Latest News

Thursday, January 5, 2017

ကြားဖြတ်တွင် အမ်းမဲဆန္ဒနယ်မှ ဝင်အရွေးခံမည့် ဒေါက်တာအေးမောင်ကို ဒေသခံများ ကန့်ကွက်

ကြားဖြတ်တွင် အမ်းမဲဆန္ဒနယ်မှ ဝင်အရွေးခံမည့် ဒေါက်တာအေးမောင်ကို ဒေသခံများ ကန့်ကွက်

ရန်ကုန်၊ ဇန်နဝါရီ ၅

လာမည့် ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမ်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို လက်မခံကြောင်း သဘောထားလက်မှတ်များ ကောက်ခံ၍ ကန့်ကွက်ထားကြောင်း အဆိုပါ ကန့်ကွက်မှုကို ဦးဆောင်သူတစ်ဦး ဖြစ်သည့် ဦးမင်းလှိုင်က ပြောကြားသည်။

“ဒီနေရာကို ဒေသခံပဲ သင့်တော်တဲ့အတွက် ကန့်ကွက်တာပါ။ အမ်းဒေသခံ USDP က အားကောင်းတယ်။ ပါတီဥက္ကဋ္ဌ အနေနဲ့တော့ ရှိစေချင်တယ်။ အခုတောင် ပါတီထဲမှာ စိတ်ဝမ်းကွဲနေတယ်။ တကယ်လို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ခဲ့မယ်ဆိုရင် နောက်ထပ်တစ်ပါတီ ထပ်ကွဲထွက်နိုင်တယ်။ အဲဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တော့ ဝင်မပြိုင်စေချင်ဘူး” ဟု ၎င်းက ပြောသည်။

ကန့်ကွက်ကြောင်း လက်မှတ်စုဆောင်းမှုကို အမ်းမြို့နယ် အတွင်း၌ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှစ၍ ပြုလုပ်ခဲ့ရာ ဆန္ဒမဲပေးခွင့်ရှိသူ ခုနစ်သောင်းနီးပါးရှိသည့် အထဲမှ ကန့်ကွက်ကြောင်း ထောက်ခံလက်မှတ် နှစ်ထောင်ခန့် ရရှိခဲ့ကြောင်း ဦးမင်းလှိုင်က ပြောဆိုသည်။

အဆိုပါ ကန့်ကွက်ကြောင်း ထောက်ခံလက်မှတ်များကို ရခိုင်အမျိုးသားပါတီ ဗဟိုရုံးချုပ်၊ တောင်ကုတ်ရုံးခွဲတို့သို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က ပေးပို့ထားခဲ့သော်လည်း ပါတီဘက်မှ တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်လာခြင်း မရှိဟု ကန့်ကွက်လက်မှတ် စုဆောင်းရာတွင် ဦးဆောင်သူတစ်ဦး ဖြစ်သည့် ဦးသန်းချိုက ပြောသည်။

ထိုသို့ ပါတီဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်လာခြင်း မရှိသည်နှင့် ပတ်သက်၍ ဦးသန်းချိုက “ဒေသခံတွေရဲ့ ဆန္ဒအမှန်ကိုတော့ ထုတ်ဖော်သွားမယ်။ အခြေအနေကြည့်ပြီး ဆန္ဒထုတ်ဖော်တာအထိ လုပ်သင့်ရင်တော့ လုပ်သွားမယ်” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ အမ်းဒေသခံ နှစ်ထောင်ကျော်၏ ကန့်ကွက်မှုအပေါ် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအေးမောင်က “ကိုယ့်နေရာ ကိုယ့်ဒေသလည်း ဖြစ်တယ်။ ကျွန်တော်တို့ဘက်က အရှုံးမပေးနိုင်တဲ့ ဒေသလည်း ဖြစ်တယ်။ ဒေသခံ မဟုတ်ပေမယ့် ဝင်ပြိုင်တဲ့ နေရာမှာလည်း ရှုံးဖူးတယ်။ ပါတီတစ်ခုရဲ့ အကြီးအကဲက သွေးမကြောင်ဘူး ဆိုတာကို ပြဖို့လိုတယ်။ ဒေသခံကို ရှုံးမှာစိုးလို့ မပြိုင်ဘူးဆိုတာ ပါတီအကြီးအကဲ အနေနဲ့ မဖြစ်သင့်ဘူး။ ကျွန်တော့်ကို အမ်းမှာ မပြိုင်စေချင်ဘူး ဆိုတာက ကျွန်တော်တို့ ပါတီကလား၊ တခြားပါတီကလား။ နိုင်ငံရေးက အရေထူဖို့ လိုတယ်” ဟု တုံ့ပြန်ပြောဆိုသည်။

အမ်းမဲဆန္ဒနယ်မြေတွင် မိမိဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ဒေသခံများထံမှ သဘောထားကို ရခိုင်အမျိုးသားပါတီမှ ဗဟိုအထွေထွေအတွင်းရေးမှူးက ဦးဆောင်၍ နိုဝင်ဘာလအတွင်းက ရယူခဲ့ရာ  အများစုက သဘောတူ ထောက်ခံခဲ့ကြောင်း၊ ထိုရလဒ် ရရှိထားသည့်အတွက် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမ်းဒေသမှ ဝင်ရောက်ရွေးချယ် အနိုင်ရရှိမည်ဟု မျှော်လင့်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

ဒေါက်တာအေးမောင်သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကာလ မာန်အောင်မဲဆန္ဒ နယ်မှ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့ရာတွင်လည်း မာန်အောင်မြို့ ဒေသခံများ၏ ကန့်ကွက်ဆန္ဒထုတ်ဖော်ခြင်းများနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာအတွက် အမ်းမဲဆန္ဒနယ်တွင် ဦးဇော်လင်းအောင် (တစ်သီးပုဂ္ဂလ)၊ ဦးဇော်ဝင်းမြင့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊ ဦးသောင်းငြိမ်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ ဒေါက်တာအေးမောင် (ရခိုင်အမျိုးသားပါတီ) တို့က ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ အမည်စာရင်း တင်သွင်းထားသည်။

လာမည့်ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာ ရှိပြီး နိုင်ငံရေးပါတီ ၂၄ ပါတီမှ ကိုယ်စားလှယ်လောင်း ၈၈ ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ခုနစ်ဦး စုစုပေါင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည်။

Sources; ခင်မြတ်မြတ်ဝေ The Voice

No comments:

Post a Comment