Latest News

Sunday, January 1, 2017

၂၀၁၇ သည် ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်နိုင်အောင် ၀ိုင်းဝန်းကူညီကြရန် ဒေါ်အောင်ဆန်းစုကြည်မေတ္တာရပ်ခံ

၂၀၁၇ သည် ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်နိုင်အောင် ၀ိုင်းဝန်းကူညီကြရန် ဒေါ်အောင်ဆန်းစုကြည်မေတ္တာရပ်ခံ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသအသီးသီးမှ လူငယ် ၁၈ ဦး ပွင့်လင်းစွာဆွေးနွေးခဲ့သော  ငြိမ်းချမ်းရေးစကားဝိုင်းကို နှစ်သစ်၏ ပထမဆုံးနေ့ရက်တွင် ပြုလုပ်ခဲ့ရာ နိုင်ငံပိုင်ရုပ်သံများမှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပြီး  နိုင်ငံတစ်ဝန်းမှ ပြည်သူများ စိတ်ဝင်တစားစောင့်ကြည့်မှုများပြားခဲ့သည်။

‘‘၁၈ယောက်ဆိုတာက တစ်နိုင်ငံလုံးမပြောနဲ့ လူငယ်ထုအကုန်လုံး ကိုတောင်မှ ပြည့်ပြည့်၀၀ကိုယ်စားပြုတယ်လို့မဆိုနိုင်ပါဘူး။ ဒါပေမဲ့ ဒါက အစပေါ့။ နောက်တစ်ခုက ကျွန်မတို့အထဲမှာ တူညီတာတွေအများကြီးရှိပါတယ်။ ဒီလိုဆွေးနွေးပွဲတွေလုပ်တယ်ဆိုတာကလည်း လုပ်ဖြစ် ရတဲ့အကြောင်းတစ်ခုက ကျွန်မတို့အထဲမှာ တူညီတဲ့အကြောင်းတွေ အများကြီးရှိတယ်ဆိုတာပေါ်လွင်စေချင်လို့ပါ။ လူငယ် ၁၈ယောက် ရဲ့ အတွေးအခေါ်၊ စိုးရိမ်မှု၊ မျှော်လင့်မှု၊ ပူးပေါင်းမှု ဒါတွေဟာလူငယ် အများကြီးရဲ့ စိတ်ထဲမှာရှိတဲ့ စိုးရိမ်မှု၊ မျှော်လင့်မှုတွေနဲ့ထပ်တူ ထပ်မျှဖြစ်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်  စကားဝိုင်းသို့ ကချင်၊ ချင်း၊ ကယားပြည်နယ်တို့မှ အပ ကျန်ပြည်နယ်နှင့် တိုင်း ၁၁ ခုကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များ၊ မသန်စွမ်းကိုယ်စားပြုသူ၊ လိင်တူချစ်သူ(LGBT)ကိုယ်စားပြုသူတစ်ဦး စုစုပေါင်းလူငယ်ကိုယ်စားလှယ် ၁၈ဦးတို့တက်ရောက် ဆွေးနွေးခဲ့ကြသည်။

