အိမ်အကူ မိန်းကလေး၏ သွားများကျိုးအောင် စေခိုင်းနှိပ်စက်ခဲ့သော ဒုတိယ ဗိုလ်မှူးကြီး (ငြိမ်း) ၏ မိသားစုကို အမှုဖွင့်
ရန်ကုန်၊ ဇန်နဝါရီ ၁၈
မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာအိမ်ရာတွင် နေထိုင်သော ဒုဗိုလ်မှူးကြီး (ငြိမ်း)နှင့် မိသားစုကို အသက် ၁၀ နှစ်ခွဲအရွယ် အိမ်အကူ မိန်းကလေးငယ်၏ အပေါ်သွား လေးချောင်းနှင့် အောက်သွား နှစ်ချောင်း ကျိုးအောင် ညှဉ်းပန်းနှိပ်စက်မှုဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၂၅/ ၃၂၆/ ၁၁၄ အရ အမှုဖွင့် အရေးယူထားကြောင်း ဘုရင့်နောင် နယ်မြေ ရဲစခန်းထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့၊ မြို့မအရှေ့ ရပ်ကွက်ကင်းတားဝင်းတွင် နေထိုင်သူ မိန်းကလေးမှာ ၎င်း၏ အိမ်နီးချင်းဖြစ်သူ အသက် ၁၆ နှစ်အရွယ် မိန်းကလေးနှင့်အတူ အိမ်အကူပွဲစား ဒေါ်စိုးဥမ္မာလှိုင်၏ အဆက်အသွယ်ဖြင့် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာအိမ်ရာရှိ ဒုဗိုလ်မှူးကြီး (အငြိမ်းစား) ၏ နေအိမ်တွင် လုပ်အားခ တစ်လလျှင် ကျပ်ငါးသောင်းဖြင့် အိမ်အကူအလုပ် ဝင်ရောက် လုပ်ကိုင်ခဲ့ကြောင်း၊ အိမ်ရှင်မိသားစုက မိန်းကလေး၏ မိဘများထံ အိမ်အကူ ပွဲစားမှတစ်ဆင့် လ ၃၀ စာအတွက် ကျပ် ၁၅ သိန်း ကြိုတင်ပေးခဲ့ပြီး နေအိမ်တွင် အိမ်မှုကိစ္စများကို ညအချိန် ၁ နာရီကျော် ၂ နာရီအထိ လုပ်ဆောင် ခိုင်းခဲ့ကြောင်း၊ စိတ်တိုင်း မကျပါက အိမ်ရှင်များက ဖိနပ်ဖြင့် ပါးရိုက်ခြင်း၊ ကန်ကျောက်ခြင်း၊ တုတ်ဖြင့် ရိုက်ခြင်း၊ ဒယ်အိုးဖြင့် ရိုက်ခြင်းတို့ကို မကြာခဏ ပြုလုပ် နှိပ်စက်ခဲ့ပြီး အိမ်ရှင်မိသားစု အပြင်သွားချိန် ၎င်းတို့ကို အိမ်အတွင်း ထား၍ တံခါးများကို သော့ ၅ ထပ်ဖြင့်ခတ် ပိတ်လှောင်ခဲ့ကြောင်း အိမ်အကူ မိန်းကလေး၏ မိသားစုဝင်များထံမှ သိရသည်။
အိမ်ရှင်၏ ဇနီး ဒေါ်ခင်နန်းတင့်က အိမ်အကူအကြီးဖြစ်သူ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကို အသက် ၁၀ နှစ် ၅ လအရွယ် မိန်းကလေး၏ အပေါ်သွား လေးချောင်းနှင့် အောက်သွား နှစ်ချောင်း ကျိုးအောင် ငရုတ်ကျည်ပွေ့ဖြင့် ရိုက်ရန် ဖိအားပေး အဓမ္မ စေခိုင်းခဲ့ပြီး နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ယခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံသို့ တိုင်ကြားစာအရ သိရသည်။
အိမ်ရှင် မိသားစုက အိမ်ဖော်ပွဲစား ဒေါ်စိုးဥမ္မာလှိုင်ထံ ဖုန်းဖြင့် ဆက်သွယ်၍ ရန်ကုန်သို့ခေါ်ပြီး အိမ်အကူ နှစ်ဦးကို ပွဲစားနှင့်အတူ မြစ်သားမြို့သို့ ပြန်လည်စေလွှတ်ခဲ့ရာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မြစ်သားမြို့၊ မြို့မအရှေ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် အုပ်ထိန်းသူ မိဘများထံ မိန်းကလေးငယ် နှစ်ဦးကို ပြန်လည် အပ်နှံခဲ့သည်။
၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က ဘုရင့်နောင် နယ်မြေ ရဲစခန်းထံ အိမ်အကူ မိန်းကလေး နှစ်ဦးနှင့်အတူ အုပ်ထိန်းသူ မိဘများက ညှဉ်းပန်း နှိပ်စက်မှုကို လာရောက် တိုင်တန်းခဲ့ကြောင်း ဘုရင့်နောင်နယ်မြေ ရဲစခန်းထံမှ သိရသည်။
“အိမ်အကူကလေးတွေကို ဒီနေ့ မြစ်သားမြို့မှာ သွားခေါ်နေတယ်၊ ရန်ကုန် ရောက်လာရင် စစ်ဆေးပြီးတာနဲ့ အမှုဖွင့် ခံရတဲ့ အိမ်ရှင်မိသားစုကို ဖမ်းဆီး စစ်ဆေးမယ်၊ လတ်တလော အမှုစစ် မရောက်သေးလို့ ဖြစ်စဉ် အသေးစိတ်ကို ပြောလို့ မရသေးဘူး”ဟု ဘုရင့်နောင်နယ်မြေ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။
သွားခြောက်ချောင်း ကျိုးအောင် နှိပ်စက်သည်ဆိုကာ အမှုဖွင့် အရေးယူခံရသော အိမ်ရှင် မိသားစု၏ ဆက်သွယ်ရမည့် လက်ကိုင်ဖုန်းထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ကိုင်တွယ် ဖြေကြားခြင်း မရှိခဲ့ပေ။
Sources: The Voice
https://m.facebook.com/story.php?story_fbid=1364423753577880&id=158797964140471
Wednesday, January 18, 2017
အိမ်အကူ မိန်းကလေး၏ သွားများကျိုးအောင် စေခိုင်းနှိပ်စက်ခဲ့သော ဒုတိယ ဗိုလ်မှူးကြီး (ငြိမ်း) ၏ မိသားစုကို အမှုဖွင့်
အိမ်အကူ မိန်းကလေး၏ သွားများကျိုးအောင် စေခိုင်းနှိပ်စက်ခဲ့သော ဒုတိယ ဗိုလ်မှူးကြီး (ငြိမ်း) ၏ မိသားစုကို အမှုဖွင့်
Reviewed by Ar Ti
on
11:11 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment