကြောင်း လေ့လာတင်ပြထားတာပါ။

မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးဈေးကွက်ဟာ လာမယ့်ငါးနှစ်အတွင်း ဆက်လက်တိုးချဲ့လာမှာဖြစ်ပြီး နိုင်ငံရဲ့  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုပါ အကျိုးသက်ရောက်လာမှာ ဖြစ်ကြောင်းနဲ့ အများပြည်သူဆိုင်ရာ အခြေခံ အဆောက်အအုံတွေမှာ အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မြင့်တက်လာမယ်လို့ CIC က တွက်ဆထားပြီး အစိုးရက အိမ်ရာစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းမှုက ဆောက်လုပ်ရေးကဏ္ဍကို တိုးမြှင့်ပေးနိုင်မယ်လို့ သုံးသပ်ထားပါတယ်။ ဒီနေရာမှာ သုံးသပ်ချက်ကို ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ လက်ရှိအကောင်အထည်ဖော်ဆောင်နေတဲ့ အမျိုးသား သယ်ယူပို့ဆောင်ရေး မဟာဗျူဟာစီမံကိန်း၊ အမျိုးသား ပို့ကုန်မဟာဗျူဟာနဲ့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ရရှိရေး စီမံချက်ကာလတွေအတွင်း ဆောက်လုပ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်လာမှာတွေကို အဓိက တွက်ဆခဲ့တာ ဖြစ်ပါတယ်။

ဒီလိုတိုးတက်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ဆောက်လုပ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းတွေရဲ့ တိုးတက်မှုကို ဟန့်တားမှာက မြန်မာနိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့ ပွင့်လင်းမြင်သာမှု မရှိခြင်းတွေက ဆောက်လုပ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းတွေရဲ့ တိုးတက်မှုကို ဟန့်တားမယ် လို့  CIC က သုံးသပ်ခဲ့ပါတယ်။ ဒီသုံးသပ်ချက်က မှန်ကန်ခဲ့တယ်ဆိုတာကို ၂၀၁၆ ခုနှစ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့မှုက သက်သေပြခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုး ထပ်မဖြစ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

“စည်ပင်က ဒီနေရာမှာ သုံးထပ်ပဲလုပ်၊ ဒီနေရာမှာ ရှစ်ထပ်ပဲ ဆောက်ဆိုတာက              တကယ်တမ်းကျတော့ ဥပဒေမရှိဘူးလေ။ ဥပဒေမရှိတာကို ဆုံးဖြတ်တယ်။ ဒီနေရာကိုတော့ ပေးမဆောက်ဘူး။ ဒီနေရာကို ဘာလုပ်ရမယ်ဆိုတာပေါ့။ လူတွေက ဒီနေရာဆောက်ချင်လို့ ၀ယ်လိုက်တယ်။ ဒီနေရာ ဒါမဆောက် ရဘူးဆိုတော့ သူ့အရင်းအနှီး ပျောက်သွားတယ်။ ပျောက်သွားတဲ့အပြင်ကို သူက ဒုက္ခရောက်သွားတဲ့အတွက် ဘဏ်ကို ပြန်မဆပ်နိုင်၊ အခုဆို အတိုးတောင်မသတ်နိုင်တဲ့ ပြဿနာတွေ ရင်ဆိုင်လာရပြီ။ ကျွန်တော်ပြောချင်တာကတော့ ဒီဟာတွေကို အဲဒီလိုချုပ်ကိုင် နေမယ့်အစား အခုလောလောဆယ်မှာ လတ်တလော ပြဿနာလေးကို ဒီဆောက်လုပ်ရေး လုပ်ငန်းရှင် တော်တော်များများမှာ လက်ဝယ်မိနေတဲ့လူတွေ၊ အထူးသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်အသေးတွေ၊ တိုးလိုးတန်းလန်း ဖြစ်နေတဲ့သူတွေကို သူတို့အဆင်ပြေသွားအောင် လုပ်ပေးနိုင်တဲ့အထဲမှာ အစိုးရလည်းပါတယ်။ စည်ပင်လည်းပါတယ်။ အစိုးရကတော့ ဖြေရှင်းပေးမယ်ပြောတယ်။ စည်ပင်ကလည်း အဲဒီစေတနာထားပြီးတော့ လုပ်ပေးပြီးတော့ တစ်သုတ်ဖြေရှင်းလိုက်၊ နောက်မှာကျမှ ဥပဒေနဲ့အညီဆိုရင် ဥပဒေနဲ့ ဖြေရှင်းလိုက်” လို့ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌက ဆိုပါတယ်။



ရန်ကုန်အစိုးရ စီမံကိန်းတွေ

ကျူးကျော်တွေ အိမ်ခန်းပေးမယ်။ မြို့သစ်တွေဆက်ဆောက်မယ် ကြွေးကြော်သံနဲ့ တက်လာခဲ့တဲ့ လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက် ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးရေးအများနှင့် သက်ဆိုင်သောကုမ္ပဏီ၊ Bus-iness Capital City Development Ltd နဲ့ ရွှေသံလွင်ကုမ္ပဏီရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ ရွှေပုပ္ပါးအပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်တို့နဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်အထည်ဖော်ဖို့ စတင်တော့မှာ ဖြစ်ပါတယ်။ မကြာခင်လပိုင်းအတွင်းမှာ လွှတ်တော်ကို တင်ပြပြီး အစပြုတော့မယ့် ရန်ကုန်မြို့သစ် စီမံကိန်းအပြင် ရေနက်ဆိပ်ကမ်းစီမံကိန်းတစ်ခု၊ စီးပွားရေးဇုန်တစ်ခုပေါ်လာမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားပါတယ်။

