Latest News

Monday, January 16, 2017

ရန်ကုန်မြို့တော်၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍသစ်တစ်ရပ် အမှန်တကယ် ဖွင့်လှစ်နိုင်တော့မည်လား

ရန်ကုန်မြို့တော်၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍသစ်တစ်ရပ် အမှန်တကယ် ဖွင့်လှစ်နိုင်တော့မည်လား



ယခု ရက်ပိုင်းကြားကြရသည့် သတင်းများတွင် အထူးခြားဆုံးမှာ ရန်ကုန်မြို့တော်၏ သယ်ယူပို့ဆောင်ရေးစနစ် အပြောင်းအလဲ သတင်းပင် ဖြစ်သည်။ အစိုးရသစ် တက်လာပြီးနောက်ပိုင်း ရန်ကုန်မြို့တော်ကြီးအတွင်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှု လုပ်ငန်းများထဲတွင် ထိုကိစ္စမှာ လူပြော အများဆုံးနှင့် စိတ်ဝင်စားမှုနှုန်း အမြင့်တက်ဆုံး ဖြစ်သည်။ ထိုကိစ္စမှာ အစိုးရသစ် တက်တက်လာချင်း ဆောင်ရွက်ခဲ့သည့် သင်္ကြန်ကိစ္စပြီးလျှင် ယခုကိစ္စမှာ ဒုတိယမြောက် အောင်မြင်အောင် လုပ်ဆောင်ရန် အတော် ကြိုးစားယူရမည့် ကိစ္စဖြစ်ကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။ ဤကိစ္စမှာ ယခင် ဆောင်ရွက်ခဲ့သည့် နောက်ဖေးလမ်းကြားများအတွင်း အမှိုက်သိမ်းသည့်ကိစ္စ၊ လမ်းဘေး ဈေးသည်များ နေရာရွှေ့ပြောင်းသည့် ကိစ္စနှင့် ကျူးများကို စိစစ်သည့် ကိစ္စများနှင့်မတူ။ နှစ်ပေါင်း အတော်ကြာ ဖွဲ့စည်းရပ်တည်လာသည့် မထသနှင့် ယာဉ်လိုင်းပေါင်း ၃၀ဝ ကျော်ကို ဖျက်သိမ်းပြီး ယာဉ်လိုင်း ၆၀ လိုင်းသာ ရှိမည့် အများပိုင်ပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်သစ်အသွင်သို့ စတင်တော့မည့် ကိစ္စကြီးဖြစ်သည်။ ထိုစနစ်သစ်ကြီးကို လာမည့်ဇန်နဝါရီလ ၁၆ ရက်တွင် စတင်ကြတော့မည် ဖြစ်ကြောင်းလည်း တိုင်းသိပြည်သိ ကြေညာထားပြီး ဖြစ်သည်။ ထွက်ခွာမည့် ယာဉ်စရပ်နှင့် အဆုံးနေရာများ ပါဝင်သည့် ယာဉ်လမ်းကြောင်း ၆၀ ခုအတွက် လမ်းပြ လက်ကမ်းစာစောင် (Yangon Region Transport Authority) များကိုလည်း ဖြန့်ဝေထားပြီးဖြစ်သည်။

