Latest News

Tuesday, January 10, 2017

ကယ်လီဖိုးနီးယားရှိ သမိုင်းဝင် သစ်ပင်ကြီး မုန်တိုင်းကြောင့် လဲပြို

ကယ်လီဖိုးနီးယားရှိ သမိုင်းဝင် သစ်ပင်ကြီး မုန်တိုင်းကြောင့် လဲပြို


မြောက်ကယ်လီဖိုးနီးယားတွင် မကြာသေးမီ ရက်များအတွင်း မုန်တိုင်းများ ၀င်ရောက်တိုက်ခတ်ခဲ့မှုကြောင့် ခရီးသွားများအား အဓိကဆွဲဆောင်မှု တစ်ခုဖြစ်ခဲ့သော သမိုင်းဝင်သစ်ပင်ကြီးသည် ပြိုလဲခဲ့ကြောင်း သိရသည်။ Pioneer Cabin Tree ဟု ခေါ်ဆိုပြီး သက်တမ်းနှစ်ပေါင်း ၁၀၀၀ ကျော်ရှိမည်ဟု ယူဆရသော ယင်းသစ်ပင်ကြီး၏ အောက်ခြေပင်စည်တွင် ကြီးမားသောအခေါင်းပေါက် ဖြစ်ပေါ်နေပြီး ကားများပင် ဖြတ်သန်းနိုင်ကြောင်း သိရသည်။

Sacramento အရှေ့တောင်ဘက်တွင် တည်ရှိသော Calaveras Big Trees State ပန်းခြံ၌ရှိသည့် ယင်းသစ်ပင်ကြီးသည် လေပြင်းတိုက်ခတ်မှုများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများအား တောင့်မခံနိုင်တော့ဘဲ ဇန်န၀ါရီ ၈ ရက်မွန်းလွဲပိုင်းတွင် ပြိုလဲခဲ့ခြင်းဖြစ်ကြောင်း ယင်းပန်းခြံမှ စေတနာ့ဝန်ထမ်း တစ်ဦးဖြစ်သူ ဂျင်မ်အောဒေးက လဲကျနေသည့်သစ်ပင်အား ရိုက်ကူးခဲ့သည့်ဓာတ်ပုံများအား Faebook တွင် တင်ခဲ့သည်။

လိုဏ်ခေါင်းသစ်ပင်ဟုလည်း ခေါ်ကြသော ယင်းသစ်ပင်၏ အောက်ခြေပင်စည်သည် ၁၈၈၀ ပြည့်လွန်နှစ်များက ကြီးမားသော အပေါက်ကြီးဖြစ်နေခဲ့ဖွယ်ရှိကြောင်း သိရပြီး ယင်းနောက်ပိုင်း ခရီးသွားများအား အဓိက ဆွဲဆောင်ရာတစ်ခု ဖြစ်လာခဲ့သည်။ ယင်းသစ်ပင်ကြီးသည် ကြံ့ခိုင်မှု အားနည်းလာခဲ့ပြီး တစ်ဘက်သို့ စောင်းနေမှုသည် နှစ်နှင့်ချီ ကြာနေပြီဖြစ်ကြောင်း အောဒေး၏ဇနီးဖြစ်သူ ယိုအန်အောဒေးက ဆန်ဖရန်စစ္စကို ဂိတ်သတင်းဌာနသို့ ပြောကြားခဲ့သည်။

ပြီးခဲ့သော သီတင်းပတ်ကုန်တွင် ကယ်လီဖိုးနီးယား မြောက်ပိုင်းရှိ နေရာများနှင့် နီဗားဒါးပြည်နယ်သို့ ပြင်းထန်သည့်မုန်တိုင်းများ ၀င်ရောက်ခဲ့ပြီး နေရာအချို့တွင် ရေလွှမ်းခြင်း၊ လျှပ်စစ်မီးပြတ်တောက်ခြင်းနှင့် ရွှံ့မြေပြိုခြင်းတို့ ဖြစ်ပွားခဲ့ကာ ယင်းသမိုင်း ၀င်အပင်ကြီး လည်းလဲပြိုခဲ့ခြင်း ဖြစ်သည်။ အားကောင်းသော မုန်တိုင်းတစ်ခုကြောင့် ဇန်န၀ါရီ ၁၀ နှင့် ၁၁ ရက်တို့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း နိုင်ငံအဆင့် မိုးလေ၀သဌာနက ထုတ်ပြန်ခဲ့သည်။

Pineapple Express ဟု ခေါ်ဆိုသော ရာသီဥတုစနစ်၏ အစိတ်အပိုင်းဖြစ်သော ဆိုးရွားသော ရာသီဥတုကြောင့် Yosemite  အမျိုးသားဥယျာဉ်ကိုလည်း ပိတ်ပစ်ခဲ့ရကြောင်း သိရသည်။

ပြင်းထန်သော မုန်တိုင်းများ ၀င်ရောက်မှု ကြုံနေရသော်လည်း ကောင်းမွန်သော သက်ရောက်မှုတစ်ခုမှာ ကယ်လီဖိုးနီးယားတွင် သစ်ပင်ပေါင်း ၁၀ သန်းကျော် သေဆုံးစေခဲ့သော ခြောက်နှစ်အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုအား ယာယီအားဖြင့် သက်သာရာ ရစေနိုင်မည်ဖြစ်ကြောင်း မျှော်လင့်ထားကြသည်။                    

Sources; AFP/Eleven Media Group

No comments:

Post a Comment