“ကုမ္ပဏီသုံးခုက ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက တင်ဒါပစ်ခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး နည်းနည်းလေးဖြည့်ပြီး ကျွန်တော်ပြောလိုက်ချင်ပါတယ်။ ဒီလုပ်ငန်းကို လွှတ်တော်မှာ တစ်ကြိမ်တင်ပါတယ်။ အောင်မြင်ပါတယ်။ ပြီးခဲ့တဲ့လွှတ်တော်။ ဒီလွှတ်တော် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်း။ ပြီးတော့ ပြဿနာတွေဖြစ်ကြပြီးတော့ လက်ဦးမှု ရယူပြီး မြေတွေကို ရယူတယ်ဆိုတဲ့ သတင်းမီဒီယာတွေနဲ့ ပြည်သူလူထုကြားထဲက အသံတွေကြောင့် လွှတ်တော်မှာ ဒီလုပ်ငန်းကို ရပ်ဆိုင်းခဲ့ပါတယ်။ မြေဈေးကျသွားတာပေါ့ဗျာ။ ကျသွားတော့ နောင်တစ်ကြိမ် ဒီလုပ်ငန်းကို ပြန်လည်လုပ်ချင်ပါတယ်ဆိုပြီး နယ်မြေခံတွေက လုပ်ချင်ပါတယ်ဆိုတော့ ဒီလုပ်ငန်းကို လွှတ်တော်မှာ ပြန်အတည်ပြုပြီး ဒါလွှတ်တော်မှာ အတည်ပြုထားသော လုပ်ငန်းဖြစ်ပါတယ်။ ဒီလုပ်ငန်းကို လွှတ်တော်မှာ အတည်ပြုပြီးတော့ တင်ဒါပစ်ခဲ့ပါတယ်။ တင်ဒါအောင်မြင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အစိုးရတစ်ရပ် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ရှင်းရှင်းလင်းလင်းလေး ပြောချင်လို့ ဒီအကြောင်းအရာလေးကို ဆက်လိုက်တာပါ။ ကျွန်တော်တို့ဟာ မြေတွေကို ဒီကုမ္ပဏီသုံးခုကို ခွဲပေးဖို့ မရှိပါဘူး။ အစိုးရကပဲ တာဝန်ယူပြီးလုပ်မှာ  ဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေဟာ Infrastructure တွေပေါ့။ အခြေခံ အဆောက်အအုံတွေ လုပ်တဲ့နေရာမှာ ပါဝင်ခွင့်ရနိုင်မယ်။ အခြားလုပ်ချင်တဲ့ ကုမ္ပဏီတွေကိုလည်း ဒီလူတွေကနေ မဆောင်ရွက်လိုဘူးဆိုရင်လည်း ကျွန်တော်တို့ တင်ဒါတွေထပ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြေတွေကို အပိုင်းသုံးပိုင်းခွဲပြီး အပိုင်ယူပြီး ကိုယ့်ဘာသာကိုယ် ရောင်းစားကြ၊ ကိုယ့်ဘာသာကိုယ် မြေလျော်ကြဆိုတဲ့ အခြေအနေမျိုးနဲ့ ဒီမြို့သစ်စီမံကိန်းကြီးကို လုပ်မှာမဟုတ်ပါဘူး။ အစိုးရကနေ မြေဈေးကို ကြပ်ကြပ်မတ်မတ် ထိန်းညှိပြီး နိုင်ငံတကာမှာ စင်ကာပူလိုနိုင်ငံမျိုးတွေမှာ မြေကိုစနစ်တကျ တင်ဒါပစ်ပြီး စနစ်တကျ နိုင်ငံတော်ကပဲ တာဝန်ယူပြီးလုပ်တဲ့ပုံစံမျိုးနဲ့ပဲ ကျွန်တော်တို့ အစိုးရအဖွဲ့သစ်အနေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်မြို့ဟောင်းကို ကျွန်တော်တို့ စနစ်တကျထိန်းနိုင်ဖို့ဆိုရင် ကျွန်တော်တို့ မြို့သစ်စီမံကိန်းတွေ၊ နောက်ထပ် အထူးစီးပွားရေးဇုန်တွေ ကျွန်တော်တို့ အများကြီး ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” လို့  ဦးဖြိုးမင်းသိန်းက ပြောကြားပါတယ်။

အရင် အစိုးရလက်ထက်မှာ ဝေဖန်ခံရမှုများနှင့် ပွင့်လင်းမြင်သာမှု မရှိလုပ်ဆောင်ခဲ့တဲ့  ရန်ကုန်မြို့သစ် စီမံကိန်းနဲ့ပတ်သက်ပြီး လက်ရှိမှာ တင်ဒါအောင်ထားတဲ့ ကုမ္ပဏီတွေကို မြေခွဲပေးဖို့မရှိဘဲ အစိုးရက မြေဈေးကို ကြပ်မတ်ထိန်းညှိပြီး နိုင်ငံတကာမှာ စနစ်တကျ တင်ဒါပစ်မယ်။ နိုင်ငံတော်က တာဝန်ယူတဲ့ ပုံစံမျိုးနဲ့ စီမံကိန်းစတင်မယ်လို့  ဦးဖြိုးမင်းသိန်းက ပြောကြားပါတယ်။

“ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး မြေကို နိုင်ငံတော်ကပဲ တာဝန်ယူမှာ ဖြစ်ပါတယ်။ အခြေခံ အဆောက်အအုံတွေနဲ့ ဆောက်လုပ်ရမယ့်ပုံစံတွေ မြေတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တင်ဒါစနစ်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်တွေအားလုံး ပါဝင်နိုင်ဖို့အတွက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ လွှတ်တော်မှာ တင်နိုင်ဖို့လည်း ပြင်ဆင်နေပါတယ်။ ရန်ကုန်မှာ ရေနက်ဆိပ်ကမ်းတစ်ခု ပေါ်ပေါက်မှာ ဖြစ်ပါတယ်။ စီးပွားရေးဇုန်တစ်ခု ပေါ်ပေါက်ဖို့ ရှိပါတယ်။ ကြည့်မြင်တိုင်တစ် ဖက်ကမ်းမှာ မြို့သစ်စီမံကိန်းတစ်ခု ပေါ်ပေါက်ဖို့ ရှိပါတယ်။ ရန်ကုန်မြို့ရဲ့ အရှေ့၊ အနောက်၊ တောင်၊ မြောက်အားလုံးမှာ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့်အိမ်ရာတွေ တည်ဆောက်သွားဖို့ ရှိပါတယ်။ သေသေချာချာ လေ့လာဆန်းစစ်မှု လုပ်နေပါတယ်။ တန်ဖိုးနည်းအိမ်ရာဆိုရာမှာ အရည်အသွေး မပြည့်မီသောအိမ်ဖြစ်နေမှာ စိုးရိမ်ပါတယ်။ တန်ဖိုးသင့်ဆိုရာမှာ အသင့်အတင့်  တန်ဖိုးမြင့်ပြီးတော့ တန်ဖိုးမြင့်ကသာ အရည်အသွေးမြင့်သော အိမ်ဆိုတာမျိုးမဟုတ်ဘဲ ရောနှောတည်ဆောက်တဲ့ပုံစံမျိုးကို ကျွန်တော်တို့ လေ့လာဆန်းစစ်မှု လုပ်နေပါတယ်။ ဒီလေ့လာမှုပြီးရင် ဒီပုံစံနဲ့ ဆောက်လုပ်ရေးလုပ်ငန်း ရှင်အားလုံးကို ခေါ်မှာပါ။ စီမံကိန်းတွေကိုလည်း ရှင်းလင်းမှာပါ။ ကျွန်တော်တို့ သတင်းအချက်အလက်တွေကိုလည်း ကြိုပေးထားမှာပါ။ ဘာကြောင့် ကြိုပေးထားလဲဆိုတော့ မြေလက်ဦးမှုမဖြစ်ဖို့အတွက် သတင်းထုတ် ပြန်ထားမှုကိုတော့ လုပ်ထားပြီး ဖြစ်ပါတယ်။ အသေးစိတ် ကျွန်တော်တို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဆောင်ရွက်ပြီးသွားရင် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေအတွက် အကောင်းဆုံး အခွင့်အလမ်းရမှာ ဖြစ်ပါမယ်။ မြေနဲ့ ပတ်သက်တဲ့ အခြေအနေတစ်ခုဟာ ရန်ကုန်မှာ အိမ်ခြံမြေဈေးကွက်ဟာ မြေတန်ဖိုးကြီးမားတဲ့အတွက် အခက်အခဲကြုံနေရတဲ့ အခြေအနေ ရှိပါတယ်။ မြေကိုယူပြီးတော့  အခန်းတည်ဆောက်မှုစနစ်နဲ့ Risk ယူပြီးတော့ လုပ်တာမျိုးကိုတော့ တတ်နိုင်သမျှ ရှောင်ပါလို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်” လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ် ။