‘‘မဖြစ်နိုင်တဲ့ ကိစ္စတွေကို ပြည်သူတွေကိုလည်း ကတိမပေးပါဘူး။ ပွင့်ပွင့်လင်းလင်းဖြောင့်ဖြောင့်မတ်မတ်နဲ့ ဆက်ဆံပါတယ်ဆိုတာပြောပြီးတော့ ဒီအစိုးရတာဝန်ယူခဲ့တာဖြစ်ပါတယ်။ အခုထိလည်း ကျွန်မတို့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကိုးလအတွင်းမှာ ပြည်သူကိုကျွန်မတို့ ပျက်ပြားခဲ့တာမရှိပါဘူး။ ပြည်သူကို ပေးခဲ့တဲ့ကတိတွေ ကျွန်မတို့ ပျက်ပြားခဲ့တာမရှိပါဘူး။ ကျွန်မတို့ ဖြစ်စေချင်သလောက်ကိုးလအတွင်းမှာ ဖြစ်ခဲ့သလားဆိုတာ တချို့ဟာတွေက ကျွန်မတို့ မျှော် မှန်းထားသလောက်မဖြစ်ခဲ့ပေမယ့် တချို့ကိစ္စတွေမှာ မမျှော်မှန်းဘဲနဲ့လည်း တိုးတက်မှုတွေရှိတာရှိပါတယ်။ ဒါကတော့ ဖြစ်ရိုးဖြစ်စဉ်ပါပဲ’’ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က စကားဝိုင်းအစတွင် လူငယ်ကိုယ် စားလှယ်များကို မည်သည့်နည်း လမ်းဖြင့် ရွေးချယ်ကြောင်းမေး မြန်းခဲ့ရာ ‘‘၃၆ယောက်ထဲကနေ တိုင်းနဲ့ပြည်နယ်အစုံပါအောင်ဆို ပြီးရွေးလိုက်တယ်။ အဲဒီအထဲမှာ ကချင်က အချိန်မမီလို့မလာနိုင် ဘူး။ ကယားနဲ့ ချင်းကလည်းမလာ နိုင်ဘူး။ အဲဒီတော့ ကျန်တဲ့အထဲ က ထပ်ရွေးတယ်။ အဲဒီမှာ ရှမ်း ဆိုရင် တောင်ရော၊ မြောက်ရော၊ အရှေ့ရော အစုံလာတယ်။ အဲဒီ မှာ ရွေးလိုက်တာ ၁၃ဦးရတယ်။ အဲဒီ ၁၃ဦးရယ်၊ မသန်စွမ်းရယ်၊ အမျိုးသမီးရယ်၊ LGBTရယ် ထည့် ရွေးတယ်။ နောက်ပြီး ပဲခူးဆိုရင် အရှေ့အနောက်ရှိတယ်’’ဟု လူ ငယ်ကိုယ်စားလှယ်တစ်ဦးကဖြေ သည်။

စကားဝိုင်းကို ဒေါ်အောင် ဆန်းစုကြည်က လူငယ်များအား မေးခွန်းများမေးမြန်းခြင်းဖြင့်စတင်သည်။ ငြိမ်းချမ်းရေးအတွက် ကိုယ်တိုင်ဆောင်ရွက်မှုများကို ဒေါ်အောင်ဆန်းစုကြည်က မေး မြန်းခဲ့ရာ လူငယ်တစ်ဦးက စစ် ဘေးဒုက္ခသည်များအရေးဆောင် ရွက်မှုကို ဖြေကြားခဲ့ပြီး အခြား တစ်ဦးကမူ စစ်ပွဲများရပ်တန့်ရန် လက်မှတ်ကောက်ခံသည့် လှုပ် ရှားမှုများအားဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က စစ်ပွဲများ မရပ်တန့်နိုင်သေးခြင်း နှင့်ပတ်သက်၍ လူငယ်များ၏ ထင်မြင်ချက်များကိုလည်း မေး မြန်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က လူငယ်များအား ‘‘အခုပြောတဲ့အထဲမှာ တော်တော်များများက ငြိမ်း ချမ်းရေးမရနိုင်တဲ့အကြောင်း တစ်ခုက ကိုယ့်အကျိုးစီးပွားအတွက် ကိုယ်ကြည့်တာ၊ ကိုယ့်အတွက် ကိုယ့်စိုးရိမ်တာ အများကြီးပါ တယ်’’ဟု ပြောကြားခဲ့သည်။

‘‘အစုအဖွဲ့တိုင်းသာ ကိုယ့် ဘက်ကပဲ ကိုယ်ကြည့်မယ်ဆို ငြိမ်းချမ်းရေးရဖို့က ခက်ပါတယ်’’ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

