Latest News

Wednesday, January 4, 2017

ဗိုလ်ချုပ်ပြောကြား လွတ်လပ်ရေးစကား

ဗိုလ်ချုပ်ပြောကြား လွတ်လပ်ရေးစကား

ကျွန်ုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၈၂၄၊ ၁၈၅၂၊ ၁၈၈၅ ခုနှစ်များတွင် ဗြိတိလျှတို့နှင့် စစ်သုံးကြိမ်ဖြစ်ပွားပြီး အင်္ဂလိပ်လက်အောက်သို့ ကျရောက်သွားခဲ့ရ၏။ ဆုံးရှုံးသွားသော လွတ်လပ်ရေးကြီး ပြန်ရအောင် နှစ်ပေါင်း ၁၀၀ ကျော် တိုက်ပွဲဝင်တောင်းဆိုခဲ့ရာ ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက်တွင် လွတ်လပ်ရေးပန်းတိုင်ကို လှမ်းကိုင်နိုင်ခဲ့သည်။

လွတ်လပ်ရေးရအောင် ခေါင်းဆောင်ပိုင်းမှာ အဓိကဆောင်ရွက်သူမှာ ဗိုလ်ချုပ်အောင်ဆန်းပင် ဖြစ်၏။ လာမည့် ဇန်န၀ါရီ ၄ ရက်တွင် လွတ်လပ်ရေးသက်တမ်း (၆၉) နှစ်ပြည့်ခဲ့ပါပြီ။ လွတ်လပ်ရေးတိုက်ပွဲများကို ပြန်လည်သတိရနိုင်စေရန် ဤဆောင်းပါးကို ရေးရပါသည်။

လမ်းပေါ်မှာ ဆေးရိုးလှန်းထား

“ဒီတော့ကား လွတ်လပ်ရေးဆိုလို့ ခင်ဗျားတို့ကို ကျွန်တော်ပြောရဦးမယ်။ လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင် မြေကမပေါက်နိုင် ဘူးဆိုတာကို ခင်ဗျားတို့ကို ကျွန်တော်ရှင်းလင်းခဲ့ဖူးတယ်။ဘာလို့လဲဆိုရင် ခင်ဗျားတို့ စိတ်ထဲမှာ လွတ်လပ်ရေးလုပ်တော့မယ်ဆိုရင် စိတ်ထဲမှာ ဘယ်လိုရှိကြသလဲ။ ပဒေသာပင်ကြီး နေ့ချင်းညချင်း ပေါက်လာတော့မလို ခင်ဗျားတို့ထင်နေကြတယ်။

တချို့ကလည်း လွတ်လပ်ရေးရပြီဆိုပြီးတော့ ဘာလုပ်သလဲဆိုရင် ဟင်္သာတနယ်ဘက်မှာ ကျွန်တော်တွေ့ခဲ့ဖူးတယ်။ ဘာတွေ့သလဲဆိုရင် ဟင်္သာတမှာလမ်းပေါ်တက်ပြီး ဆေးရိုး၊ ဆေးရွက်တွေ တက်လှန်းတယ်။ အဲဒီတော့ လမ်းသွားလမ်းလာတွေ တော်တော်ဒုက္ခရောက်တယ်။ အဲဒါလွတ်လပ်ရေး မဟုတ်ဘူး။ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်ကဘာလဲ။ လွတ်လပ်ရေးဆိုတာဟာ ကိုယ်တစ်ဦး တစ်ယောက် ကောင်းစားဖို့ဖြစ်စေ တစ်မျိုးသားလုံး ကောင်းစားဖို့ဖြစ်စေ လုပ်တဲ့နေရာမှာ တခြားလူတစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် တိုးတက်ဖို့ လုပ်နိုင်တာဟာ လွတ်လပ်ရေးပဲ။

ရမ်းကားမှုသာဖြစ်တယ်

ဥပမာ-ခင်ဗျားတို့ စီးပွားရေးဖြစ်ထွန်းအောင် လုပ်တဲ့နေရာမှာ အနှောင့်အယှက် မရှိစေရဘူး။ အခြားလူတွေရဲ့အကျိုးကို မထိခိုက်ရင် လွတ်လပ်ရေးပဲ။ တိုင်းပြည်တစ်ခုလုံးရဲ့ အကျိုးကိုလည်း မထိခိုက်စေရဘူး။  သူများကိုထိခိုက်တဲ့ လွတ်လပ်ရေးဟာ လွတ်လပ်ရေးကို မဟုတ်ဘူး။ အဲဒါက ဘာလဲဆိုရင် licence ခေါ်တယ်။ ဒါဟာရမ်းကားမှုပဲ။