ပိုင်ဆိုင်မှုအခွန်ဥပဒေ ပြဋ္ဌာန်းတော့မှာလား

Property Tax လို့ခေါ်ဆိုတဲ့ ပိုင်ဆိုင်မှု အခွန်ကောက်ခံဖို့အတွက်လား လက်ရှိမှာဆိုရင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်က လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။

ပိုင်ဆိုင်မှုအခွန်ဆိုရာမှာ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ကောက်ခံနေတဲ့ နိုင်ငံအများအပြား ရှိနေပါတယ်။ ကနေဒါ၊ ချီလီ၊ ဒိန်းမတ်၊ ဂရိ၊ ဟောင်ကောင်၊ ဂျမေကာ၊ အိန္ဒိယ၊ အိုင်ယာလန်၊ လူဇင်ဘတ်၊ နယ်သာလန်၊ အင်္ဂလန်၊ အမေရိကန်၊ အီဂျစ် စတဲ့နိုင်ငံတွေ အပြင် တခြားသော နိုင်ငံတွေမှာလည်း ကောက်ခံနေပါတယ်။ ဒီနေရာမှာ နိုင်ငံအလိုက် ပိုင်ဆိုင်မှုအခွန်အပေါ်မှာ အခေါ်အဝေါ်ကွာဟမှုနဲ့ ကောက်ခံမှုပုံစံတွေကွာခြားတာ တွေ့ရပေမယ့် ရည်ရွယ်ချက်ကတော့ အိမ်ခြံမြေအပေါ်မှာ ဈေးကစားမှုတွေကို ထိန်းချုပ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုဈေးကစားခြင်းကို ထိန်းချုပ်ရာမှာ အိမ်တစ်လုံးပိုင်ရင် ပိုင်ဆိုင်မှုအပေါ် ပုံမှန်အခွန်အခတွေ နှစ်စဉ်ကောက်သလို နောက်ထပ်အိမ်တစ်လုံး ထပ်ဝယ်ရင်လည်း နောက်ထက်အိမ်အပေါ်မှာ အခွန်နှစ်စဉ်တိုး မြှင့်ကောက်ခံမှုတွေ ပြုလုပ်လေ့ရှိပါတယ်။

ဒေသတွင်းနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံမှာဆိုရင် အိမ်ခြံမြေဈေးကစားမှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ၀ယ်တဲ့အခါမှာရော ရောင်းတဲ့အခါမှာပါ အခွန်ကောက်ခံပါတယ်။ ၀ယ်တဲ့အခါမှာ အိမ်တစ်လုံးပိုင်ပြီးသားလူက နောက်ထပ်အိမ်တစ်လုံး ထပ်ဝယ်ရင် အခွန်ဘယ်လိုကောက်မယ်။ နောက်ထပ်အိမ်နှစ် လုံးဝယ်မယ်ဆိုရင် အခွန်ဘယ်လို တိုးကောက်မယ်ဆိုတဲ့ ပိုင်ဆိုင်မှုများရင် များသလို ကောက်ခံတဲ့ မူဝါဒနဲ့ပိုင်ဆိုင်မှု အခွန်ကောက်ခံပြီး ပြန်ရောင်းတဲ့အခါမှာလည်း ၀ယ်ပြီးတစ်နှစ်အတွင်း ပြန်ရောင်းရင် ဘယ်လောက်အခွန်ကောက်ခံပြီး နှစ်နှစ်အတွင်း ပြန်ရောင်းရင် အခွန်ဘယ်လောက် လျှော့ကောက်မယ်ဆိုတဲ့ပုံစံနဲ့ အိမ်ခြံမြေ၀ယ်ပြီး ချက်ချင်း ပြန်ရောင်းမှုကို ကာကွယ်နိုင်ဖို့ ပိုင်ဆိုင်မှုအခွန် ကောက်ခံတာကို တွေ့ရပါတယ်။