ပြည်ထောင်စုစိတ်ဓာတ်နှင့် ပတ်သက်၍လည်း ရခိုင်လူငယ် ကိုယ်စားလှယ်က ကျောင်းသင် ခန်းစာများတွင် ငယ်စဉ်က အ လွတ်ကျက်မှတ်ခဲ့ရကြောင်း ထည့်သွင်းပြောရာ ဒေါ်အောင် ဆန်းစုကြည်က ‘‘Unity to dive-rsity က တိုတိုလေးနဲ့ ပြောမယ် ဆိုရင် ဒါပြည်ထောင်စုစိတ်ဓာတ် ပဲ။ ဒါကတော့ အားလုံးစုပေါင်း ပြီးလုပ်ထားတာ ငါတို့စုပေါင်းပြီး ထူထောင်ထားတာ စုပေါင်းပြီး ထူထောင်ထားတဲ့ နိုင်ငံကြီး။ ဒါ ကြောင့်မို့ ငါတို့လည်း ပေးရမယ်။ ငါတို့လည်း ရရမယ်။ အဲဒီတော့ နောက်ဆုံးကျတော့ ကိုယ်က ပို ပေးတဲ့ဘက်က ပါမှာလား၊ ပိုယူ ရမယ့်ဘက်က ပါမှာလားဆိုတာ ကတော့ ဆုံးဖြတ်ရမှာ။ ခုနပြော တဲ့ ပြည်ထောင်စုစိတ်ဓာတ်ဆို သည်မှာဆိုပြီး သင်ထားတာတွေ ကို အားလုံးသဘောတူတယ်လို့ မပြောဘူး။ ခုတော့ ဒါကို မဆွေး နွေးသေးပါဘူး။ ပညာရေးဝန်ကြီး နဲ့ ဆွေးနွေးလိုက်မယ်။ ဒါတွေဟာ ကလေးတွေကို စကတည်းက သင်ပေးသင့်တဲ့ စိတ်ဓာတ်တွေနဲ့ ကိုက်ညီရဲ့လားဆိုတာ စဉ်းစား လိုက်ပြီး ပညာရေးဝန်ကြီးကို အ လုပ်ပေးလိုက်မယ်’’ဟု ဖြေကြား ခဲ့သည်။

ရှမ်းတောင်ဒေသမှ လူ ငယ်ကိုယ်စားလှယ်က ရှမ်းပြည် နယ်ဒေသအချို့ရှိ စစ်ဒဏ်ခံ ကလေးငယ်အချို့မှာ ဗမာစကား သံကြားသည်နှင့် မုန်းတီးမှုများရှိ နေချိန်တွင် ပြည်ထောင်စုစိတ် ဓာတ်၊ အမျိုးသားရင်ကြားစေ့ ရေးတို့မှာ စစ်ပွဲရပ်တန့်မှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောဆိုခဲ့ရာ ဒေါ်အောင် ဆန်းစုကြည်က ‘‘အဲဒီစကားကို (စစ်ပွဲတွေရပ်)များများပြောပေး ပါ။ များများပြောပါ။ တချို့တွေ က သိပ်ပြီးတော့ဘယ်လိုပြောရမ လဲ တချို့တွေက နည်းနည်းနားလေး တယ်။ များများပြောပေးမှ ကြား မယ်’’ဟု ဖြေဆိုခဲ့သည်။

‘‘အင်အားကြီးမားလေလေ တာဝန်သိသိနဲ့ ဒီအင်အားကို သုံး ရလေပဲ။ အင်အားကြီးမားတဲ့ သူ များက တာဝန်မသိဘူးဆိုရင် နိုင်ငံအင်မတန်မှ ဒုက္ခရောက်ပါတယ်။ အင်အားနည်းတဲ့သူတွေ တာဝန် မသိတော့ ဒုက္ခရောက်တာ သေး သေးလေးရယ်၊ အင်အားကြီးမား တဲ့သူတွေ တာဝန်မသိတဲ့အခါ ကျတော့ ဒုက္ခရောက်တာဟာ အင်မတန်မှ ကြီးမားပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက် လက်ပြောသည်။

