Latest News

Monday, January 2, 2017

ပုဂံသင်ခန်းစာ

ပုဂံသင်ခန်းစာ

တို့အဘိုးဘွားတွေ ချန်ရစ်တဲ့မြေ
တို့အမျိုးသားအမွေ အမှန်ဖြစ်တဲ့မြေ

ဒီမြေမှာကိုယ်ပိုင်ထီးနန်းစိုက်ထူပြီး
ယဉ်ကျေးမှုတွေထွန်းကားစေခဲ့သလို
ဒီမြေမှာဘုရားတည်ကျောင်းဆောက်ပီး
ဘာသာသာသနာရဲ့အလင်းရောင်ကို
ပြောင်ပြောင်ဝင်းဝင်းထွန်းညှိခဲ့တယ်

ဒီမြေပေါ်ကျူးကျော်သူမှန်သမျှကို
ဒူးမထောက် လက်မမြောက်ဘဲ
စည်းစည်းလုံးလုံးနဲ့အောင်နိုင်ခဲ့သလို
ဒီမြေပေါ်မှာစတေးခဲ့တဲ့သွေးတွေနဲ့
မြန်မာ့သတ္တိကိုကမ္ဘာကသိစေခဲ့တယ်

အဲဒီလို မြင့်မြတ်တဲ့နှလုံးသား
ပုဂံသားတွေမှာရှိခဲ့တယ်ဆိုတာ
ဘိုးဘွားများကိုပြန်ပြောခိုင်းစရာမလို
သမိုင်းမှတ်တမ်းမှာရှာစရာမလိုအောင်
ပုဂံအောင်မြေကသက်သေထူနေတယ်
ဒီမြေမှာသေတူရှင်မကွာနေထိုင်ပြီး
ဒီရေကိုအတူသောက်သုံးကြပါလို့
ပုဂံသားတို့ရဲ့တောင်းပန်သံတွေက
ဘဝဂ်တိုင်အောင်ညံနေဆဲဖြစ်တယ်

ကမ္ဗည်းကျောက်စာနဲ့ထင်ရှားခဲ့တဲ့
ရှေးပုဂံသားတို့ရဲ့အားမာန်တွေကို
စံပြအဖြစ်နမူနာမယူနိုင်ရင်တောင်
ဒီမြေမှာပေါ်ထွန်းခဲ့တဲ့စာစကား
ဒီမြေမှာမျိုးစေ့ချခဲ့တဲ့ယဉ်ကျေးမှု
ဒီမြေမှာထွန်းကားခဲ့တဲ့သာသနာ
ဒီမြေမှာရေးထိုးခဲ့တဲ့သမိုင်းအမွေကို
တို့တစ်တွေလက်ဆင့်ကမ်းဖို့လိုတယ်

ဒီအတွက် ပုဂံမျိုးဆက်လို့အမည်ခံပြီး
အကြံအဖန်လုပ်တာကိုချီးမွမ်းခန်းဖွင့်
လေ့လွင့်နေတဲ့အပေါစားလိုစခန်းသွား
လမ်းမှားနေတဲ့အတွေးတွေနဲ့ရှင်သန်
မလျော်ကန်တဲ့အာဃာတနဲ့အမုန်းပွါး
လည်သူစားစတမ်းလို့စကားလုံးထွင်
လူမထင်ခွေးမခန့်ဘဝမှာနေသားကျ
ရရစားစားအနေထားကရှေ့မတက်
လက်တွေ့မလုပ်နိုင်ဘဲလေလုံးထွား
အမြီးရအမြီးစား ခေါင်းရခေါင်းစားနဲ့
ဖောက်ပြားနေတဲ့စိတ်ထားတွေကို
အကြီးစားပြုပြင်မှုလုပ်ဖို့လိုနေပြီ

မြန်မာမှန်လျှင် ပုဂံကိုချစ်တတ်ရမယ်
မြန်မာမှန်လျင် စည်းနဲ့ကမ်းနဲ့နေရမယ်
မြန်မာမှန်လျှင် စည်းလုံးညီညွတ်ရမယ်
မြန်မာမှန်လျှင် ယဉ်ကျေးသိမ်မွေ့ရမယ်
မြန်မာမှန်လျှင် စာနာသနားတတ်ရမယ်
မြန်မာမှန်လျှင် ယိုင်းပင်းကူညီတတ်ရမယ်
မြန်မာမှန်လျှင် သမိုင်းကိုတန်ဖိုးထားရမယ်
မြန်မာမှန်လျှင် ဗုဒ္ဓအဆုံးမကိုလိုက်နာရမယ်
မြန်မာမှန်လျှင် တိုင်းရင်းသားအရေးသွေးနီးရမယ်
မြန်မာမှန်လျှင် နိုင်ငံသားအချင်းချင်းချစ်ခင်ရမယ်
ဒါတွေဟာ မြန်မာနိုင်ငံသားအားလုံးအတွက်
ကျောင်းစာသင်ခန်းထဲမှာသင်ယူစရာမလိုတဲ့
ပုဂံစာမျက်နှာက သင်ခန်းစာတွေဖြစ်ပါတယ်

 ဒေါက်တာအရှင်ကုမုဒ (ဗောဓိတထောင်) လန်ဒန် - အင်္ဂလန်

No comments:

Post a Comment