“စင်ကာပူမှာဆိုရင် ၂၀၁၀ နောက်ပိုင်းမှာ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ချင်တော့ ဘယ်လိုလုပ်သလည်းဆိုရင် အိမ်တစ်လုံးပိုင်ထားသူက နောက်ထပ်အိမ်တစ်လုံးဝယ်မယ်ဆိုရင် အခွန်အခတွေပေးရပြီး တတိယတစ်လုံး ထပ်ဝယ်မယ်ဆိုရင် အခွန်အခတွေ ပိုတိုးပြီးပေးရတယ်။ ဒီလိုပေးရတဲ့အတွက် အိမ်ခြံမြေ ဈေးကွက်ထဲမှာ ဈေးကစားချင်သူတွေ လျော့နည်းသွားတယ်။ အဲဒါက ၀ယ်ခွန်ပေါ့။ နောက်ပြီး ရောင်းခွန်အနေနဲ့ဆိုရင် ချက်ချင်းဆိုရင် ၁၆ ရာခိုင်နှုန်းကို ရောင်းခွန်အနေနဲ့ ပြန်ပေးဆောင်ရတယ်။ ပထမနှစ်မှာဝယ်ပြီး ပြန်ရောင်းမယ်ဆိုရင် အခွန်က ၁၆ ရာခိုင်နှုန်းပေးရတယ်။ ဒုတိယနှစ်မှာဆိုရင် ၁၂ ရာခိုင်နှုန်း ပေးရတယ်။ တတိယနှစ်မှာဆိုရင် ရှစ်ရာခိုင်နှုန်း ပေးရတယ်။ အဲဒီလို ချက်ခြင်းဝယ် နောက်သုံးလလောက်ကြာရင် အမြတ်တင်ပြီး ပြန်ရောင်းပြီးတော့ ဈေးကစားချင်သူတွေကို လျှော့ချလိုက်တာပေါ့။ အဲဒီလို လုပ်လိုက်တော့ ဈေးကစားချင်သူတွေကို ပြန်ပြီးတော့ ထိန်းလို့ရသွားတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို လုပ်လို့ရပါတယ်။ စောစောက ပြောသလို ၀ယ်မယ်ဆိုရင် လူတစ်ယောက်မှာ အရင်ပိုင်ဆိုင်မှုရှိပြီးသားလား မရှိသေးဘူးလားဆိုတာ စိစစ်ရမယ်။ ရှိပြီးသားကို ထပ်ဝယ်မယ်ဆိုရင် အခွန်အခတွေ ထပ်ပေးရမယ်။ ဒုတိယအကြိမ်ဝယ်မယ်ဆိုရင် တတိယအိမ် ၀ယ်မယ်ဆိုရင် အခွန်ထပ်တိုး၊ စတုတ္ထအိမ် ၀ယ်မယ်ဆိုရင် အခွန်ထပ်တိုးတာမျိုးတွေ လုပ်သင့်တယ်။ ဒီလို ပိုင်ဆိုင်မှုအခွန်ပြဋ္ဌာန်း လိုက်ပြီဆိုရင်လည်း ဥပဒေကို လက်တစ်လုံး ခြားလုပ်တဲ့အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလို ဖြစ်လာပြီဆိုရင် စစ်ဆေးရမယ်။ မေတ္တာနဲ့ ပေးတယ်ဆိုရင် ဘယ်လိုမေတ္တာလဲ။ အထောက်အထား ခိုင်လုံရဲ့လားပေါ့။ မေတ္တာနဲ့ ပေးတာဆိုရင် မိဘနဲ့ သားသမီးကို ပေးတာလား။ မောင်နှမချင်း ပေးတာလားပေါ့။ ဆွေမျိုးမတော်စပ်ရင် အိမ်ခြံမြေကို မေတ္တာနဲ့ ပေးလို့မရဘူးဆိုတာမျိုး၊ ဆွေမျိုးအရမ်း ဝေးသွားရင် မေတ္တာနဲ့ ပေးလို့မရဘူးဆိုတာမျိုးနဲ့ ပြန်လည်ပြီးတော့ ထိန်းချုပ်ရပါမယ်” လို့ ပြည်တွင်းအိမ်ခြံမြေ၀က်ဘ်ဆိုက်ဖြစ်တဲ့  iMyanmar House.com.mm ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူက သုံးသပ်ပြောကြားပါတယ်။

လက်ရှိ ပိုင်ဆိုင်မှုအခွန်ကို ပြည်ထောင်စုအစိုးရကပဲ ဥပဒေပြဋ္ဌာန်းပြီး ကောက်ခံ ကောက်ခံ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ကပဲ ဥပဒေပြဋ္ဌာန်းပြီး ကောက်ခံ ကောက်ခံ အမြန်ဆုံး ဥပဒေပြဋ္ဌာန်းပြီး ကောက်ခံသင့်တယ်လို့ ယခင်အစိုးရလက်ထက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဥပဒေပညာရှင် ဒေါက်တာညိုညိုသင်းက သုံးသပ်ပါတယ်။

ဒါ့အပြင် ပြည်သူရွေးချယ်ထားတဲ့ ပြည်သူ့ အစိုးရလက်ထက်မှာပဲ ဒီလိုဥပဒေက ပြဋ္ဌာန်းမှာဖြစ်ပြီး ကျန်တဲ့ အစိုးရတွေသာဆို ဒီလို ဥပဒေမျိုးပြဋ္ဌာန်းဖို့  ခက်ခဲမယ်လို့လည်း ဆက်လက်သုံးသပ်ပါတယ်။

