Latest News

Saturday, January 7, 2017

ကမ်းခြေသွားမယ်ဆို ငပလီကို သင်ရွေးသင့်တဲ့ အချက် (၆) ချက်

ကမ်းခြေသွားမယ်ဆို ငပလီကို သင်ရွေးသင့်တဲ့ အချက် (၆) ချက်



၁ - ကမ္ဘာ့ထိပ်တန်း

ငပလီဟာ ကမ္ဘာ့ထိပ်တန်းကမ်းခြေအလှမျိုးရှိပြီး အာရှရဲ့ အလှဆုံးကမ်းခြေ ၁၀ ခုထဲမှာ ပါပါတယ်။ tripdvisor ခရီးသွားဝက်ဆိုက်ကြီးက ၂၀၁၆ ခုနှစ်အတွက် ကမ္ဘာမှာ လည်ပတ်သင့်ဆုံးထိပ်တန်းကမ်းခြေစာရင်းမှာ ငပလီကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ဒါကြောင့် သင်ဟာ ငပလီကို သွားမယ်ဆိုရင် ကမ္ဘာ့အဆင့်ရှိအပန်းဖြေနေရာတစ်ခုကို သွားနေတာ ဖြစ်ပါတယ်။

၂ - အလှ

ကမ္ဘာ့ထိပ်တန်းဆိုကတည်းက သူ့အလှဟာ ပြောစရာမလိုလောက်အောင်ပါပဲ။ ဒေသတွင်း ခရီးသွားသူ အချို့ ပြောသလို ငပလီရောက်ပြီးသွားရင် ချောင်းသာတို့ ငွေဆောင်တို့ မသွားချင်တော့ဘူးဆိုတာ ပိုတယ်လို့ ပြောလို့မရပါဘူး။ ရေပြာပြာနဲ့ ကျွန်းစိမ်းစိမ်းတွေကို သင့်ကြည့်ရင်း ကမ္ဘာသစ်တစ်ခုထဲ ရောက်သွားမှာ အသေအချာပါပဲ။

၃ - အချိန်ရှိတယ်

သင့်မှာ အချိန်သုံးလေးရက်လောက်ရှိတယ်၊ ကမ်းခြေလည်း သွားချင်တယ်ဆိုရင်တော့ ငပလီကိုပဲ ရွေးပါ။ ငပလီကို ရန်ကုန်ကနေ ညနေ လေးနာရီလောက်ထွက်မယ်ဆိုရင် မနက် ၆ နာရီလောက်ရောက်သွားပါတယ်။ ဂွ-ငါးသိုင်းချောင်းလမ်းကနေ ၁၄ နာရီ၊ ၁၃ နာရီလောက် စီးရပါတယ်။ လေယာဉ်နဲ့ဆိုရင်တော့ မိနစ်လေးဆယ်လောက်ပါပဲ။ လေယာဉ်ဟာ ငပလီကို ပတ်ပြီးဆင်းတာကြောင့် အပေါ်စီးကမြင်ရတဲ့ ကမ်းခြေအလှကို သင်ခံစားရမှာပါ။

၎ - လမ်း

ရန်ကုန်က သွားမယ်ဆိုရင် ရိုးမကနေ ဖြတ်သွားရမှာ ဖြစ်ပါတယ်။ ရိုးမတောင်တန်းတွေရဲ့ အလှကိုလည်း သင်တစ်ဝကြီး ခံစားရမှာ ဖြစ်ပါတယ်။ ဂွ-ငါးသိုင်းချောင်းလမ်းက သွားတဲ့အခါ ကမ်းသာယာတို့၊ ဆပ်သွားတို့ကို ဖြတ်သွားရမှာ ဖြစ်ပြီး တောင်ကွေ့လမ်းတွေကနေ အောက်ဘက်က ပင်လယ်ကြီးကို သင်ကြည့်ရမှာ ဖြစ်ပါတယ်။

၅ - ဈေးတကယ်ကြီးလား

ဈေးတကယ်ကြီးတဲ့ ဇိမ်ခံဟိုတယ်ကြီးတွေ ရှိသလို တစ်ည ၁၅၀၀၀ လောက်နဲ့ တည်းလို့ရတဲ့နေရာတွေလည်း ရှိပါတယ်။ ရွာထဲမှာ တစ်အိမ်လုံးကို ငါးသောင်း လောက်နဲ့ အပြတ်ငှားလို့ရတဲ့ အိမ်တွေလည်း ရှိပါတယ်။ ရေချိုးခန်းအိမ်သာ တွဲရက်နဲ့ အဲကွန်းပါတဲ့ နှစ်ယောက်အိပ်ခန်းတွေဟာ ပုံမှန်ရာသီဆို သုံးသောင်း၊ သုံးသောင်းခွဲလောက် ယူကြပြီး လူအရမ်းအလာများတဲ့ ရက်တွေဆို ငါးသောင်းလောက်ယူကြပါတယ်။ အစားအသောက်တွေကတော့ ပေးရတာနဲ့ မတန်ဘူးဆိုတဲ့ဆိုင် မရှိဘူးလို့ထင်ပါတယ်။ စားကြည့်သလောက် ဆိုင်တွေဟာ အရသာလည်း ထူးထူးခြားခြားကောင်းမွန်ကြပါတယ်။ ရန်ကုန်မှာ စားရတာနဲ့ ဘာမှမထူးဘူးဆိုတာမျိုး မရှိပါဘူး။ ဆိုင်တွေမှာ ကိုယ်ပိုင်စတိုင်နဲ့ ချက်တဲ့ ဟင်းလျာမျိုးတွေ ရှိတတ်ကြပါတယ်။

၆ - သင့်နိုင်ငံရဲ့အလှ

ငပလီဟာ နိုင်ငံခြားဝင်ငွေ ရှာပေးနေတဲ့ ကမ်းခြေကြီးတစ်ခုပါ။ တိုင်းပြည်ပြောင်းလဲလာတာနဲ့ သူလည်း ပြောင်းလဲလာနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ ငပလီကမ်းခြေဟာ အရိုင်းဆန်တဲ့ အလှမျိုး ရှိနေပါသေးတယ်။ နောက်ပိုင်း ပြောင်းလဲသွားတဲ့အခါ သင့်နိုင်ငံတွင်းက ကမ္ဘာ့အဆင့်ကမ်းခြေကြီးရဲ့ ရိုးရှင်းတဲ့အလှကို သင်ပြန်မရနိုင်တော့ပါဘူး။ ငပလီဟာ ရန်ကုန်နဲ့နီးတဲ့ကမ်းခြေတွေလို လူတွေရှုပ်ထွေးနေတာမျိုးလည်း မရှိပါဘူး။ တစ်သက်မှာ တစ်ခေါက်တော့ သင့်နိုင်ငံထဲက ကမ္ဘာ့အဆင့်မီတဲ့ အလှတစ်ခုကို ခံစားကြည့်သင့်ပါတယ်။

ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လတွေဟာ အသွားသင့်ဆုံးလို့ ထင်ပါတယ်။ နိုင်ငံခြားခရီးသွားဝက်ဆိုက်တွေကတော့ နိုင်ဝင်ဘာကနေ မတ်လအတွင်းက ရက်တွေမှာ သွားဖို့ ညွှန်းလေ့ရှိပါတယ်။

Sources & Photos: tripadvisor, Abercrombie and Kent, myanmars.net, Burma Senses Duwun

No comments:

Post a Comment