ဒီတော့ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်ဟာ စည်းမဲ့ကမ်းမဲ့ သဘောမျိုးမဟုတ်ဘူး၊ စည်းနဲ့ကမ်းနဲ့ သဘောမျိုးသာဖြစ်တယ်။ စည်းကမ်းရှိမှာသာလျှင် လွတ်လပ်ရေးဆိုတာ ဖြစ်နိုင်တယ်။ အဲဒီတော့ လွတ်လပ်ရေးကို ကျွန်တော်တို့ရတဲ့အခါ နားလည်ရမှာက ငါတို့တိုင်းပြည်ဟာ ပိုပြီးစည်းကမ်းရှိဖို့လိုတယ်။ လွတ်လပ်ရေးရအောင် စည်းကမ်းရှိရှိ လုပ်ရမယ်။ အဲဒီစည်းကမ်းသဘောတွေ နားလည်ပြီး စည်းနဲ့ကမ်းနဲ့လုပ်ကြမှ လွတ်လပ်ရေးဆိုတာ တကယ်ရမယ်။

အတော်ကိုပြဲအောင်ကြိုးစားနိုင်မှ တော်ရာကျမယ်

လွတ်လပ်ရေးရတဲ့အခါ ကျွန်တော်တို့ အခုတင် စီမံကိန်းအမျိုးမျိုးနဲ့လုပ်တောင်မှ အနှစ် ၂၀ ကျွန်တော်တို့ စကားခပ်ရိုင်းရိုင်းပြောရရင် စကားခပ်ရိုင်းရိုင်းပြောမှ လူတွေကမှတ်မိမှာ။ အတော်ကိုပြဲအောင်လုပ်နိုင်မှ၊ ကုန်းလုပ်နိုင်မှ၊ ရုန်းလုပ်နိုင်မှ အနှစ် ၂၀ ရှိတဲ့ အခါ တော်ကာကျမယ်။ အဲဒီလို မဟုတ်ဘဲ ခင်ဗျားတို့ အလုပ်မလုပ်ဘဲနေရင် ယိုးဒယားပြည်ရဲ့ အဆင့်အတန်းကိုတောင် မီမှာမဟုတ်ဘူး။ ယိုးဒယားဆိုရင် လွတ်လပ်ရေးထဲမှာ ခပ်ညံ့ညံ့ပဲ။ ညံ့ညံ့ပေမယ့် ကျွန်တော်တို့ မြန်မာပြည်နဲ့စာလိုက်ရင်တော့ ကျွန်တော်တို့ ထက်သာတာပဲ။ ယိုးဒယားမှာက စစ်တပ်ကောင်းကောင်းရှိတယ်၊ ရေတပ်တွေလည်းရှိတယ်။ လေတပ်တွေလည်းရှိတယ်။ အခြားစစ်တပ်မျိုးတွေ တော်တော်များများရှိတယ်။ အဲသလို ယိုးဒယားမှာရှိသလို ကျုပ်တို့နိုင်ငံမှာ မရှိသေးဘူး။

ဖာသည်တိုင်းပြည်ဖြစ်နေမှာပဲ

တကယ်တော့ ကျွန်တော်တို့က တကယ်ပဲ သုညကစပြီး အကုန်လုံးအုတ်မြစ်ချပြီး အလုပ်လုပ်ရမှာဆိုတော့ တခြားနိုင်ငံတွေ ခြေတစ်လှမ်းလှမ်းရင် ကျွန်တော်တို့က ခြေလှမ်း ၄၊ ၅၊ ၁၀ လှမ်း လှမ်းနိုင်မှ အဲဒီလိုလိုက်နိုင်တဲ့အခါကျမှ နောင် ၁၀ နှစ် ၊ အနှစ် ၂၀ တန်သည်အားဖြင့် အဲဒီလိုတန်းတူညီတူ ဖြစ်သွားမယ်။ တန်းတူညီတူ မဖြစ်သမျှကာလ ပတ်လုံးဒီတိုင်းပြည်ကြီးဟာ လွတ်လပ်ရေးဆိုပေမယ့် ဟိုလူ့ကို မျက်နှာချိုသွေးရ။ ဒီလူကို မျက်နှာချိုသွေးရနဲ့ ဖာသည်လိုနိုင်ငံဖြစ်နေမယ်ဆိုတာကို ခင်ဗျားတို့နားလည်ထားစေချင်တယ်။ (လက်ခုပ်သြဘာသံများ)

အဲဒီတော့ကား အင်မတန်ကို ကျွန်တော်တို့တစ်ခါတည်း ကျွန်တော်တို့တိုင်းပြည် စည်းစည်းရုံးရုံးသွားပါမှ ဖာသည်နိုင်ငံမဖြစ်သွားမှာပါ။ အဲဒီတော့ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထု ညီညွတ်ရေး၊ စားဖားသမားတွေ ညီညွတ်ရေးတော့ မလိုချင်ပါဘူး။ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ လူထုညီညွတ်ရေးနှစ်ခု မရှိသမျှကာလပတ်လုံး ဒီတိုင်းပြည်မှာ ဘယ်လိုလုပ်လုပ် ဖာသည်တိုင်းပြည်ဖြစ်နေမှာပဲလို့ ကျွန်တော်ပြောချင်တယ်။ အဲဒီတော့ အဲဒီ ညီညွတ်ရေးနှစ်ခု မပျက်ပြားစေနဲ့။ အဲဒါ အင်မတန်အရေးကြီးတယ်။