“ပိုင်ဆိုင်မှုအခွန်ကတော့ ကောက်ခံတာက ကောင်းတာပေါ့။ ငွေမည်းတွေကို အလိုလိုနေရင်း ကာကွယ်ပြီးသား ဖြစ်သွားမယ်။ နောက်ပြီးတော့ လူတွေရဲ့ ပိုင်ဆိုင်မှုကို ရှင်းရှင်းလင်းလင်း သိပြီးတော့ နိုင်ငံတော်မှာ လိုအပ်တဲ့ ပညာရေးနဲ့ ကျန်းမာရေးအခွန်ကို ပိုင်ဆိုင်မှုကရတဲ့ အခွန်ကနေ သုံးစွဲနိုင်မယ်။ ပြီးခဲ့တဲ့ ခေတ်ကာလတောက်လျှောက်မှာ  ဥပဒေနဲ့မညီတဲ့ ပိုင်ဆိုင်မှုကို ပိုင်ဆိုင်သူတွေ မြန်မာနိုင်ငံမှာ အများကြီးရှိခဲ့တယ်။ အဲဒါတွေက ငြင်းလို့မရဘူး။ ပြည်သူ့အစိုးရ ဖြစ်လာတဲ့အချိန်မှာ အခွင့်အလမ်းကောင်းအနေနဲ့ အမြန်ဆုံး အကောင်အထည် ဖော်သင့်တာပေါ့။ တခြားအစိုးရလက်ထက်မှာဆို လုပ်ဖို့ခက်လိမ့်မယ်။ အခုဟာက ပြည်သူ့အစိုးရ ရှိနေတဲ့အချိန်၊ လူထုထောက်ခံမှုရထားတဲ့ အချိန်မှာ ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အခွန်ကောက်တယ်ဆိုတာ အင်မတန်ကို ဖြစ်သင့် ဖြစ်ထိုက်ပါတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စလည်းဖြစ်ပါတယ်။ အရင်တုန်းကဆို ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရတွေကပဲ ကောက်ခံခွင့်ရရှိထားတဲ့ အခွန်တွေကို ပြည်ထောင်စုအစိုးရက ကောက်ခံခဲ့တာတွေ ရှိတယ်။ ပြည်ထောင်စု အစိုးရအတွက် အခွန်ဦးစီးက ကောက်ပြီးတော့ ပြည်ထောင်စုကို လွှဲပေးတယ်။ အဲဒီတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့က မရဘူး။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရက ကောက်သလိုလို ပြည်ထောင်စုအစိုးရက ကောက်သလိုလိုနဲ့ အခွန်တိမ်းရှောင်မှုတွေလည်း အများကြီးရှိတယ်။ ဒါ့ကြောင့်မို့ အခွန်တိမ်းရှောင်မှုတွေလည်း မဖြစ်အောင်၊ ဥပဒေနဲ့အညီ ပိုင်ဆိုင်မှုတွေလည်းဖြစ်အောင် တကယ့်ကို ပြည်သူလူထုရဲ့ လိုအပ်ချက်ကို အခွန်နဲ့လည်း ဖြည့်ဆည်းပေးနိုင်အောင် ပိုင်ဆိုင်မှုအခွန်စနစ်ကို ပြည်ထောင်စုအဆင့်အနေနဲ့ မဖြစ်နိုင်သေးရင်တောင်မှ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်မှာ ဥပဒေတွေပြဋ္ဌာန်းပြီးတော့ အမြန်ဆုံး ကောက်ခံသင့်တာပေါ့။ ပြည်ထောင်စု အဆင့်အနေနဲ့ တစ်ပြေးညီ ကောက်ခံမယ်ဆိုရင် အကောင်းဆုံးဆိုပေမယ့် အန်တီအတွေ့အကြုံအရ မြေဈေးက တစ်နေရာနဲ့ တစ်နေရာ ဒေသတစ်ခုနဲ့ တစ်ခုမတူဘူး။ ရန်ကုန်မှာ ကောက်တဲ့အခွန်နှုန်းနဲ့တောမှာ ကောက်တဲ့ အခွန်နှုန်းတူနေမယ်ဆိုရင် နိုင်ငံတော်အတွက် နစ်နာမယ်။ ဒီတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေက မိမိတို့ဒေသနဲ့ ကိုက်ညီတဲ့ မြေခွန်တွေ၊ ပိုင်ဆိုင်မှုအခွန်တွေ၊ ကားခွန်တွေကို စနစ်တကျကောက်ခံဖို့ လိုမှာဖြစ်ပါတယ်။ အဲလို ကောက်ခံရာမှာလည်း လာဘ်ပေးလာဘ်ယူမှုတွေ မဖြစ်ဖို့ တားမြစ်ချက်ကို အပြစ်ပေးအရေးယူဖို့တွေကို ဥပဒေထဲမှာ ထည့်သွင်းပြဋ္ဌာန်းဖို့ကလည်း အင်မတန် အရေးကြီးပါတယ်” လို့ ဒေါက်တာညိုညိုသင်းက သုံးသပ်ပါတယ်။

ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံက မြင့်မားနေတဲ့ မြေဈေးနှုန်းကို သင့်လျော်တဲ့ ဈေးနှုန်းတစ်ရပ်ဖြစ်အောင် ထိန်းညှိဆောင်ရွက်ဖို့ ယခင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ လက်ရှိ  ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဦးသိန်းစိန် အစိုးရ လက်ထက်မှာသမ္မတရုံး (၂) ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က “မြေဈေးနှုန်း သတ်မှတ်ခြင်းကို ယခင်က အခွန်ဦးစီးမှူးတစ်ဦးတည်းက ဆုံးဖြတ်ခဲ့ပေမယ့် ယခုအခါမှာ အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်၊ ရပ်မိရပ်ဖနဲ့ အခွန်ဦးစီးမှူးတွေပါဝင်တဲ့ ငါးဦးကော်မတီနဲ့ ဆုံးဖြတ်သတ်မှတ်ပေးနေကြောင်းနဲ့ မြေယာတွေကို အများအပြား ပိုင်ဆိုင်ထားပြီး မြေတွေကို ကုန်စည်တစ်ခုလို ရောင်းဝယ်ပြီး မြေဈေးနှုန်း မတည်မငြိမ်ဖြစ်အောင် မြေဈေးကစားနေသူတွေအတွက် နိုင်ငံတကာမှာ ပိုင်ဆိုင်မှု ခွန်ကောက်ခံတဲ့ နည်းစနစ်တွေကို လေ့လာပြီး ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသအလိုက် လုပ်ငန်းရှင်ကြီးတွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ အပြန်အလှန် ဆွေးနွေးပြီး ဒေသအလိုက်ကိုက်ညီတဲ့ ပိုင်ဆိုင်ခွန် အခွန်ကောက်စနစ်တစ်ခု အမြန်ပေါ်ပေါက်လာစေဖို့ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များကို အကြံပြုသွားမှာဖြစ်ပြီး ဥပဒေပြုရန်လိုအပ်ပါက ဘဏ္ဍာရေးဝန်ကြီးဌာန (လက်ရှိ-စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန) က ဆောင်ရွက်သွားမယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီလို ယခင်အစိုးရလက်ထက်မှာ ဆွေးနွေးလုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းတွေ အများကြီးရှိနေပြီး လက်ရှိအစိုးရအနေနဲ့ ယခင်အစိုးရလက်ထက်က လုပ်ဆောင်ခဲ့တဲ့ ပြည်သူ့အတွက် ဖြစ်သင့်တဲ့လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်သင့် မသင့်ဆိုတာကလည်း ဆက်လက်ဆွေးနွေးစရာ ဖြစ်လာမှာပါ။

