Latest News

Tuesday, January 3, 2017

ဝင့်ကြွားလှုပ်ရှား မြန်မာ့လွတ်လပ်ရေးပထမဆုံးနေ့ အောင်ပွဲအခမ်းအနား

ဝင့်ကြွားလှုပ်ရှား မြန်မာ့လွတ်လပ်ရေးပထမဆုံးနေ့ အောင်ပွဲအခမ်းအနား

ဟံသာဝတီ-ဦးအုန်းကြိုင်၏ ပြန်လည်တမ်းတကိုယ်တွေ့ မှတ်တမ်း
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် တနင်္ဂနွေနေ့
နံနက် ၄ နာရီ မိနစ် ၂၀ အချိန်

ချမ်းဆောင်းရည်ညို ပေါ်သစ်ရတုနုပျိုခိုက်ဖြစ်လေရာ ရန်ကုန် မြို့အတွင်းဝန်များရုံးအတွင်း တိုင်းပြုပြည်ပြု လွှတ်တော်မျက်နှာ စာဝန်းကျင်တခိုဝယ် မှုန်ဝေဝေမှိုင်းလျက် မြူနှင်းတွေဆိုင်း နေပေသည်။ တိုင်းတစ်ပါး လက်အောက် ကျွန်သပေါက်အဖြစ်နှင့် နှစ်ပေါင်း ၆၀ ကျော် နေလာခဲ့ကြရသော မြန်မာတို့ သည် အချုပ်အခြာ အာဏာပိုင် လုံးဝလွတ်လပ်သော လူမျိုးများအဖြစ်သို့ ပြန်လည်ဆိုက်ရောက်ကြရတော့မည့် ဤကျက်သရေ မင်္ဂလာအပေါင်း ခညောင်းသည့် မင်္ဂလာ အခါတော်အချိန်ကြီးတွင် အဆိုပါရန်ကုန်မြို့ အတွင်းဝန်များ ရုံးဝင်းကြီးအတွင်းရှိ တိုင်းပြုပြည်ပြု လွှတ်တော်မျက်နှာစာ မြက်ခင်းပြင်၌လွတ်လပ်သော မြန်မာနိုင်ငံတော်၏ သမိုင်းတွင် မော်ကွန်းတင်ရမည့် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် မြန်မာ့လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားသဘင်ကြီးကို တစ်ခဲနက် အောင်ပွဲခံဆင် ယင်ကျင်းပနိုင်ကြရန် ပြင်ဆင်လျက် ရှိနေကြသည်။

မင်းပေါင်းစုံညီကြွချီကြ၍

ထိုနေ့နံနက် ၄ နာရီအချိန်တွင် ဖော်ပြပါတိုင်းပြုပြည်ပြု လွှတ်တော်မျက်နှာစာရှိ နိုင်ငံတော်အလံတိုင်ရင်ပြင် မြက်ခင်း ပြင်၌ မြန်မာနိုင်ငံတော်၏ ပထမဆုံးသော နိုင်ငံတော်(ယာယီ) သမ္မတကြီး ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၊ ပထမဆုံး သော မြန်မာအစိုးရအဖွဲ့ (ယာယီ) ဝန်ကြီးချုပ်သခင်နု၊ ပထမ ဆုံးသော ပါလီမန် (တိုင်းပြုပြည်ပြုလွှတ်တော်) ဥက္ကဋ္ဌကြီး- ပျော်ဘွယ်ဦးမြ၊ ပထမဆုံးသော နိုင်ငံတော်အစိုးရအဖွဲ့ (ယာယီ) အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းဝန်များ၊ အစိုးရ အရာရှိများ၊ နိုင်ငံခြားအထူးသံတမန်များ၊ ယာယီပါလီမန် (တိုင်းပြုပြည်ပြုလွှတ်တော်) အမတ်များ၊ ဖဆပလအဖွဲ့ချုပ် အမှုဆောင် လူကြီးများ၊ နိုင်ငံခြား ဧည့်သည် တော်များ၊ စာရေးသူအပါအဝင် ပြည်တွင်း ပြည်ပသတင်းစာ ဆရာများ စုံညီစွာ တက်ရောက်လျက် ရှိနေကြသည်။