ယခင်က ဆောင်ရွက်နေသည့်စနစ်မှာ မထသ ဗဟို၏ အုပ်ချုပ်မှုအောက်တွင် ကော်မတီအဖွဲ့ ၁၈ ဖွဲ့၊ ယာဉ်လိုင်းနံပါတ် ၃၀ဝ ကျော်ဖြင့် လုပ်ငန်း လိုင်စင်ယူကာ ပြေးဆွဲနေကြပြီး သက်ဆိုင်ရာ မထသနှင့်ဆိုင်ရာ ယာဉ်အသင်းကို လိုင်းကြေးဂိတ်ကြေးပေးပြီး ကိုယ်ရကိုယ်ယူ စနစ်ဖြင့် ပြေးဆွဲနေကြသည့် စနစ်ဖြစ်သည်။ ယခင့်ယခင်က ရှိခဲ့ဖူးသည့်ယာဉ်စီး လက်မှတ်စနစ်များ ပပျောက်သွားပြီး ယာဉ်ပိုင်ရှင်များ အနေနှင့် ၎င်းတို့ မနစ်နာရေးအတွက် ယာဉ်လိုင်းများကို အုံနာခကြေး ရယူပြီး ကားကို ပုတ်ပြတ်ပေးစနစ်ဖြင့် ဆောင်ရွက်နေကြကြောင်း၊ သို့သော်လည်း ၁၉၈၈  ခုနှစ် မတိုင်ခင်ထိ ရှိနေခဲ့ကြသည့် ယာဉ်လိုင်း ၄၈ ခုခန့် ကျန်ရှိနေသေးကြောင်းနှင့် ယနေ့အချိန်အထိ အင်းစိန်လမ်းမ အပေါ်တွင် ထိုယာဉ်လိုင်းများ ရှိနေပြီး မထသ၏ အစီအစဉ်အရ အခြား ယာဉ်လိုင်းများ ထပ်မံ ပေါ်ပေါက်လာချိန်တွင် ဦးရာလူစနစ်ဖြင့် အုံနာခပေးပြီး အမြတ်များများ ကျန်စေရေးအတွက် ယာဉ်လိုင်းများအချင်းချင်း အပြိုင်လုမောင်းကြခြင်း၊ ခရီးသည်များကို အလုအယက် တင်ဆောင်ကြခြင်းများ ဆောင်ရွက်နေကြသဖြင့် ယခု နောက်ပိုင်းတွင် ကားအချင်းချင်း ဖြစ်ပွားသည့် ပြဿနာများ၊ ယာဉ်မောင်း၊ ယာဉ်အကူနှင့် ခရီးသွား ပြည်သူတို့ ဖြစ်ပွားသည့် ပြဿနာများမှာ ကြီးထွားလာနေခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့အတွက်ကြောင့်ပင် ခရီးသွားပြည်သူများ အနေနှင့် နေ့စဉ် ရုံးတက်ရုံးဆင်း၊ အလုပ်သွား အလုပ်ပြန်ချိန်တိုင်း အသက်အန္တရာယ်ကြားမှနေပြီး စိုးရိမ်စိတ်များဖြင့် သွားလာနေကြရသဖြင့် ထိုဘဝများမှ လွတ်မြောက်ပြီး ယာဉ်လိုင်းစီး ခရီးသည်များ စိတ်အေးချမ်းသာယာစွာ သွားလာနိုင်ရေး၊ ယာဉ်မောင်း၊ ယာဉ်ပိုင်ရှင်နှင့် ယာဉ်အကူများ အနေနှင့်လည်း ကိုယ့်ဂုဏ် ကိုယ့်သိက္ခာနှင့်အညီ ရပ်တည်သွားလာ လုပ်ကိုင်နိုင်စေရေးအတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ စနစ်သစ် တစ်ခုကို ပြောင်းလဲ ဖော်ဆောင်ရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် သယ်ယူပို့ဆောင်ရေး ကော်မတီမှ တာဝန်ရှိသူများက ဆိုခဲ့ကြသည်။

အမှန်ဆိုရလျှင် ယနေ့လက်ရှိ နိုင်ငံတော်၏ စီးပွားရေးမြို့တော်ကြီးလည်းဖြစ်၊ နိုင်ငံ၏ လူဦးရေ ၁၀ ပုံ တစ်ပုံ နေထိုင်ရာ မြို့ကြီးလည်းဖြစ်သည့် ရန်ကုန်မြို့တော်ကြီးတွင် နေ့စဉ် အကြောင်းအမျိုးမျိုးဖြင့် ကိုယ်ပိုင်ယာဉ်၊ အငှားယာဉ်နှင့် ယာဉ်လိုင်းများကို စီးနင်းပြီး ခရီးသွားလာနေကြသည့် ပြည်သူပေါင်းမှာ သိန်း၂၀ ခန့် ရှိနေသည်ဟု JICA ၏ အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။ ယခုရက်ပိုင်း နောက်ဆုံးရရှိ သတင်းများအရ ဆိုလျှင် ဇန်နဝါရီလ ၁၆ ရက်တွင် စတင်တော့မည့် မော်တော်ယာဉ်လိုင်းများ ပြောင်းလဲပြေးဆွဲမည့် ပထမရက်သတ္တပတ်အတွက် အသစ်ပြေးဆွဲမည့် ကားမှတ်တိုင်များတွင် အများပြည်သူများ၏ အခက်အခဲများအား ကူညီဆောင်ရွက်ရန် စေတနာ့ ဝန်ထမ်းများကိုလည်း “လိုရာခရီး ရောက်ရှိဖို့ ဝိုင်းဝန်းကူညီ ဆောင်ရွက်စို့” ဆောင်ပုဒ်ဖြင့် YBS (Yangon Bus Service) က ဇန်နဝါရီလ ၁၁ ရက်နေ့က စတင် ဖိတ်ခေါ်ထားခဲ့သည်ကို တွေ့ရှိရသည်။