ဦးဖြိုးမင်းသိန်းရဲ့ ဆွေးနွေးမှုအပြင် “နိုင်ငံသားတစ်ဦးချင်း ပိုင်ဆိုင်မှု မြောက်မြားစွာထားရှိနေခြင်းကို ထိန်းချုပ်ဖို့အတွက် နိုင်ငံတော်ကို အခွန်နှစ်စဉ်ပေးသွင်းရတဲ့ ပိုင်ဆိုင်မှုအခွန် (Property Tax) ထည့်သွင်းရေးဆွဲသင့်တယ်လို့ လက်ရှိရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်စန္ဒာမင်းက ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က ပြည်ထောင်စုလွှတ်တော်မှာ အကြံပြု ပြောကြားခဲ့ပါတယ်။

အကြံပြုရခြင်း အကြောင်းရင်းကတော့ ၂၀၁၅-၂၀၁၆ ခုနှစ် ပထမခြောက်လပတ် အမျိုးသားစီမံကိန်း ဆောင်ရွက်မှု အစီရင်ခံစာအပေါ် ပြည်ထောင်စုလွှတ်တော်က စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ စိစစ်တွေ့ရှိချက် အစီရင်ခံစာနှင့် ပတ်သက်ပြီး ဆွေးနွေးရာမှာ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

ဒေါ်စန္ဒာမင်းက “ဒီစနစ်ကို ထည့်သွင်းရေးဆွဲမှသာ မိမိဝင်ငွေရလမ်းမဖော်ပြနိုင်ဘဲ ပိုင်ဆိုင်ထားမှုအလိုက် နှစ်စဉ်နိုင်ငံတော်ကို အခွန်ပေးဆောင်စေခြင်းဖြင့် နိုင်ငံသားတစ်ဦးချင်းစီ ပိုင်ဆိုင်မှုမြောက်မြားစွာထား ရှိနေခြင်းကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်” လို့ ဆွေးနွေးပြောဆိုခဲ့ပါတယ်။

မြေဈေးနှုန်းတွေ ထိန်းချုပ်ဖို့ ပြောဆိုခဲ့တဲ့ ဦးဖြိုးမင်းသိန်းနဲ့ ဒေါ်စန္ဒာမင်းတို့ နှစ်ဦးစလုံးဟာ ဦးဖြိုးမင်းသိန်းက လက်ရှိအစိုးရ လက်ထက်မှာ ရန်ကုန်တိုင်းဒေသကြီးဝန် ကြီးချုပ်ဖြစ်လာခဲ့ပြီး ဒေါ်စန္ဒာမင်းကတော့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။ လက်ရှိတည်ဆဲဥပဒေအရ ပိုင်ဆိုင်မှု အခွန်ကောက်ခံခွင့်ဟာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ပါဝင်နေတာဖြစ်လို့ ပြည်ထောင်စု အဆင့်မှာ ပိုင်ဆိုင်မှုအခွန်မကောက်ခံတဲ့ ဥပဒေ မပြဋ္ဌာန်းဘူးဆိုရင်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ လွှတ်တော်ဟာ ကမ္ဘာ့မြေဈေး အမြင့်ဆုံးနိုင်ငံတွေမှာပါနေတဲ့ ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးနှုန်းကို ထိန်းချုပ်ဖို့  ပိုင်ဆိုင်မှုအခွန်ပြဋ္ဌာန်းနိုင်ရေး လုပ်ဆောင်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

“ပိုင်ဆိုင်မှုအခွန်ကောက်ခံတဲ့ ဥပဒေတွေ၊ လက်ဝါးကြီးအုပ်မှု ကာကွယ်ရေးဥပဒေတွေ ယှဉ်ပြိုင်မှုဥပဒေတွေ ပြဋ္ဌာန်းပြီးရင်လည်း ဥပဒေပြဋ္ဌာန်းရုံနဲ့မရဘဲနဲ့ အဲဒီဥပဒေတွေ အကျိုးသက်ရောက်မှုရှိအောင် ဆက်တိုက်လုပ်နိုင်ဖို့ လိုတယ်။ ဥပမာဆိုရင် ပိုင်ဆိုင်မှု အခွန်ဥပဒေပြဋ္ဌာန်းလိုက်ပြီ။ အဲဒီမှာ မော်တော်ကားပဲဖြစ်ဖြစ်၊ ခြံပဲဖြစ်ဖြစ် ၀ယ်လိုက်ပြီ။ ဒါပေမဲ့ နာမည်မပြောင်းဘူး။ လူ ၁၀၀ လောက်ကနေ ပိုင်ဆိုင်မှုအဆင့်ဆင့် ပြောင်းသွားမယ်ဆိုရင် နိုင်ငံတော်အတွက် ဘယ်လောက်တောင် နစ်နာမလဲဆိုတာ စဉ်းစားသာကြည့်တော့လေ။ နောက်တစ်ခါ ကုန်သွယ်လုပ်ငန်းခွန်ပေးမယ်ဆို ပေးသူအတွက် နိုင်ငံတော်ကနေ ကြည့်ရှုစောင့်ရှောက်တဲ့  စနစ်ကလည်း လိုအပ်တာပေါ့။ ၀င်ငွေခွန်ဆိုရင်လည်း အတိအကျမကောက်သေးဘူး။ တစ်ဦးချင်း ဒေါ်လာသန်းနဲ့ချီဝင်နေတဲ့သူ တွေဆီကလည်း မကောက်နိုင်သေးတဲ့ အခြေအနေ။ ဒါက ခက်တာက ကျွန်တော်တို့တိုင်းပြည်မှာ စစ်အစိုးရတက်လာပြီးတော့ သယံဇာတ ပစ္စည်းတွေကို ရောင်းစားတဲ့အကျင့်က သူတို့မှာစွဲနေတယ်။ ကျွန်တော်တို့မှာ အခွန်စနစ်က မှန်မှန်ကန်ကန်လုပ်ဖို့လိုနေတယ်။ အခွန်ထမ်းသူကို ဦးစားပေးတာမျိုး နိုင်ငံတော်က မလုပ်နိုင်သရွေ့ကတော့ မြန်မာနိုင်ငံ နာလန်ထူလာမယ်လို့ မမြင်ဘူး” လို့ နိုင်ငံရေး သိပ္ပံပညာရှင် ဒေါက်တာမင်းညိုက သုံးသပ်ပါတယ်။