နှင်းမြူမစဲနှင်းဖွဲဖွဲဝယ်

နှင်းမြူမစဲနှင်းဖွဲဖွဲဝယ် မြန်မာတို့၏ မင်္ဂလာစည်တော် ရွမ်းသံက သာယာငြိမ့်ညောင်းစွာ ထွက်ပေါ်နေသည်။ လွှတ်တော်မြက်နှာစာရင်ပြင်အရှေ့ထောင့်တွင် တပ်မတော် (ကြည်း) ဂုဏ်ပြုတပ်ဖွဲ့ကလည်းကောင်း၊ မျက်နှာစာရှေ့တွင် တပ်မတော် (ရေ) တပ်နှင့် တပ်မတော် (လေ)တပ်မှ ဂုဏ်ပြု တပ်ဖွဲ့ဝင်များ၊ လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်တို့က နေရာအသီးသီး ယူထားကြသည်။

ပထမဆုံးသော နိုင်ငံတော်သမ္မတကြီး

ထိုအချိန်တွင်ပထမဆုံးသော နိုင်ငံတော်(ယာယီ) သမ္မတကြီး စဝ်ရွှေသိုက်သည် မင်းခမ်းတော်အဆောင် အယောင်တို့နှင့် လွှတ်တော်ဆင်ဝင်ရှေ့ဆီသို့ ထွက်ကြွလာ သည်တွင် ရွမ်းနေသော မင်္ဂလာစည်တော်သံက ရပ်သွား သည်။
ထိုမှ တစ်ဆက်တည်းလိုလို နိုင်ငံတော်(ယာယီ)သမ္မတကြီး သည် တပ်မတော်ဂုဏ်ပြုတပ်ဖွဲ့များကို တစ်တပ်ပြီး တစ်တပ် လှည့်လည်စစ်ဆေးရှုစားစဉ်တွင် ကရင်အမျိုးသား သေနတ် ကိုင်တပ်ရင်း စစ်တီးဝိုင်းအဖွဲ့မှ တပ်စစ်ဆေးခြင်း၊ တီးမှုတ်မှု  ဘင်ခရာသံ တီးမှုတ်ပေးနေလေသည်။

ထိုစဉ် ယာယီပါလီမန်လွှတ်တော်ရှေ့ အလံတိုင်ပေါ်မှ မကြာမီ လျှောချဖြုတ်သိမ်းသွားရတော့မည့် ဗြိတိသျှတို့ ၏ ယူနီယံဂျက်အလံသည် နံနက်ခင်းဆောင်းနှင်းလေနုအေး  ကြောင့် တဖျပ်ဖျပ်လှုပ်ခတ်လျက်ရှိနေသည်။ နံနက် ၄ နာရီ ၁၉ မိနစ်အချိန်သို့အရောက်တွင် လွှတ်တော်ရှေ့ မြက်ခင်းပြင်၌ အသင့်ရောက်ရှိနေကြပြီဖြစ် သော မင်းပရိသတ်အားလုံး ငြိမ်သက်စွာနေကြရန် မီးရောင် လင်းခနဲပြ၍ အချက်ပေးလိုက်လေသည်။

သမိုင်းဝင် ၄နာရီ မိနစ် ၂၀

နံနက် ၄ နာရီ မိနစ် ၂၀ တိတိအချိန်တွင် ရန်ကုန်ဆိပ်ကမ်း ၌ ဆိုက်ကပ်ထားသော ဘာမင်ဂမ်ဗြိတိသျှ စစ်သင်္ဘောကြီး ပေါ်မှ အခါတော်ကြားအမြောက်သံများ ထွက်ပေါ်လာသည် နှင့် တစ်ပြိုင်နက် ကရင်အမျိုးသား သေနတ်ကိုင်တပ်ရင်း ဘင်ခရာအဖွဲ့က စစ်ထုံးစံအတိုင်း တီးမှုတ်နေ၍ ဗြိတိသျှ ရေတပ်ဗိုလ်တစ်ဦးက အလံတိုင်ထိပ်ပေါ်မှ ဗြိတိသျှတို့၏ ယူနီယံဂျက်အလံကို တဖြည်းဖြည်းချင်း ဆွဲချလိုက်လေသည်။