ရှမ်းအမျိုးသမီးလူငယ်ကိုယ် စားလှယ်တစ်ဦးက ပြည်တွင်းစစ်တွင် လေယာဉ်မသုံးရကြောင်း၊ လေယာဉ်အသုံးပြု ပစ်ခတ်မှုကြောင့် မိဘနှစ်ပါးကို မျက်စိရှေ့တွင် ဆုံးရှုံးခဲ့ရသော ကလေးငယ်မှာ ယခုချိန်အထိ စကားမပြောသေးကြောင်း၊ ငြိမ်းချမ်းရေးရရန် အစိုးရ၏အမိန့်အောက်တွင် တပ်မတော်ရှိရန် လိုအပ်သည်ဟု ဆွေးနွေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ‘‘ဒါကတော့ ရွေးကောက်ပွဲဝင်လာကတည်းက ပြောပြီးသားပဲ။စစ်မှန်တဲ့ဖက် ဒရယ်ပြည်ထောင်စုကို တည်ထောင်မယ်။ အဲဒီဟာအတွက် လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုတွေ ဦးတည်ရမယ်လို့ ပြောပြီးသားပဲ။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ ၁၀၀ရာခိုင်နှုန်းတော့ မပြည့်စုံဘူးဆိုတာ အားလုံးသိတယ်။ အဲတော့ ၁၀၀ ရာခိုင်နှုန်းမပြည့်ဝတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းရမယ်ဆိုတာ အန်တီတို့လက်ခံပြီးသားပဲ။ ဒါပေမဲ့ ပြောင်းပုံပြောင်းနည်းက ပြည်သူလူထုကို မထိပါးတဲ့နည်း၊ မထိခိုက်တဲ့နည်းနဲ့ ပြောင်းချင်တယ်’’ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဆက်လက်၍‘‘ပြည်သူလူထု ကို မထိခိုက်တဲ့ နည်းရွေးတယ် ဆိုတာ အချိန်လည်း ပိုယူရတယ်၊ ပိုလည်း ပင်ပန်းတယ်။ အန်တီ့ အနေနဲ့ တခြားနိုင်ငံတွေကို လက် ညှိုးမထိုးချင်ပါဘူး။ ဒါပေမဲ့ လူ ငယ်တွေ စဉ်းစားကြည့်ရင် သိမှာ ပါ။ တချို့နိုင်ငံတွေမှာဆိုရင် နိုင်ငံရေးအပြောင်းအလဲအတွက် ဒီအုံ နဲ့ ကျင်းနဲ့ လမ်းပေါ်ထွက်ပြီး ဆန္ဒ ပြတဲ့ ကိစ္စတွေကို အားပေးတဲ့ အစုအဖွဲ့တွေရှိလို့ အဲဒီလိုလုပ်ခဲ့ တာတွေရှိတယ်။ အဲဒါတွေက ရေ တိုမှာတော့ ဖြစ်မလို ဖြစ်မလိုနဲ့ ရေရှည်မှာ အကျိုးမဲ့ဖြစ်သွားတာ။ အားလုံးလည်းသိပြီးသားပဲ။ အဲဒါ ကြောင့်မို့ အန်တီတို့က ရေရှည် ကို ကြည့်တယ်။ ထပ်တလဲလဲပဲ လူငယ်တွေကို သတိပေးတယ်။ အန်တီတို့ အဖွဲ့ဝင်တွေကို သတိ ပေးတယ်။ နိုင်ငံရေးသုခမိန်တစ် ယောက်ပြောတဲ့စကားပေါ့။ နိုင်ငံ ရေးလုပ်စားတဲ့သူတွေက နောက် ရွေးကောက်ပွဲအတွက် စဉ်းစား တယ်။ နိုင်ငံအတွက် လုပ်တဲ့သူ တွေက နောက်မျိုးဆက်အတွက် စဉ်းစားတယ်ဆိုတာ နောက်ရွေး ကောက်ပွဲအတွက် စဉ်းစားတယ် ဆိုတာ ရေတိုကိုယ့်အကျိုးအ တွက်ပဲ စဉ်းစားတာပေါ့။ နောက် မျိုးဆက်အတွက် စဉ်းစားတယ် ဆိုတာရေတိုကိုယ့်အကျိုးကို စွန့်လွှတ်သင့်ရင်လည်း စွန့်လွှတ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေရှည်မှာ ကိုယ့်ရဲ့နိုင်ငံကို ထိခိုက်မယ်၊ ကိုယ့်နိုင်ငံရဲ့ အနာဂတ်ကို ထိခိုက်မယ်ဆို စွန့်လွှတ်ရမယ်။ ဒီလိုစိတ်ဓာတ်တွေကို မထားနိုင် ဘူးဆို ငြိမ်းချမ်းတဲ့ပြည်ထောင်စု ကြီး တည်ထောင်ဖို့က မလွယ်ပါ ဘူး။ ဒါကြောင့်မို့ စစ်မှန်တဲ့ဒီမိုက ရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်လာဖို့အတွက်က ညီညီညွတ် ညွတ်နဲ့ ကြိုးစားဖို့လိုတယ်’’ဟု ပြောကြားခဲ့သည်။