ထိုသို့ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စတင် ပြောင်းလဲ ပြေးဆွဲမည့် အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်အပေါ် ပြည်သူအများစုက ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြသည်။ ရန်ကုန်မြို့တော်၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍသစ် တစ်ရပ်ကို အမှန်ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း၊ လူ အမြောက်အမြားနေသည့် မြို့တော်ကြီးတွင် ယခု ဖော်ဆောင်မည့်စနစ်သည် အလွန် ကောင်းမွန် သင့်တော်သည့် လုပ်ရပ်ဖြစ်ကြောင်း၊ သို့သော်လည်း ပြောင်းလဲမှု၏ ပထမ သတင်းတစ်ပတ်တွင်မူ ခရီးသွား ပြည်သူများအတွက် အခက်အခဲ ရှိမည်မှာလည်း အမှန်ပင်ဖြစ်ကြောင်း၊ ယာဉ်လိုင်းများ၏ လမ်းကြောင်းများအရ တချို့သော ပြည်သူများမှာ ၂ ဆင့်၊ ၃ ဆင့် စီးကြရမည့် အခြေအနေများ ရှိနေနိုင်ကြောင်း၊ သို့သော်လည်း ယာဉ်လမ်းကြောင်း ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်ပ စေတနာရှင် ကူညီသူများ၏ အကူအညီဖြင့်ပင် အဆင်ပြေစွာ ဖြတ်ကျော်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ဆိုခဲ့ကြသည်။

ထိုသို့သော ကဏ္ဍသစ် တစ်ရပ်ကို မဖွင့်လှစ်မီ ဖြစ်ပေါ်လာနိုင်သည့် ယာဉ်ကြောပိတ်ဆို့မှုများ၊ ပြည်သူအများစု၏ အခက်အခဲများကို ကြိုတင် မျှော်တွေးပြီး လွန်ခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်တိုင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့သို့ လမ်းကြောင်း အသုံးပြုရန် မော်တော်ဆိုင်ကယ်များကို ရန်ကုန် တိုင်းဝန်ကြီးချုပ်က ပေးအပ်ခဲ့သည့်သတင်း တစ်ရပ်ကိုလည်း ဖတ်ခဲ့ရသေးသည်။ ထို့ပြင် မြို့တွင်း မီးပွိုင့်များနှင့် လမ်းကြောင်းတစ်လျှောက် တပ်ဆင်ထားသည့် CCTV များမှတစ်ဆင့် ဖြစ်ပေါ်လာသည့် ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာများအတွက်လည်း ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် Traffi c Control Center ကို တည်ဆောက်ထားခဲ့ပြီး ဖြစ်သည်ကိုလည်း တွေ့ရသည်။

မည်သို့ပင်ဆိုစေ ယခုကဲ့သို့ အများပိုင် သယ်ယူပို့ဆောင်ရေးစနစ်ကို စတင် အကောင်အထည် ဖော်ဆောင်မှုများမှာ အောင်မြင်မည်၊ မအောင်မြင်မည် ဆိုသည်ထက် ကောင်းမွန်သည့်ဘက်သို့ ဦးတည်ကာ စတင်ဖော်ဆောင်သည့် ပြောင်းလဲမှုဖြစ်သည့်အတွက် ကြိုဆိုကြရမည့်ကိစ္စဖြစ်သည်။ အစဦးပိုင်းတွင် အခက်အခဲများ ရှိကောင်းရှိနိုင်မည် ဖြစ်သည်။ အစကနဦးပိုင်း ဖြစ်သည့်အတွက် ယာဉ်များက မည်သို့ဖြစ်သည်။ ယာဉ်ကြောများက တစ်ဆင့်ပြီးတစ်ဆင့် စီးကြရသည်။ ယခင်ထက် လျင်မြင်မှု မရှိ။ နှောင့်နှေးကြန့်ကြာသည်။ ယာဉ်စီးနင်းခနှုန်းက မည်သို့ ရှိနေသည် စသည်တို့ကို ကြားကြရဦးမည်သာ ဖြစ်သည်။ ဝေဖန်ထောက်ပြသံများ ဆူညံနေလိမ့်ဦးမည်ဖြစ်သည်။ ထိုအရာများမှာလည်း ပြောင်းလဲမှုအသစ် တစ်ခုကို စတင်ဖော်ဆောင်သည့်ကာလ စတင်ဆောင်ရွက်သည့် အချိန်တွင် ဖြစ်လေ့ဖြစ်ထ ရှိတတ်သည့် သဘောတရားများသာ ဖြစ်သည်။