လုံ့လ၀ီရိယ လျှော့လို့မဖြစ်

လွတ်လပ်ရေးရဖို့ အခြေအနေကတော့ တော်တော်လေးများပါတယ်။ ကျွန်တော် တို့ဗမာစကားရှိတယ်။ အင်္ဂလိပ်စကားလည်း ရှိတယ်။ ‘Don't halloo till you are out of the wood’ အရင်တစ်ခါလည်း ကျွန်တော်ပြောပြီးပါပြီ။ စစ်ပွဲကြီးအတွင်းကမလွတ်ခင် တောကြီးမျက်မည်းထဲက မလွတ်ခင်တော့ ငါတော့ဘေးလွတ်ပြီလို့ မအော်ပါနဲ့ဆိုတဲ့ သဘောပါပဲ။ အဲဒီလိုပါပဲ ခြင်္သေ့မင်းကို ပမာပြုရမယ်ဆိုရင် ခြင်္သေ့ဟာ တောကောင်လိုက်တဲ့နေရာမှာ ငယ်တာကြီးတာပဓာနမထား။ လုံ့လစိုက်ထုတ်ပြီးဖမ်းတတ်တယ်။ ဒါမှလည်းအောင်မြင်တယ်။ အဲဒီလိုအားထုတ်ဖို့ ကျွန်တော်တို့လိုပါတယ်။

ဖာသည်လွတ်လပ်ရေး

ကျွန်တော်တို့ဗမာတွေ စောက်ကျင့်တစ်ခုရှိတယ်။ ကျွန်တော်တို့က ကျွန်ဘ၀နဲ့နေခဲ့ရတာကိုး။ ဘာလဲဆိုတော့ ဂျပန်ခေတ်က ပုသိမ်ဘက်မှာ လှေပွဲတစ်ခုသွားကြည့်ခဲ့တယ်။ လှေလှေချင်းပြိုင်တာ နိုင်တဲ့အသင်းက ပန်းတိုင်မရောက်သေးဘူး တက်ထောင်တယ်။ ရှုံးတဲ့လှေကလည်း မီအောင်ကြိုးစား မလှော်ဘူး။  ခြေပစ်လက်ပစ်နဲ့ပေါ့။ အဲဒါက လွတ်လပ်ရေးမထိုက်တန်ဘူး။ မနိုင်နိုင်အောင်လှော်မှ လွတ်လပ်ရေးရမှာ။

ပြီးတော့ ဘောလုံးပွဲကိုကြည့်

ဗမာဘောလုံးပွဲမှာ ကိုယ့်ဘက်က ဂိုးစသွင်းရင် အတော်အားတက်လာတယ်။ ဂိုးတော်တော်များများရလာရင် ပေါ့ပေါ့ပဲ ကန်တော့တယ်။ ငါနိုင်မှာပဲဆိုတဲ့ ပေါ့လျော့စိတ်ပေါ့။ ဘောလုံးပွဲမှာ တစ်ဖက်ကဂိုးမရတော့ လူချတယ်။ Sporting sprit မရှိဘူး။ အားကစားစိတ်ဓာတ် လုံးဝမရှိဘူး။ ဗမာတွေတလွဲ ဆံပင်ကောင်းကြတယ်။

ကျပ်ပြည့်တင်းပြည့် ခံစားရမှာမဟုတ်ဘူး

ခင်ဗျားတို့ ပြဲအောင် လန်အောင်လုပ်ကြရမယ်။ သာမန်လုပ်ရုံနဲ့တော့ လွတ်လပ်ရေးမရနိုင်ဘူး။ ကွန်မြူနစ်တက်တက်၊ ဆိုရှယ်လစ်တက်တက် အလုပ်ကြိုးစားကြရမယ်။ လွတ်လပ်ရေးလိုချင်ရင် လွတ်လပ်ရေးနဲ့တန်တဲ့ စည်းကမ်းတွေရှိရမယ်။ ညီညွတ်မှုတွေရှိရမယ်။ အကျင့်ဆိုးတွေပြင်ပြီး ကမ်းရှိမှသာ လွတ်လပ်ရေးရမယ်ဆိုတာ ပြောကြားချင်တယ်။

Sources; နီငြိမ်း (အညာတက္ကသိုလ်) Eleven

No comments:

Post a Comment