လူငယ်တစ်ဦးက တရား သောစစ်အောင်နိုင်ရေး ထောက် ပံ့ခြင်းကဲ့သို့ ဆန္ဒထုတ်ဖော်ပွဲများ တွင် တိုင်းရင်းသားဝတ်စုံများ အ သုံးပြုခြင်းနှင့်ပတ်သက်၍ သူ၏ အမြင်ကို ဆွေးနွေးပြောဆိုရာ ‘‘အန်တီတို့ အစိုးရအနေနဲ့ ဒီဆန္ဒ ပြပွဲတွေကို စီစဉ်တာလည်းမဟုတ် ပါဘူး။ အန်တီတို့ရဲ့ အဖွဲ့ချုပ်အ နေနဲ့ ဘယ်တုန်းကမှ ပြည်သူတွေ ကြားထဲမှာ စိတ်ဝမ်းကွဲစေမယ့် ဆန္ဒပြပွဲတွေ မလုပ်ခဲ့ပါဘူး။ အ မှန်ပြောရရင် အန်တီခေါင်းဆောင် ခဲ့တဲ့ အနှစ် ၃၀ နီးပါး အတော အတွင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဆန္ဒပြခဲ့တာဆို တာမရှိခဲ့ပါဘူး။ အန်တီတို့ လုပ် စရာရှိတာကို လုပ်တယ်။ အဖမ်း ခံရမယ်ဆိုလည်း ကိုယ့်ဘာသာ ကိုယ်ခံတယ်။ ပြည်သူတွေကို စွဲ မထည့်ဘူး။ အများပြည်သူ ဒုက္ခ ရောက်တာမျိုးမလုပ်ဘူး။ ကိုယ့် ဘာသာကိုယ် ရုန်းကန်တယ်။ ပြည်သူတွေကို အသုံးချတာမျိုးမ လုပ်ဘူး။ ဆန္ဒပြမှုတွေနဲ့ပတ်သက် ရင် ဒီမိုကရေစီအစိုးရလက်ထက် မှာ ကိုင်တွယ်ရ အင်မတန်မှခက် ခဲတယ်။ ဘာဖြစ်လို့လဲဆိုရင် ဆန္ဒ ပြတာ မပြဘူးဆိုရင်လည်း ဒီမို ကရေစီအခွင့်အရေးတွေကို ချိုး ဖောက်တာပဲ။ ဒါပေမဲ့ ဆန္ဒပြတဲ့ အခါမှာလည်း အချင်းချင်းကြား မှာ အမုန်းမပွားရအောင်လို့၊ အ မုန်းပွားတဲ့ကိစ္စတွေ မလုပ်ရ အောင်လို့ သူ့အတိုင်းအတာနဲ့ ဥ ပဒေနဲ့ ထိန်းဖို့လိုပါတယ်’’ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကဖြေကြားသည်။

ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က အမှတ်နှင့် ဆုံးဖြတ်သည့်ကိစ္စ မှ Grade ဖြင့် သတ်မှတ်သည့် စနစ် ပြောင်းလဲမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာဝန်ကြီးဌာနများ ရင် ဆိုင်ကြုံတွေ့နေရသည့် အခက် အခဲများနှင့် ကြိုးပမ်းဆောင်ရွက် နေမှုများကို ပြည်သူလူထုအား မ ကြာမီ ရှင်းလင်းသွားမည်ဖြစ် ကြောင်း အွန်လိုင်းမှ လူငယ်တစ် ဦး၏ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားခဲ့သည်။

ငြိမ်းချမ်းရေးစကားဝိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က တက်ရောက်ခွင့်ရသည့် လူ ငယ်များ၏ မေးခွန်းများသာမက အွန်လိုင်းမှ မေးခွန်းသုံးခုကိုလည်း ဖြေကြားပေးခဲ့သည်။