အိမ်၊ ခြံ၊ မြေနဲ့ ကား စတဲ့ ပိုင်ဆိုင်မှုတွေ အပေါ် ပိုင်ဆိုင်မှုအခွန်ကောက်ခံမှု မရှိခြင်းနဲ့ ပတ်သက်ပြီး သက်ဆိုင်သူတွေက ဘာအတွက်ကြောင့် အခွန်ကောက်ခံမှု မရှိဖြစ်နေလဲ ဆိုတာနဲ့ လုပ်ငန်းလုပ်ကိုင်မှုမရှိတဲ့ စက်မှုဇုန် မြေကွက်လွတ်တွေကို ဘာလို့ပြန်လည်သိမ်းဆည်းမှု မရှိတာလဲလို့ စီးပွားရေးပညာရှင်တွေနဲ့ စုဖွဲ့ထားတဲ့ မေခဆောင်ဖောင်ဒေးရှင်း ဥက္ကဋ္ဌနဲ့ စီးပွားရေးသုတေသီ ဒေါက်တာမြင့်ဆန်းက မေးခွန်းထုတ်ထားပါတယ်။

“မြေတွေပိုင်တာ ဘယ်သူတွေပိုင်တာလဲ။ လူကြီးမင်းတို့အသိဆုံးပါ။ ပိုင်ဆိုင်မှုအပေါ်မှာ အခွန်ကောက်ဖို့လိုတယ်။ Property Tax လို့ခေါ်တယ်။ မြေတစ်ကွက်ပိုင်ရင် လျှော့ကောက်ပေါ့။ အဲဒါ သူနေဖို့။ အိမ်တစ်လုံးပဲပိုင်ရင် သူနေဖို့။ မြေနှစ်ကွက်ပိုင်ရင် ပိုကောက်ရမှာပေါ့။ သုံးကွက်ပိုင်ရင် များများကောက်။ အိမ်တစ်လုံးပဲပိုင်ရင် နည်းနည်းကောက်၊ နှစ်လုံးပိုင်ရင် ပိုကောက်၊ သုံးလုံးပိုင်ရင် များများကောက်။ ကားတစ်စီးပဲပိုင်ရင် နည်းနည်းကောက်။ နှစ်စီးပိုင်ရင် ပိုကောက်။ သုံးစီးပိုင်ရင် များများကောက်။ အဲဒီလို အချိုးကျ ပိုင်ဆိုင်မှုများလေလေ အခွန်တိုးကောက်မယ်ဆိုရင် ဘဏ္ဍာငွေအများကြီး ရလာမယ်။ ဘာကြောင့် မကောက်သလဲဆိုတာ သက်ဆိုင်ရာပုဂ္ဂိုလ်များပဲ မေးဖို့ကောင်းပါတယ်” လို့ ဒေါက်တာမြင့်ဆန်းက ဆိုပါတယ်။

အကြွေးတွေကြားက ဆောက်လုပ်ရေးလောကနဲ့ တစ်ပေပတ်လည် ကျပ် ၂၃၀၀၀ တန်ဖိုးနည်းတိုက်ခန်း

ပြီးခဲ့တဲ့နှစ်က ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် ပြည်တွင်းဘဏ်တွေက ကျပ် နှစ်ထရီလျံကျော် ထုတ်ချေးပေးခဲ့ရတယ်လို့ မေခဆောင်ဖောင်ဒေးရှင်း နာယကနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒါရိုက်တာ ဒေါက်တာလှမောင်က ပြောကြားထားပါတယ်။

“ဗဟိုဘဏ်ဆိုတာ စကားအနည်းဆုံး ပြောရတဲ့ဌာနပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က နည်းနည်းလေးပြောလိုက်ရင် လုပ်ငန်းရှင်တွေက အတိတ်ယူပြီးတော့ အမြတ်တွေ အများကြီး ယူသွားပါလိမ့်မယ်။ အမေရိကန်တို့ အင်္ဂလန်တို့မှာဆို အတိတ်ပေးတဲ့ စကားမျိုးပြောလို့ အဲဒီအရာရှိတွေ ခဏခဏ အဖမ်းခံရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ်တွေ  စုစုပေါင်းရဲ့ ၂၀၁၆ မတ် ၃ ရက်မှာရှိတဲ့  ချေးငွေတွေမှာ ဒုတိယအများဆုံးရှိတာက ဆောက်လုပ်ရေးနဲ့ အိုးအိမ် တည်ဆောက်ရေးအတွက် ချေးတာပါ။ နှစ်ထရီလျံကျော်ရှိပါတယ်” လို့ ဒေါက်တာလှမောင်က ဆိုပါတယ်။

လက်ရှိအခြေအနေမှာဆိုရင် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက အကြွေးတွေ အတိုးတွေနဲ့ လည်ပတ်နေရတာဖြစ်လို့ တောင့်ခံနိုင်မှု မရှိတဲ့သူတွေကတော့ ပြိုကျမယ့် အခြေအနေဖြစ်နေတယ်လို့ တော်ဝင်ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးကိုကိုထွေးက ဆိုပါတယ်။

“လက်ရှိ အခက်အခဲဖြစ်နေတာတွေက နောက်ထပ်သုံးလနဲ့လည်း မပြေလည်သေးဘူး။ ခြောက်လနဲ့လည်း မပြေလည်သေးဘူး။ မဖြစ်နိုင်သေးတာကို ဖြစ်အောင်ဘယ်လိုလုပ် ရမလဲဆိုတာကို ကြိုးစားရမှာ။ အခုလောလောဆယ်ကို မရပ်တည်နိုင်တာဖြစ်နေပြီ။ လာမယ့်သုံးလမှာ ဘယ်သူတွေဘယ်လို ဖြစ်လာမလဲဆိုတာ စာရင်းကောက်မထားတော့ မသိရသေးဘူး။ ခန့်မှန်းကြည့်ရတာကတော့ အတိုးမပေးနိုင်ဘူး။ ပြဿနာဖြစ်တယ်။ ထွက်ပြေးတယ်။ ပြဿနာတွေက ရှုပ်လာပြီ။ ဖြေရှင်းနိုင်တဲ့သူတွေကျန်မယ်။ အကုန်လုံးတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဖြစ်တဲ့သူတွေကတော့ ဖြစ်လာနေပြီ။ မြို့သစ်စီမံကိန်းလုပ်မယ် ပြောတဲ့အခါကျတော့ ဟိုဘက်မှာ မြေတွေက အများကြီးလေ။ သိန်းနဲ့ချီပြီး ရှိတဲ့အခါကျတော့ လုပ်ဖို့ကြံထားတာအကုန်လုံးက ဒုက္ခရောက်ကုန်တာပေါ့။ ပြန်ဈေးမရနိုင်တော့ဘူး။  ရှုံးကုန်တာပဲ။ ဒါကတော့ရှုံးပေါ့။ ဟိုဘက်မှာ မြတ်အောင်ပြန်လုပ်ပေါ့။ ဒါပဲရှိတာပဲ။ ဒီဘက်မှာ ကောင်းတာတစ်ခုကတော့  အိမ်ဈေးမြေဈေးတွေ တော်တော်နဲ့ မတက်နိုင်တော့ဘူး။ အဲဒါကတော့ ၀ယ်သူတွေအတွက်တော့ သတင်းကောင်းပေါ့။ လုပ်တဲ့သူတွေအတွက် သတင်းဆိုးပေါ့” လို့ ဦးကိုကို ထွေးက ဆက်လက်ပြောပါတယ်။

