Latest News

Wednesday, January 18, 2017

ပုသိမ်ထောင်ဆူသူများကို အမိန့်ချ

ပုသိမ်ထောင်ဆူသူများကို အမိန့်ချ

ပုသိမ်၊ ဇန်နဝါရီ ၁၈

ပုသိမ်အကျဉ်းထောင်တွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်က ဆူပူအော်ဟစ် ရမ်းကားခဲ့ကြသူ လေးဦးကို ပုသိမ်မြို့နယ် တရားရုံးက ယနေ့ (ဇန်နဝါရီ ၁၈ ရက်) ၌ ထောင်ဒဏ် အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။

“ဖြစ်တာက နိုဝင်ဘာ ၂၆ ရက်နေ့ မနက် ၉ နာရီလောက်မှာ ဖြစ်ခဲ့တာပါ။ တိုက်အမှတ် ၄ မှာထားတဲ့ အကျဉ်းသား လေးယောက်က တံခါးကို တွန်းဖျက်တယ်။ တာဝန်ကျ ဝန်ထမ်းကို ထိုးကြိတ်ပြီးတော့ သော့လုဖို့ ကြိုးစားတယ်။ ဒါကြောင့် အဲဒီအကျဉ်းသား လေးယောက်ကို သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ”ဟု ပုသိမ် အကျဉ်းထောင် တာဝန်ခံအရာရှိ ဦးကြည်ဦးက ရှင်းပြသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က ပုသိမ်အကျဉ်းထောင် တိုက်အမှတ် (၄) အခန်း အမှတ်(၄)မှ စုစုပေါင်း ထောင်ဒဏ် ၄၁ နှစ် ပြစ်ဒဏ်ကျခံလျက် ရှိသော မောင်ဦး(ခ)သဲမောင်က တာဝန်ကျ အကျဉ်းဦးစီး ဝန်ထမ်းများကို အော်ဟစ်ဆဲဆို ရမ်းကားခဲ့ကြောင်း၊ ထို့ကြောင့် ယင်းညနေပိုင်းတွင် ပုသိမ်နယ်မြေ ရဲစခန်းသို့ တိုင်တန်းခဲ့သဖြင့် မောင်ဦး(ခ)သဲမောင်နှင့်အတူ ဆူပူရာတွင်ပါဝင်ခဲ့ကြသည့် ကောင်းမြတ်သူ (ခ) ကိုဇေ၊ ဇင်ဖြိုးအောင်နှင့် ဇော်ဇော် (ခ) ဖိုးဇော်တို့ကို ပုသိမ်နယ်မြေရဲစခန်းက (ပ) ၄၃၅/ ၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ-၁၄၇/ ၁၄၈/ ၁၅၂ တို့ဖြင့် အမှုဖွင့် အရေးယူခဲ့သော အမှုဖြစ်သည်။

အမိန့်ချမှတ်ရာတွင် မောင်ဦး (ခ) သဲမောင်ကို ထောင်ဒဏ် ၁ နှစ်နှင့် ၆ လ၊ ကောင်းမြတ်သူ (ခ) ကိုဇေ၊ ဇင်ဖြိုးအောင်နှင့် ဇော်ဇော် (ခ) ဖိုးဇော်တို့ကို ထောင်ဒဏ် ၁ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ပုသိမ်မြို့နယ် တရားရုံးထံမှ သိရသည်။

Sources: The Voice

No comments:

Post a Comment