Latest News

Monday, January 2, 2017

အထင်နဲ့အမြင်

အထင်နဲ့အမြင်


လောကလူသားအများစုမှာရှိတဲ့
အထင်ကြီးစိတ် အထင်သေးစိတ်က
လူတွေကို အတော်ဒုက္ခပေးပါတယ်။

သူများကို တရားလွန်အထင်ကြီးမိလျှင်
ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်စိတ်ဝင်တတ်တယ်
သူများတွေလိမ်ညာတာခံရတတ်တယ်။

သူများကို တရားလွန်အထင်သေးမိလျှင်
ကိုယ့်ကိုယ်ကိုယ်မာန်တက်တတ်တယ်
အထင်မှားမိတဲ့အခါ အရှက်ရတတ်တယ်။

ဒါကြောင့် အကြောင်းမသိသူတွေအပေါ်
အထင်ကြီးခြင်း အထင်သေးခြင်းကို
အလောသုံးဆယ်မပြုသင့်ပါဘူး။

အကြောင်းမသိဘဲ သုံးသပ်တာ
ပေါင်းမကြည့်ဘဲ ဆုံးဖြတ်တာဟာ
အမှန်တရားကိုရောက်ဖို့ထက်
အမှားများတတ်တာကြောင့်ဖြစ်ပါတယ်။

လူတစ်ယောက်ကို အပေါ်ယံကြည့်ပီး
ကောက်ချက်ချတာ ဆုံးဖြတ်တာလုပ်မိရင်
နောင်မိမိအထင်နဲ့ လွဲနေတာကိုတွေ့ပြီး
ကိုယ့်သိက္ခာကိုယ်မလုံဖြစ်တတ်တယ်။

အသွင်အပြင်ကြည့်ပီးမဆုံးဖြတ်နဲ့
အပြင်ပန်းဆိုတာ ကျီးအာသီးလို
ဟန်ဆောင်အလှဖုံးနေတတ်တယ်။

အပြောအဆိုကြည့်ပီး မဆုံးဖြတ်နဲ့
လိမ်လည်လှည့်ဖြားမယ့်သူဆိုတာ
သကာလိုချိုအောင်ပြောတတ်တယ်။

အမူအရာကြည့်ပီး မဆုံးဖြတ်နဲ့
ဟန်ဆောင်ကောင်းသူဆိုတာ
မျက်လှည့်အတတ်ကျွမ်းကျင်သူလို
မယာပရိယာယ်အလွန်ကြွယ်တယ်။

ပိုင်ဆိုင်မှုပြတာကိုကြည့်ပီး မဆုံးဖြတ်နဲ့
ကြွားဝါးဟန်ဆောင်သူဆိုတာ
သူများအရောင်နဲ့ပါးပြောင်းရာမှာ
တစ်ဖက်ကမ်းခတ်သူဖြစ်တယ်။

အချို့သောအသွင်သဏ္ဌာန်တွေက
အမှန်တရားကိုဖုံးကွယ်ထားတတ်တယ်။
တကယ်တော့ အမှန်တရားဆိုတာ
အသွင်သဏ္ဌာန်ရဲ့နောက်ကွယ်မှာရှိတယ်။

တစ်ချို့က သူမှာရှိတာထက်ပိုပြီး
အထင်ကြီးခံရအောင်လုပ်ပြတယ်။
တစ်ချို့က သူ့မှာရှိတာထက်လျော့ပြီး
ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းတယ်။

အဲဒါကိုသေခြာမြင်အောင်ကြည့်ပြီး
ဒုတိယလူမျိုးဖြစ်အောင်ကြိုးစားပါ။
သင် လူအထင်ကြီးခံချင်မှခံရမယ်
ဒါပေမယ့် သိက္ခာရှိရှိရပ်တည်နိုင်ပီး
စိတ်ချမ်းသာမှု အပြည့်အဝရရှိမယ်
ကြာလေဘဝတန်ဖိုးတက်လေဖြစ်မယ်။

အစစ်အမှန်ရှားပါးလာနေတဲ့ခေတ်မှာ
ဆန်းစစ်ဝေဖန်မှုအားနည်းရင်ခံသွားရမယ်။
အတုယောင်တွေပေါများလာတဲ့ခေတ်မှာ
မျက်စိဖွင့်နားစွင့်ပီး သေခြာမလေ့လာရင်
လူနုံလူအအဖြစ် အလိုလို စာရင်းဝင်သွားမယ်။

ကိုယ်ကလည်း အလကားနေ အထင်ကြီးမခံချင်နဲ့။
သူများကိုလည်း အလကားနေ အထင်မသေးမိစေနဲ့။
အထင်ကြီးမှု အထင်သေးမှုကို လျှော့ချနိုင်လေ
စိတ်ချမ်းသာမှုပိုခံစားရလေဆိုတာ သတိပြုပါ။

ဒေါက်တာအရှင်ကုမုဒ (ဗောဓိတထောင်)လန်ဒန် - အင်္ဂလန်

No comments:

Post a Comment