လက်ရှိမှာဆိုရင် တန်ဖိုးနည်းတိုက်ခန်းတွေကို  တစ်ပေပတ်လည် ကျပ် ၂၃၀၀၀ နဲ့  တည်ဆောက်ရောင်းချ ပေးနိုင်ပါတယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းက ဒုတိယသမ္မတ ဦးမြင့်ဆွေကို တင်ပြခဲ့ပြီး ဒီတင်ပြမှုအပေါ် တန်ဖိုးနည်းတိုက်ခန်းဆိုရင် ၀ယ်ယူသူတွေဆီက အခွန်ကောက်ခံမှာ မဟုတ်ဘူးလို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ပြောကြားခဲ့တာကလည်း ပြည်သူတွေရဲ့ အိမ်ခြံမြေ၀ယ်ယူပိုင်ဆိုင်ဖို့ အိပ်မက်အတွက် သတင်းကောင်းဖြစ်ပြီး အိမ်ခြံမြေဈေးတွေ အကျဈေးမှာ အရောင်းအ၀ယ်ဖြစ်လာတာနဲ့အမျှ ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြန်လည်လည်ပတ်လာနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ မြို့ပြနေထိုင်မှုနှုန်းဟာ နှစ်စဉ် နှစ်ရာခိုင်နှုန်းအထိ တိုးတက်နေပြီး ဒီလိုတိုးတက်မှုဟာ အလွန်များပြားတဲ့ ပမာဏဖြစ်နေကြောင်းနဲ့ ရန်ကုန်မြို့လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းဟာ ကျပ်နှစ်သိန်းအောက်ပဲ ၀င်ငွေရှိနေလို့  နေစရာအတွက် တစ်လ ကျပ် ၆၅၀၀၀ သာ ကုန်ကျသင့်လို့ အစိုးရအဖွဲ့ အစည်းတွေ ပူးပေါင်းဖို့လိုအပ်နေကြောင်း ပြည်တွင်း အိမ်ခြံမြေ၀က်ဘ်ဆိုက်ဖြစ်တဲ့ House.com.mm က  သတင်းထုတ်ပြန်ထားပါတယ်။

“မြန်မာနိုင်ငံဟာ အာရှဒေသအတွင်းက မြို့ပြတိုးတက်မှုရှိတဲ့ စာရင်းဝင်နိုင်ငံတစ်ခုဖြစ်ပြီး မြို့ပြတိုးတက်မှုနှုန်းထားဟာ ရာခိုင်နှုန်း ၃၀ ခန့်ရှိနေပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ဒီအခြေအနေကို နောက်နှစ် ၂၀၊ ၃၀ လောက်အထိ ဆက်လက်ဖြစ်ပေါ်နေမယ်လို့ မျှော်လင့်ထားပြီး လူဦးရေနှစ်သိန်းနဲ့ အထက် နေထိုင်မှုရှိတဲ့ မြို့ပြတွေက လူဦးရေ တိုးတက်မှုနှုန်းထားဟာ နှစ်ဆခန့်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် ၂၀၁၄ သန်းခေါင်စာရင်း ကောင်ခံခဲ့တဲ့ရလဒ်တွေရဲ့ ကိန်းဂဏန်း ဖော်ပြချက်အခြေအနေတွေအရ အနာဂတ်ကာလတွေမှာ အိမ်ရာအခန်းပေါင်း တစ်သန်းခွဲခန့်ကနေ နှစ်သန်းခန့်အထိ လိုအပ်မှာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာတော့ အိမ်ရာပေါင်း နှစ်သန်းခန့်အထိ လိုအပ်မှာပါ” လို့ UN-habitat မှ Urban Programme Specialist ဖြစ်သူ Mr. Jack Finegan က ဆိုပါတယ်။

တန်ဖိုးနည်းအိမ်ရာတွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို လေ့လာကြည့်မယ်ဆို နိုင်ငံတကာရပ်တည်မှုမှာ ၀င်ငွေရဲ့ ရာခိုင်နှုန်း ၃၀ သို့မဟုတ် သူ့ထက်ပိုပြီးနည်းပါးတဲ့ ပမာဏကိုပဲ အိမ်ရာဝယ်ယူခြင်းကဏ္ဍမှာ အသုံးပြုကြတဲ့ အခြေအနေတစ်ရပ်မှာ ရန်ကုန်မြို့လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းဟာ တစ်လ၀င်ငွေ ကျပ်နှစ်သိန်း သို့မဟုတ် နှစ်သိန်း အောက်ရရှိတဲ့သူတွေသာ ဖြစ်နေတာကြောင့် ရန်ကုန်မြို့လူဦးရေ သုံးပုံတစ်ပုံခန့်အတွက်  အိမ်ရာနှင့်ပတ်သက်တဲ့ ကုန်ကျစရိတ်ဟာ တစ်လကို ကျပ် ၆၅၀၀၀ သာဖြစ်သင့်တယ်လို့ သုံးသပ်မှုကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်းမှာ တန်ဖိုးနည်းတိုက်ခန်းတွေ ဆောက်လုပ်ရောင်းချပေးလာတာ နဲ့အမျှ မြန်မာ့အိမ်ခြံမြေဈေးဟာ သာမန်ပြည်သူတွေ လက်လှမ်းမီတဲ့ ဈေးနှုန်းဖြစ်လာဖို့တော့ ဆုတောင်းရမှာဖြစ်ပါတယ်။  


ဖြိုးဝေ

Sources; Eleven Media Group

No comments:

Post a Comment