Latest News

Wednesday, January 18, 2017

မကောင်းမူ ၏ တန်ပြန်သက်ရောက်မူ

မကောင်းမူ ၏ တန်ပြန်သက်ရောက်မူ


“ငါသည် မကောင်းတာ အပြစ်မကင်းတာကို မလုပ်ဘူး၊
 ကောင်းတာအပြစ်ကင်းတာကိုသာပြုလုပ်မယ်၊ တတ်နိုင်သမျှ
စိတ်ကောင်း စိတ်မြတ်ထားနိုင်အောင်ကြိုးစားမယ်။

” မကောင်းမှုပြုသူသည် ကောင်းသောအကျိုးကိုခံစားရမည့်မဟုတ်၊
မကောင်းသောအကျိုးကိုသာခံစားရပါမယ်။ အကြောင်းဆိုးးရင်
အကျိုးဆိုးမယ်၊ အကြောင်းလှရင် အကျိုးလှပါမယ်။
အဲဒါလေးနဲ့ပက်သက်လို့ မြတ်ဗုဒ္ဓက ဒုစ္စရိတ၀ိပါကသုတ်မှာ”ဒုစရိုက်တို့၏
အကျိုးဆက်များ”ဖြင့်ဟောထားပါတယ်။

 [၁]ပါဏာတိပါတ-သူတစ်ပါး၏အသက်ကိုသတ်ခြင်းတည်းဟူသော မကောင်းမှုဒုစရိုက်ပြုသူသည် ငရဲ၌ဖြစ်စေတတ်တယ်၊ တိရစ္ဆာန်မျိုး၌ဖြစ်စေတတ်တယ်၊ ပြိတ္တာဘုံ၌ဖြစ်စေတတ်တယ်။ သူတစ်ပါးအသက်သတ်သူသည် အနည်းဆုံး အသက်တိုစေတတ်တယ်၊ ပဋိသန္ဓေတည်နေဆဲမှာပင်ဖြစ်စေ၊ မွေးဖွားခါစမှာပင်ဖြစ်စေ သေခြင်းကိုဖြစ်စေတတ်ပါတယ်။

 [၂]အဒိန္နာဒါန-သူတစ်ပါးပစ္စည်းကို ခိုးဝှက်လုယတ်ခြင်းတည်းဟူသော မကောင်းမှုဒုစရိုက်ပြုသူသည် ငရဲ၌ဖြစ်စေတတ်တယ်၊ တိရစ္ဆာန်မျိုး၌ဖြစ်စေတတ်တယ်၊ ပြိတ္တာဘုံ၌ဖြစ်စေတတ်တယ်။ သူတစ်ပါးအသက်သတ်သူသည် အနည်းဆုံး စီးပွားဥစ္စာပျက်စီးစေတတ်တယ်၊ လက်ထဲသုံးစရာမရှိအောင်ပင် ဖြစ်စေတတ်ပါတယ်။

[၃]ကာမေသုမိစ္ဆာစာရ-သူတစ်ပါး၏ကာမဂုဏ်ကိစ္စတို့၌ ဖောက်ပြားခြင်းတည်းဟူသော မကောင်းမှုဒုစရိုက်ပြုသူသည် ငရဲ၌ဖြစ်စေတတ်တယ်၊ တိရစ္ဆာန်၌ဖြစ်စေတတ်တယ်၊ ပြိတ္တာဘုံ၌ဖြစ်စေတတ်တယ်။ သူတစ်ပါး၏ကာမဂုဏ်ကိစ္စတို့၌ ဖောက်ပြားခြင်းသည် အနည်းဆုံး ရန်များစေတတ်ပါတယ်၊ မြင်သူတိုင်းကပင် ရန်သူလိုသဘောထားတတ်တယ်။

 [၄]မုသာဝါဒ-မမှန်သောစကားကိုဆိုခြင်းတည်းဟူသော မကောင်းမှုဒုစရိုက်ကိုပြုသူသည် ငရဲ၌ဖြစ်စေတတ်တယ်၊ တိရစ္ဆာန်၌ဖြစ်စေတတ်တယ်၊ ပြိတ္တာဘုံ၌ဖြစ်စေတတ်တယ်။ မမှန်သောစကားကိုဆိုခြင်းသည် အနည်းဆုံး သူတစ်ပါးက အစွပ်စွဲခံရတတ်တယ်၊ ဘယ်သူပြုပြု မိမိခေါင်းပဲကြည့်ပဲ အပြစ်ကျရောက်တတ်တယ်။

