Latest News

Tuesday, January 3, 2017

(၆၉)ကြိမ်မြောက် လွတ်လပ်ရေးနေ့၏နိုင်ငံရေးသန္နိဋ္ဌာန်

(၆၉)ကြိမ်မြောက် လွတ်လပ်ရေးနေ့၏နိုင်ငံရေးသန္နိဋ္ဌာန်

တိုင်းပြည်၏ လွတ်လပ်ရေးအတွက် လုံလောက်သောနိုင်ငံရေးအင်အား၊ စစ်ရေးအင်အားတို့ကို ပြင်ဆင်၍ နယ်ချဲ့ ဗြိတိသျှတို့နှင့် ညှိနှိုင်းဆွေးနွေး သောအခါ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အမျိုးသား ခေါင်းဆောင်ကြီး များသည် အချုပ်အခြာအာဏာကို ပီပီသသ ကျင့်သုံးနိုင် ရေးကိုမျှော်မှန်းလျက် တိုင်းရင်းသားလူမျိုးစုဒေသများပါ တစ်ပါတည်း လက်တွဲညီညီပါဝင်ရေးကို ဦးတည်ဆောင်ရွက်ခဲ့ပါသည်။ သမိုင်းက တောင်းဆိုနေသော ဤအမျိုးသား ရေးတာဝန်သည် လွယ်ကူသောကိစ္စရပ် မဟုတ်သည်မှာ ပေါ်လွင်ထင်ရှားပြီးဖြစ်ပါသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များအပါအဝင် အမျိုးသားခေါင်းဆောင်ကြီး များသည် နိုင်ငံရေး အမြော်အမြင်နှင့် စည်းရုံးရေးစွမ်းပကားတို့ကို ညီညီညွတ်ညွှတ်အသုံးချလျက် ပြည်ထောင်စုနိုင်ငံတော်၏ လွတ်လပ်ရေး ကို ဆုပ်ကိုင်အရယူခဲ့ကြပါသည်။

သို့သော် အမျိုးသားခေါင်းဆောင်ကြီးများ ကျဆုံးသွားသည်နှင့်အတူ နိုင်ငံရေးဝိဝါဒကွဲလွဲမှုကြောင့် ပြည်တွင်း စစ်မီးတောက်လောင်ခဲ့ရ သည်။ အဆိုပါ ပြည်တွင်းစစ်မီးသည် တိုင်းရင်းသားလူမျိုးအရေးကိစ္စ အထိပါ ကူးစက်ကျယ်ပြန့်ခဲ့ရပါသည်။ ပြည်တွင်းစစ်မီး တောက်လောင် ခဲ့သည့်ကာလကို ပြန်လည်ရေတွက်ကြည့်ပါက တိုင်းပြည်၏ လွတ်လပ်ရေး သက်တမ်းနှင့်အတူ (၆၉)နှစ်ရှိနေပြီဖြစ်ပါသည်။ ဖြတ်သန်းခဲ့သော အတိတ်သမိုင်း ကြောင်းကို ပြန်လည်သုံးသပ်ကြည့်ပါက ပြည်တွင်းစစ် ကြောင့် တိုင်းပြည်၏အချုပ် အခြာအာဏာကို အမျိုးသား ခေါင်းဆောင် ကြီးများ မျှော်မှန်းသကဲ့သို့ ပီပီသသကျင့်သုံးနိုင်ခဲ့ခြင်းမရှိသည်ကို တွေ့ မြင်ရမည်ဖြစ်ပါသည်။ ဤအတိတ်သမိုင်းအမှားကို ပြုပြင်နိုင်ရေး အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အပါအဝင် တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များနှင့် လက်တွဲလျက် (၂၁) ရာစု ပင်လုံညီလာခံကို ကျင်းပနေခြင်းဖြစ်ပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ကြိုးပမ်းလျက်ရှိသော ဤအမျိုးသား ရေးကြိုးပမ်းမှုကို ပြောင်းလဲနေသော ကမ္ဘာ့နိုင်ငံရေးနှင့် မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားတို့ကို ဆက်စပ် ထင်ဟပ်လျက် သုံးသပ်ကြည့်ရန် လိုအပ်ပါသည်။ အာဆီယံ စီးပွားရေးရိပ်မြုံ (ASEAN Economic Community-AEC) နှင့် ပိုးလမ်းမစီမံကိန်းကဲ့သို့သော ဒေသတွင်းစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်များ တွင် မြန်မာနိုင်ငံသည် အချက်အချာနေရာ၌ ရှိနေ၍ စိန်ခေါ်မှုများနှင့်အတူ အခွင့်အလမ်းကောင်းများကို ဆုပ်ကိုင် နိုင်သည့်အနေအထားတွင် တည်ရှိနေပါသည်။ စိန်ခေါ်မှုတို့ကို အမိအရ ကျော်လွှားလျက် အခွင့်အလမ်း ကောင်းတို့ကို အပြည့်အဝဆုပ်ကိုင်နိုင်ရေး အတွက် ပြည်တွင်းစစ်မီးငြိမ်းသတ်ရန် လိုအပ်သည်မှာ အထူးတလည် ရည်ညွှန်းပြောဆိုရန်မလိုအပ်သောကိစ္စရပ်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ကြိုးပမ်းနေသော(၂၁) ရာစု ပင်လုံညီလာခံ အောင်မြင်ရေးကို (၆၉)ကြိမ် မြောက် လွတ်လပ်ရေးနေ့၏ နိုင်ငံရေးသန္နိဋ္ဌာန်အဖြစ် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးက နှလုံးသား၌ စွဲမှတ်အကောင်အထည်ဖော် ကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

Sources; MOI Webportal Myanmar

No comments:

Post a Comment