ယနေ့အချိန်ကာလတွင် စီးပွားရေးအရ အောင်မြင်တိုးတက်နေသည့် ဥရောပနိုင်ငံ၏ မြို့တော်များဖြစ်သည့် ဘာလင်မြို့တော်၊ ဘရပ်ဆဲလ် မြို့တော်နှင့် ဝါဆောမြို့တော်များသည်လည်း ယခင်တစ်ချိန် တစ်ခါဆီက သူတို့သည်လည်း ယခုကဲ့သို့ပင် စနစ်သစ် တစ်ခုကို ထွင်လျှောက်ခဲ့ကြသည်မှာ အမှန်ပင်ဖြစ်မည်။ ၎င်းတို့အနေနှင့်လည်း အစကနဦးပိုင်းတွင် အတော် ကြိုးစားဆောင်ရွက်ခဲ့ကြမည်မှာ ယုံမှားသံသယ ဖြစ်စရာ မရှိပေ။ ယနေ့တွင်မူ ထိုမြို့တော်များတွင် ကိုယ်ပိုင်ယာဉ်များနှင့် အငှားယာဉ်များ အနည်းအကျဉ်းသာ မြင်တွေ့ရတော့သည်။ မြို့ပေါ် တစ်လျှောက်တွင် မြို့ပတ်လျှပ်စစ်ယာဉ်လိုင်းများ အနီရောင် အများစုကသာ နေရာ ယူထားပြီး ၃ မိနစ် တစ်စီးကျ အချိန်မှန်မှန် စည်းချက်ကျကျ ဝင်ထွက် သွားလာနေသဖြင့် ပြည်သူများက ထိုယာဉ်များကိုသာ စီးကြသည်။ အလားတူမြေ အောက်ရထားလမ်းများကိုသာ မြို့၏အောက်ခြေတွင် လက်ယှက်ထိုးဖောက် လုပ်ထားပြီး ဘူတာရုံများကို နေရာ ခပ်စိပ်စိပ်တွင် ထားရှိပေးကာ အချိန်မှန်ဝင်ထွက်ကာ သယ်ပို့ပေးသည်။ ထိုနည်းအားဖြင့် မြို့နေလူထု ပြည်သူများသည်လည်း ကိုယ်ပိုင်ယာဉ်များ မသုံးကြတော့ချေ။ အငှားယာဉ်များ ဆိုသည်မှာလည်း ခပ်ရှားရှားပင် ဖြစ်သည်။ မြို့ပေါ်ရှိ လမ်းမများတွင် လူများကိုသာ တွေ့ခဲ့ရသည်။ ယာဉ်များမှ ထွက်ပေါ်လာသည့် ကာဘွန်ဒိုင် ဓာတ်ငွေ့များ မရှိသလောက် နည်းပါးသွားသည်။

မနက်ည ရုံးသွား ရုံးပြန်၊ အလုပ်သွား အလုပ်ပြန် အချိန်မှန်မှန် သွားလာနိုင်ကြသဖြင့် သူတို့ တက်တက်ကြွကြွ ရှိလှသည်။ ယာဉ်ကြောပိတ်ဆို့ ခြင်းကြောင့် လမ်းတွင် ကုန်ဆုံးသွားကြရမည့် အချိန်ကို သီးခြား အပို တွက်ချက်ကာ သွားလာကြရခြင်းမျိုး မရှိတော့ပေ။

