Latest News

Friday, January 20, 2017

စည်းကမ်းပျက် ဘတ်စ်ကား မိုဘိုင်းလ်ဖုန်းနဲ့ ဘယ်လိုတိုင်ကြားမလဲ




စည်းကမ်းပျက် ဘတ်စ်ကား မိုဘိုင်းလ်ဖုန်းနဲ့ ဘယ်လိုတိုင်ကြားမလဲ


၂၀၁၇ ဇန်နဝါရီလ ၁၆ ရက်ကစပြီး ရန်ကုန်မြို့တွင်း ဘတ်စ်ကားလိုင်းတွေကို လမ်းကြောင်းတွေ ပြောင်းလဲပြေးဆွဲခဲ့ပါတယ်။ ယခင်က စည်းကမ်းပျက် ယာဉ်မောင်းတွေနဲ့ ရမ်းကားတဲ့ ယာဉ်နောက်လိုက်တွေကြောင့် ဖြစ်ပွားခဲ့တဲ့ အမှုအခင်းတွေလည်း အများကြီး ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေက စည်းကမ်းပျက်မှု၊ ရမ်းကားမှုတွေ ဖြစ်လာခဲ့ရင်တော့ မိုဘိုင်းလ်ဖုန်းကနေ တစ်ဆင့် အလွယ်တကူ တိုင်ကြားနိုင်ပြီ ဖြစ်ပါတယ်။

ဒီမိုဘိုင်းလ် App ကနေ တိုင်ကြားမှုတွေကို နေ့စဉ်အစီအရခင်ခံစာ အနေနဲ့ တိုင်းဒေသကြီး အစိုးရဆီကို တင်ပြပေးမယ်လို့ Yangon Bus Report မိုဘိုင်းလ် App ရေးဆွဲသူ ကိုစိုးသီဟနောင်က ဆိုပါတယ်။

ဒီမိုဘိုင်းလ် App မှာ ဘာတွေလုပ်လို့ရမလဲ လေ့လာကြည့်ရအောင်။

App ကို စပြီး သွင်းပြီးတာနဲ့ ဖေ့ဘွတ်နဲ့ ချိတ်ဆက်ပြီး Login လုပ်ဖို့ လိုအပ်ပါတယ်။

တိုင်ကြားချက်များ

App ကို Login လုပ်ပြီးတာနဲ့ ဒီနေရာမှာ ယာဉ်လိုင်းတွေ စည်းကမ်းပျက်မှု၊ ရမ်းကားမှုတွေကို တိုင်ကြားထားတဲ့ တိုင်ကြားချက်တွေကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ တိုင်ကြားချက်တွေမှာ ယာဉ်လိုင်းအမှတ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

အမျိုးအစားအလိုက် ကြည့်ရှုရန်

ဒီအပိုင်းမှာတော့ ကဏ္ဍနှစ်ခု ပါဝင်ပါတယ်။ ယာဉ်လိုင်းများနဲ့ တိုင်ကြားမှုများပါ။ ယာဉ်လိုင်းများမှာတော့ ယာဉ်လိုင်းအမှတ်တွေကို အစဉ်လိုက် ဖော်ပြပေးထားပြီး ၎င်းယာဉ်လိုင်းများ ပြေးဆွဲတဲ့ လမ်းကြောင်းတစ်လျှောက် မှတ်တိုင်များကို ဖော်ပြပေးထားပါတယ်။

တိုင်ကြားမှုများမှာတော့ ယာဉ်လိုင်းများရဲ့ နံပါတ်စဉ်အလိုက် ဖော်ပြပေးထားပြီး ၎င်းယာဉ်လိုင်းနံပါတ်များကို နှိပ်ပြီး သက်ဆိုင်ရာ တိုင်ကြားချက်များကို ကြည့်ရှုနိုင်ပါတယ်။ မိုဘိုင်းလ် App ထွက်ရှိပြီး ၃ ရက်အကြာမှာတော့ ယာဉ်လိုင်းပေါင်း ၇၀ ရှိတဲ့အနက် တိုင်ကြားမခံရတဲ့ ယာဉ်လိုင်းက ၂၇ လိုင်းသာ ရှိပါတော့တယ်။

အများဆုံး တိုင်ကြားခံရတဲ့ ယာဉ်လိုင်းကတော့ အမှတ် ၆ ယာဉ်လိုင်းဖြစ်ပြီး ခရီးစဉ်အပြည့် မပြေးဆွဲတာ၊ ယာဉ်နောက်လိုက် ရမ်းကားတာနဲ့ ခရီးသည်နဲ့ ယာဉ်အစီးရေ မမျှတ ဖြစ်တာတွေကို တိုင်ကြားထားကြတာပါ။

App ကနေ ဘယ်လိုတိုင်မလဲ

App ကို ဖွင့်လိုက်ရင် ခဲတံပုံလေးကို နှိပ်ပါ။ ယာဉ်လိုင်းအမှတ်တွေ အစဉ်လိုက် ပေါ်လာပါမယ်။ ဒီအထဲက ကိုယ်တိုင်ကြားလိုတဲ့ ယာဉ်လိုင်းအမှတ်ကို ရွေးချယ်ပါ။ ပြီးတဲ့အခါ တိုင်ကြားလိုတဲ့ အကြောင်းအရာကို ရွေးချယ်ပါ။ အသင့်ပါတဲ့အထဲမှာ မရှိရင် အခြားအကြောင်းအရာကို ရွေးချယ်ပါ။

ကားနံပါတ်မှတ်မိရင် ထည့်သွင်းဖော်ပြပါ။ ဖြစ်စဉ်အကြောင်းအရာမှာတော့ ကိုယ်တိုင်ကြားလိုတာကို အတိအကျ ရေးသားဖော်ပြနိုင်ပါတယ်။ နေ့ရက်၊ အချိန်၊ နေရာ စသည်ဖြင့် တိတိကျကျ ဖော်ပြရေးသားနိုင်မယ်ဆိုရင် ပိုကောင်းပါတယ်။ အားလုံးပြီးတဲ့အခါ အမှန်ခြစ်ကိုနှိပ်ပြီး ခဏစောင့်ပါ။

အင်တာနက် အသုံးပြုဖို့တော့ လိုအပ်ပါတယ်။

စည်းကမ်းမဲ့ ဘတ်စ်ကားတွေရဲ့ဒဏ်ကို ခံခဲ့ရတဲ့ ပြည်သူတွေ အနေနဲ့ စည်းကမ်းပျက် ဘတ်စ်ကားတွေကို မိုဘိုင်းလ် App ကနေ အလွယ်တကူ တိုင်ကြားနိုင်မယ့် App ဖြစ်တဲ့အတွက် ဒီတစ်ပတ်အတွက် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။            

Sources: The Voice

No comments:

Post a Comment