ပထမဆုံး လွတ်လပ်သောအလံတော်

ဗြိတိသျှတို့၏ ယူနီယံဂျက်အလံကို တိုင်ထိပ်ပေါ်မှ  ချလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် မြန်မာ့တပ်မတော်(ရေ)မှ ဗိုလ်တစ်ဦး၏ လက်တွင်းရှိ အနီရောင်အောက်ခံ၊ ထိပ်ထောင့် စွန်း အပြာရင့်ရောင်ပေါ်၌ ကြယ်ဖြူ ငယ်ငါးလုံးဝန်းရံသော ကြယ်ဖြူကြီးတစ်လုံးပါ ပထမဆုံးသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံတော်ကြီးသည် ကောင်းကင်ယံသို့ ထိုးထွက်လျက် အလံတော်တိုင်ထိပ်ဆီသို့ တဖြည်းဖြည်း ချင်း လင်းလက်ဝင့်ကြွားစွာ တက်ရောက်သွားလေသည်။
ထိုအချိန်တွင် ကရင်သေနတ်ကိုင်တပ်ရင်း စစ်တီးဝိုင်းအဖွဲ့မှ ဂုဏ်ယူဝင့်ကြွား တီးခတ်လိုက်သော ပထမဆုံးသော တရားဝင်နိုင်ငံတော်သီချင်းသံသည် ကြားလိုက်ရသူအပေါင်း ကြက်သီးမွေးညင်းထကာ အလွန်အကြူးကြည်နူးပီတိဖြစ် ကြရသည်အထိ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်ပြည့်စုံစုံ ထွက်ပေါ်လာပေတော့သည်။

မင်္ဂလာငွေခရုဇေယျတုပြုကြပြီ

ရှေးမြန်မာမင်းများ အောင်ပွဲခံနန်းသိမ်းပွဲများတွင် စီရင် ကျင်းပလေ့ရှိသည့် ထီးသုံးနန်းသုံး ယဉ်ကျေးမှု အစဉ်အလာအရ ပညာရှိ ပုဏ္ဏားတော်များက အောင်ဇေယျတုအနုမောဒနာ မင်္ဂလာ ငွေခရုသင်းများ မှုတ်ကြသည့်ထုံးအတိုင်း ခရုသင်းများ ပြိုင်တူမှုတ်ကြသည်။
လွှတ်တော်မျက်နှာစာမြက်ခင်းပြင်ပေါ်ရှိ မင်းပရိသတ် အားလုံးတို့လည်း စွင့်စွင့်မားမား တိုင်ထိပ်ဖျားတွင် ၀င့်ကြွား ထည်ဝါစွာ တဖျပ်ဖျပ်လှုပ်ခတ်နေပြီဖြစ်သော ပထမဆုံး သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံတော်ကို ဂုဏ်ယူတက်ကြွစွာ တစ်ပြိုင်နက် ဝမ်းသာအားရ အလေးပြု ကြလေသည်။