ပြည်သူအများစု နေထိုင်ရာလည်းဖြစ်၊ စီးပွားရေးအရ အချက်အချာ ကျသည့်နေရာဆိုလည်း မမှား၊ နိုင်ငံခြားသားများ အလည်အပတ် လမ်းလျှောက်ထွက်ရာ မြို့၏ Downtown နေရာလည်းဖြစ်သည့် မြို့၏ အလယ်ဗဟို နေရာတစ်ဝိုက် လမ်းမများနှင့် ကြားလမ်းများကို ကားများ ပေးမဝင်တော့ဘဲ သန့်ရှင်း ပြောင်လက်အောင် လုပ်ထားလာကြသည်။ လမ်းမများ အပေါ်တွင် လူအများ ဆော့ကစားနေကြသည်။ စစ်တုရင် ဝိုင်းဖွဲ့ ကစားကြသည်။ ကလေးများ ဘောလုံး ကန်နေကြသည်။ လူကြီးများ ဝိုင်းဖွဲ့ စားသောက်နေကြသည်။ လမ်းမများထက်တွင် သစ်တုံးများ ကျောက်များ သဲများ ခင်းပြီး သစ်ပင်များ စိုက်ကာ ကျောက်ခေတ်ကလို သဘာဝ ပတ်ဝန်းကျင်ကောင်းကို သူတို့ ပြန်ဖန်တီးနေကြသည်။ အသက်ရှည် ကျန်းမာရေးနှင့် လူတိုင်း သက်တမ်းစေ့ နေထိုင်နိုင်ရေးအတွက် အလေးပေး စဉ်းစားလာကြသည်။ လူအများ လိုက်ပါပြီး စက်ဘီး နင်းရသည့်သဖွယ် ခြေနင်းဖြင့် သွားလာရသည့် စက်မဲ့ယာဉ်များကို တီထွင် လာကြပြီး မြို့တွင်း လမ်းမများထက်တွင် အေးအေးလူလူ သွားလာနေကြသည်။

ထို့အတွက် နိဂုံးချုပ်အားဖြင့် တင်ပြရလျှင် ယနေ့အချိန်တွင် ရန်ကုန်မြို့တော်ကြီး အတွင်း၌ စတင် ဖော်ဆောင်တော့မည့် အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်သစ် အောင်မြင် ချောမွေ့စေရေးနှင့် ၎င်းမှ တစ်ဆင့်တက်ပြီး အထက်တွင် ဖော်ပြခဲ့သည့် ဥရောပနိုင်ငံများနည်းတူ လျှပ်စစ်ယာဉ်များ၊ မြေအောက်ရထားများအထိ တိုးတက်ကာ ဖော်ဆောင် သွားနိုင်ရေး ဆိုသည်မှာ အစိုးရ တစ်ရပ်တည်းဖြင့် ဆောင်ရွက်၍ ရနိုင်မည် မဟုတ်ပေ။ မြို့တော် စည်ပင်သာယာရေး အဖွဲ့ တစ်ဖွဲ့တည်းကလည်း သူ့ချည်း ဆောင်ရွက်နေရုံမျှနှင့်လည်း ပြီးမည်မထင်။ ပြည်သူအများအတွက် ရေရှည် အကျိုးစီးပွားကို မျှော်တွေးပြီး ဆောင်ရွက်ကြရသည် ဖြစ်သည့်အတွက် ပြည်သူများကပါ ဝိုင်းဝန်းထမ်းပိုး ပါဝင်ကြမှရမည်။ သို့မှသာ အချိန်တိုအတွင်း အိမ်နီးချင်း နိုင်ငံများနှင့် ရင်ပေါင်တန်းလာနိုင်မည်။ မိမိတို့နေထိုင်ရာ သဘာဝ ပတ်ဝန်းကျင်တွင် ယာဉ်ကြောပိတ်ဆို့မှုများ၊ ထူထပ်မှုများ ကင်းဝေးပြီး လေထုညစ်ညမ်းမှု အန္တရာယ်မှ လွန်မြောက်နိုင်မည်။ မိမိတို့ နိုင်ငံသို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသားများ အတွက်လည်း  စိတ်နှလုံး သာယာလျက် မိမိတို့အနေနှင့်လည်း မိမိတို့နိုင်ငံ၏ ဂုဏ်ကို မြှင့်တင်နိုင်ကြမည်ဖြစ်သဖြင့် ထိုသယ်ယူပို့ဆောင်ရေး ကဏ္ဍသစ်တစ်ရပ် အမှန်တကယ် ဖွင့်လှစ်နိုင်ရေး အားလုံးက ပါဝင်ကူညီကြပါစေလိုကြောင်း တိုက်တွန်းရေးသား တင်ပြလိုက်ရပါသည်။

ရန်ကြီးအောင် (ဥပဒေ)


Sources; The Voice


No comments:

Post a Comment