Latest News

Monday, January 16, 2017

မြောင်းမြထောင်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်ပေးပို့သည့် ထောင်ဝန်ထမ်းနှင့် အကျဉ်းသားကို အရးယူ

မြောင်းမြထောင်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်ပေးပို့သည့် ထောင်ဝန်ထမ်းနှင့် အကျဉ်းသားကို အရးယူ

မြောင်းမြအကျဉ်းထောင်အတွင်းရှိ အကျဉ်းသားထံ ပို့မည့်ပစ္စည်းများတွင် စိတ်ကြွမူးယစ်ဆေးများ ဖမ်းဆီးရမိပြီး ဆေးဝါး သယ်ဆောင်ပေးသူ ထောင်ဝန်ထမ်းနှင့် အဆိုပါ အကျဉ်းသားတို့ကို မူးယစ်ပုဒ်မဖြင့် အရေးယူထားကြောင်း ဧရာဝတီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနမှူးရုံးမှ စုံစမ်းသိရသည်။

မြောင်းမြထောင်အတွင်း အကျဉ်းကျနေသော အကျဉ်းသား ဖြိုးမောင်မောင်(ခ) ကရင်ထံသို့ ပေးပို့သည့် ပစ္စည်း ၁၉ မျိုး ပါရှိသော ပါဆယ်ထုပ်ကို အကျဉ်းထောင်ဝန်ထမ်းတပ်ကြပ်ရဲနီကဧရာဝတီသား ကားဂိတ်တွင် သွားရောက်ယူခဲ့သည်။

အဆိုပါပစ္စည်းများကို အကျဉ်းထောင်  တံခါးမကြီးတွင် ထောင်အရာရှိတစ်ဦးက စစ်ဆေး ရာ အဝတ်လျှော်ဘရပ်ရှ်၏ အံခွက်အတွင်း ဝှက်ယူလာသည့် WY စာတန်းပါ လိမ္မော်ရောင် ဆေးပြား ၁၂၅ ပြားနှင့် အစိမ်းရောင် ဆေးပြားတစ်ပြားတို့ကို ဇန်နဝါရီ ၁၂ ရက် နေ့လယ်က ရှာဖွေဖမ်း ဆီးရမိကြောင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းမင်းစိုးက ပြောသည်။

‘‘အကျဉ်းထောင်ဝန်ထမ်းက ပစ္စည်းတွေ သယ်ပေးတယ်။ သူ့ လက်ဝယ်မှာ မူးယစ်ဆေးဝါးတွေ မိတယ်။ အကျဉ်းထောင်ဝန်ထမ်း ရော၊ အကျဉ်းသားကိုရော မူးယစ်ဆေးဝါးမှုနဲ့ အရေးယူမှာပါ’’ ဟု ဦးမင်းမင်းစိုးက ပြောသည်။

အကျဉ်းသား ဖြိုးမောင်မောင်(ခ)ကရင်သည် အစိုးရပိုင် ရေနံဆီ ၁၀ တန်ခန့်ကိုအလွဲသုံးစားပြုမှုဖြင့် နှစ်လေးဆယ် ထောင်ဒဏ်ချမှတ်ခံနေရသူဖြစ်သည်။

အစိုးရက နှစ်ကြီး အကျဉ်း သားများအား ပြစ်ဒဏ်လျှော့ပေး ခဲ့သဖြင့် လက်ရှိတွင် နှစ်သုံးဆယ် ပြစ်ဒဏ် ကျခံနေရပြီး အကျဉ်းထောင်မှလွတ်ရန် ရှစ်နှစ်ကျော် လိုသေးသူလည်းဖြစ်သည်။

၎င်းသည် အင်းစိန်အကျဉ်း ထောင်မှ မြောင်းမြအကျဉ်းထောင် သို့ ပြောင်းရွှေ့ထားသည့် အကျဉ်းသားဖြစ်ကြောင်း အကျဉ်းဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

အဆိုပါ အကျဉ်းထောင် ဝန်ထမ်း တပ်ကြပ်ရဲနီနှင့် အကျဉ်း သားဖြိုးမောင်မောင်(ခ)ကရင်တို့ ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဥပဒေ ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားသည်။ ဖမ်းဆီးရမိ ထားသော  မူးယစ်ဆေးဝါးများ၏ အလေးချိန်သည် ၁၁ ဒသမ ၃၄ ဂရမ်ရှိပြီး ကာလတန်ဖိုးအရ ကျပ်ခြောက်သိန်းသုံးသောင်းခန့်ရှိကြောင်း သိရသည်။

Sources; 7Day News Journal

No comments:

Post a Comment