[၅]ပိသုဏ၀ါစာ-လူနစ်ဦးအကြား မေတ္တာပျက်ပြားအောင် ကုန်းချောစကားခြင်းတည်းဟူသော မကောင်းမှုဒုစရိုက်ပြုသူသည် ငရဲ၌ဖြစ်စေတတ်တယ်၊ တိရစ္ဆာန်၌ဖြစ်စေတတ်တယ်၊ ပြိတ္တာဘုံ၌ဖြစ်စေတတ်တယ်။ ကုန်းချောသူသည်အနည်းဆုံး မိတ်ပျက်တတ်တယ်၊ ချစ်ခင်သူနည်းပါတတ်တယ်၊ မိတ်ဆွေအသစ်များကလည်း ရှောင်ခွာတတ်တယ်။

[၆]ဖရုသ၀ါစာ-ကြမ်းတမ်းသောစကားကိုပြောခြင်းတည်းဟူသောမကောင်းမှုဒုစရိုက်ပြုသူသည် ငရဲ၌ဖြစ်စေတတ်တယ်၊ တိရစ္ဆာန်၌ဖြစ်စေတတ်တယ်၊ ပြိတ္တာဘုံ၌ဖြစ်စေတတ်တယ်။ ကြမ်းတမ်းသော စကားကို ပြောဆိုသူသည် အနည်းဆုံး မနှစ်မျို့စရာစကားကိုသာ ပြန်ကြားရတတ်တယ်၊ ဘယ်သွားသွား ဘယ်လာလာ စိတ်မချမ်းသာစရာ သတင်းများကိုသာကြားရတတ်တယ်။

 [၇]သမ္ဖပ္ပလာပ-အကျိုးမရှိ အနှစ်မပါသောစကားပေါ့ပေါ့များပြောခြင်း၊ စကားဖျင်းများပြောဆိုခြင်းတည်းဟူသော မကောင်းမှုဒုစရိုက်ပြုသူသည် ငရဲ၌ဖြစ်စေတတ်တယ်၊ တိရစ္ဆာန်၌ဖြစ်စေတတ်တယ်၊ ပြိတ္တာဘုံ၌ဖြစ်စေတတ်တယ်။ အကျိုးမရှိအနှစ်မပါ စကားဖျင်းများကိုပြောဆိုသောသူသည် အနည်းဆုံး မိမိပြောသောစကားကို တစ်ဖက်သားနားမထောင်ခြင်းကိုခံရတတ်တယ်။

 [၈]သုရာမေရယ-အရက်သေစာ မှုးယစ်ဆေးများကို သောက် စားခြင်းတည်းဟူသော မကောင်းမှုဒုစရိုက်ပြုသူသည် ငရဲ၌ဖြစ်စေတတ်တယ်၊ တိရစ္ဆာန်၌ဖြစ်စေတတ်တယ်၊ ပြိတ္တာဘုံ၌ဖြစ်စေတတ်တယ်။

အရက်သေစာ မှုးယစ်ဆေးများကို စားသောသူသည် အနည်းဆုံး သတိလွင့်ပါးခြင်း၊ စိတ်ချောက်ခြားများကိုဖြစ်စေတတ်တယ်။ စိတ်မတည်ငြိမ်ခြင်း၊ စကားမပီသည်၏အဖြစ်အထိကို ရောက်စေတတ်တယ်။ ဒီသုတ်တော်လေးကို နှစ်သက်မိတာနဲ့ ချရေးမိတာလေးပါ။ အနှစ်ချုပ်အားဖြင့် ငါးပါးသီလမလုံခြုံသူသည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဘုံတို့၌ဖြစ်စေတတ်ပါတယ်။ ပစ္စုပ္ပန်ဘ၀မှာလည်း သိက္ခာပုဒ်အားလျော်စွာ ဆိုးကျိုးများကို ခံစားရတတ်ပါတယ်။

သာမန်ပုထုဇဉ်လူသားတစ်ယောက်အနေဖြင့်တော့ အမှားဆိုတာတော့ ပြုမိကြတာပါပဲ၊ အဲဒီအမှားကိုမှ ပြုပြင်ယူလိုက်မိတဲ့သူရယ်၊ အဲဒီအမှားကို မပြုပြင်ဘဲ ဆက်မှားနေတဲ့သူရယ်ဆိုပြီး လူနှစ်မျိုးကို တွက်ဆယူလို့ရပါတယ်။ မိမိက အမှားထဲက သင်္ခန်စားယူတတ်သူဖြစ်အောင်လုပ်ရမယ်၊ ဒါမှသာလျှင် ကောင်းတာလေးတွေလုပ်ချင်တဲ့စိတ်ဖြစ်ပေါ်လာမှာပါ။ ကောင်းတဲ့စိတ်ကလေးဖြစ်ပေါ် လာတာနဲ့အမျှ သဒ္ဓါတရားယုံကြည်ခြင်းတွေတိုးလို့လာပါလိမ့်မယ်။ ကောင်းတဲ့စိတ်ထားလေးတွေဖြစ်ပေါ်လာခြင်းဟာ မိမိဘ၀ကို အရောင်စတင် တင်လိုက်ခြင်းပါပဲ။