ငြိမ်းချမ်းရေးစကားဝိုင်းမှာ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး စကား ၀ိုင်းအပြီး၌ လူငယ်များက ကန် တော့ခဲ့ကာ ဒေါ်အောင်ဆန်းစု ကြည်က ကြမ်းပြင်ပေါ်တွင် ထိုင် ရင်း အကန်တော့ခံခဲ့သည်။ ငြိမ်း ချမ်းရေးစကားဝိုင်းသို့ တက် ရောက်ခဲ့သည့် လူငယ်များတွင် အသက် (၂၁) နှစ်မှာ အငယ်ဆုံး ဖြစ်ပြီး (၃၄) နှစ်မှာ အကြီးဆုံး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က အပိတ်အမှာစကားပြောကြားရာ တွင် ၂၀၁၇ ကို ငြိမ်းချမ်းရေးနှစ် အဖြစ် ညွှန်းဆိုပြောကြားခဲ့သည်။

‘‘ဒီနေ့ဟာ ၂၀၁၇ ခုနှစ်ရဲ့ ပထမဆုံးနေ့ဖြစ်ပါတယ်။ နောက် ဘာမှမကြာဘူးလို့ ထင်တဲ့ကာလ မှာ ၂၀၁၈ ရဲ့ ပထမဦးဆုံးနေ့ ဖြစ်လာမှာပဲ။ တစ်နှစ်ဆိုတာ ကုန်သွားတာ အင်မတန်မြန်ပါ တယ်။ ကုန်သွားတဲ့အချိန်မှာ ဒီ တစ်နှစ် ၃၆၅ ရက်ကို ထိုက်ထိုက် တန်တန်နဲ့ အများအတွက်သုံးခဲ့ တယ်ဆိုတာ သန့်တဲ့လိပ်ပြာနဲ့ နောင်နှစ်ကို ရင်ဆိုင်နိုင်မယ်ဆိုရင် ကျွန်မတို့ဟာ လူဖြစ်ရကျိုးနပ် တယ်လို့ ဒီလိုပဲ သုံးသပ်လို့ရပါ တယ်။ နောက်နှစ်မှာကျလို့ရှိရင် ငါဟာ ဒီ ၃၆၅ ရက်ထဲမှာ ၃၆၄ ရက်တော့ ဖြုန်းတီးခဲ့ပြီဆိုရင် ဘယ်လောက် နှမြောစရာကောင်း တယ်၊ နိုင်ငံအတွက် သုံးကြပါ။ ကိုယ့်ကိုယ်ကိုယ်လည်း နိုင်ငံအ တွက် သုံးကြပါ။ ကိုယ့်ရဲ့အရည် အချင်းတွေကိုလည်း နိုင်ငံအ တွက် သုံးကြပါ။ ကိုယ့်ရဲ့အသိုင်း အ၀ိုင်းကိုလည်း နိုင်ငံအတွက် လုပ်စေချင်တဲ့ စိတ်ဓာတ်တွေရှိ အောင် ဆော်သြပါ။ စည်းရုံးပါ။ စည်းရုံးတဲ့နေရာမှာ ဆရာကြီးမ လုပ်နဲ့နော်။ စည်းရုံးတယ်ဆိုတာ ဆရာကြီးလုပ်ခိုင်းတာမဟုတ် ဘူး။ စိတ်ကို ဆွဲဆောင်တာကို ပြောတာပါ။ အားလုံးကနေပြီး တော့ ဒီလိုစိတ်ဓာတ်တွေနဲ့ ဆက် ပြီးသွားမယ်ဆိုရင် ဒီနှစ်အတွင်း မှာ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အင် မတန်မှ တိုးတက်မှုရှိနိုင်မယ်လို့ အန်တီတို့ ယုံကြည်တယ်။ အန် တီတို့ကတော့ အမြန်ဆုံးဖြစ်စေ ချင်တယ်’’ဟု ပြောကြားသည်။

‘‘ငြိမ်းချမ်းရေးဆိုတာ ရသင့် တာကြာပါပြီ။ ခုအချိန်ဟာ နောက် မစောင့်သင့်တော့ပါဘူး။ အားလုံး ၀ိုင်းပြီးတော့ ၂၀၁၇ ခုနှစ်ဟာ ငြိမ်း ချမ်းရေးနှစ်လို့ သတ်မှတ်နိုင် အောင်လို့ အားလုံးဝိုင်းဝန်းကူညီ ကြပါလို့ မေတ္တာရပ်ခံရင်း နိဂုံးချုပ် ပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ဆိုခဲ့သည်။

Sources; 7Day

No comments:

Post a Comment