မိမိဘ၀ကို ဒါနအရောင်၊ သီလအရောင်၊ ဘာဝနာအရောင်တွေဖုံးလွှမ်းထားရင် မကောင်းတဲ့အရာတွေ သင့်ဆီကို ထိုးဖောက်မ၀င်နိုင်တော့ပါဘူး။ တကယ်တမ်းတော့စာဖတ်သူရယ် မိမိဘ၀မှာ စိတ်ချမ်းသာဖို့ကအဓိကပါ။ မကောင်းမှုပြုပြီး စိတ်ချမ်းသာနေတယ်ဆိုတာတော့မရှိသလောက်ပါ၊ ရှိမယ်ဆိုရင်တောင် သူတို့၏အသိဥာဏ်လေးတွေက မပွင့်လင်းသေးလို့ပဲဖြစ်မှာပါ။ သိက္ခာပုဒ်တွေကလဲ များလိုက်တာဟယ် ဆိုပြီး စိတ်ပျက်စရာမလိုပါဘူး။

 “ငါသည် မကောင်းတာ အပြစ်မကင်းတာကို မလုပ်ဘူး၊ ကောင်းတာအပြစ်ကင်းတာကိုသာပြုလုပ်မယ်၊ တတ်နိုင်သမျှ စိတ်ကောင်း စိတ်မြတ်ထားနိုင်အောင်ကြိုးစားမယ်။” ဆိုတာလေးကို အိပ်ယာထတိုင်းမိမိရင်ထဲရောက်အောင်ပို့ထားလိုက်ပါ။” ဒါဆိုရင် မိမိစိတ်လဲငြိမ်းချမ်းမယ်၊ မြင်ရတဲ့သူကလည်း ငြိမ်းချမ်းခြင်းတွေ သင့်ဆီကရသွားနိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ကံကြမ္မာကြီးကို အရွဲတိုက်ပြီးဟိုသီချင်းတစ်ပုဒ်ထဲကလို-နင်ကြိုက်သလို ဝေဖန်လိုက်ကွယ်၊ ငါလေတကယ် ၀န်ခံလိုက်မယ်၊ နင့်ထက်ငါလေ ပိုမိုက်တယ်ဆိုပြီးအရွဲ့မတိုက်မိလိုက်ဖို့ပါ။ ဘာပဲဖြစ်ဖြစ် အကြောင်းဆိုးရင် အကျိုးဆိုးခံရမယ်၊ အကြောင်းလှရင်အကျိုးလှခံစားရမယ်ဆိုတာတော့သေချာပါတယ်။

စာဖတ်သူအားလုံး အကြောင်းအကောင်းကို ဖန်တီးပြီးအကျိုးကောင်းတွေခံစားနိုင်ပါစေ၊ အကြောင်းလှကိုဖန်တီးပြီး အကျိုးလှကိုလဲခံစားနိုင်ပါစေ။ ဒီစာလေးကို ဖတ်ဖြစ်သောအားဖြင့် အသိဥာဏ်လေးတွေကိုယ်စီရသွားကြပါစေ…ရသည့်အလျောက်ကျင့် နိုင်ကြပါစေ..ကျင့်သည့်အလျောက်မဂ်ဖိုလ်နိဗ္ဗာန်၏အထောက်အပံ့ကောင်းတွေရသွားနိုင်ကြပါစေ..ဟုဆန္ဒပြု လိုက်ရပါတယ်…။

လပြည့်ဝန်း[သာစည်] ကျမ်းကိုး။ ။အဂုင်္တ္တိုရ်ပါဠိတော်၊
ဒါန၀ဂ်၊ဒုစ္စရိတ၀ိပါကသုတ်။ ။ဆရာတော်အရှင်ဇနကာဘိဝံသ
 [ချမ်းမြေ့အခြေပျိုးဗုဒ္ဓဘာသာ]

Sources: Tin Maung Hlaing

No comments:

Post a Comment