အာဏာအလွှဲအပြောင်းပုံရိပ်လက္ခဏာများ

ဤသည်တို့မှာ နိုင်ငံတစ်နိုင်ငံ၏ အကြီးမြင့်ဆုံးသော အချုပ်အခြာအာဏာ အလွှဲအပြောင်းပြုခြင်း၏ သင်္ကေတ နိမိတ်လက္ခဏာများပင်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် နိုင်ငံတော်တည်းဟူသော လှေယာဉ်ကြီးကို လှိုင်းတံပိုးများ ကြမ်းတမ်းခက်ထရော်လှသော ပင်လယ်ခရီးလမ်းတစ်လျှောက် အတိမ်းအစောင်းမရှိ ပဲ့ကိုင်ထိန်းမတ်၍ ရွက်စုံတက်စုံ ဖွင့်ကာ လိုရာခရီးဖြစ်သော လွတ်လပ်ရေးပန်းတိုင်အရောက် ဘေးမသီရန်မခ ဆောင်ကြဉ်းနိုင်စွမ်း ရှိခဲ့ကြသည့် ဗိုလ်ချုပ် အောင်ဆန်း၊ သခင်နု အစရှိသော အမျိုးသားခေါင်းဆောင် ကြီးများ၏ စွမ်းရည်ကြောင့် နယ်ချဲ့ ဗြိတိသျှအစိုးရသည်မြန်မာနိုင်ငံကို လက်လွှတ်၍ အချုပ်အခြာအာဏာကို  ပြန်လည်ပေးအပ်လိုက်ရပြီဖြစ်ရာ ဤကျက်သရေမင်္ဂလာ အခါတော်ရသော ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် တနင်္ဂနွေနေ့ နံနက် ၄ နာရီ မိနစ် ၂၀ တိတိအချိန်တွင် မြန်မာနိုင်ငံတော်သည် အသူရိန်ရာဟုခံတွင်းမှ ရှင်းရှင်းကြီး လွတ်ကင်းသည့် သော်တာငွေစန်းပမာ ပကတိသန့်စင်သည့် လုံးဝလွတ်လပ် သော အချုပ်အခြာအာဏာပိုင် နိုင်ငံတော်ကြီးအဖြစ်သို့ ရောက်ရှိပြီဖြစ်ကြောင်း အထိမ်းအမှတ်များပင် ဖြစ်ပါသည်။

လွတ်လပ်သော ပထမဆုံးပါလီမန်

နံနက် ၄ နာရီ မိနစ် ၄၀ အရောက်တွင် မင်းပရိသတ် အပေါင်းတို့သည် ယာယီပါလီမန် (တိုင်းပြုပြည်ပြု လွှတ်တော်)၏ ခန်းမဆောင်ကြီးထဲတွင် စုရုံးနေရာယူကြသည်။ နံနက် ၄ နာရီ ၄၅ မိနစ်တွင် ပထမဆုံးသော နိုင်ငံတော် သမ္မတကြီးစဝ်ရွှေသိုက်သည် ပထမဆုံးသောနိုင်ငံတော်ဝန်ကြီး ချုပ်သခင်နု၊ ပထမဆုံးသော ယာယီပါလီမန် (တိုင်းပြုပြည် ပြုလွှတ်တော်) ဥက္ကဋ္ဌကြီး ပျော်ဘွယ်ဦးမြတို့နှင့်အတူ ပါလီမန် ခန်းမဆောင်ကြီးထဲသို့ ကြွရောက်လာရာ ပရိသတ်အပေါင်း တို့က မတ်တတ်ရပ်၍ အရိုအသေပြုကြသည်။

သမ္မတကြီး၏ ကြေညာချက်နှစ်ရပ်

သမ္မတကြီးသည် လွှတ်တော်ခန်းမဆောင်ထိပ်ရှိ လွှတ် တော်ဥက္ကဋ္ဌနေရာစင်မြင့်ပေါ်တွင် နေရာယူပြီး သည့်နောက် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်သမ္မတရာထူးကို လက်ခံသိမ်းပိုက်ကြောင်း ကြေညာလိုက်လေသည်။ ထိုမှ တစ်ဆက်တည်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံေ တာ် ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုကြောင်း ကြေညာလိုက်ရာ လွှတ်တော်ခန်း မကြီးတစ်ခုလုံးတစ်ခဲနက် မြည်ဟည်းထွက်ပေါ်လာသော ဩဘာသံကြီးဖြင့် လွှမ်းခြုံသွားလေသည်။

လွတ်လပ်ရေးကြေညာစာတမ်း

ထို့နောက် လွတ်လပ်ရေးကြိုးပမ်းကြရာတွင် အသက်စွန့် လွှတ်သွားကြသော သူရဲကောင်းအပေါင်းတို့အား သတိရ သော အထိမ်းအမှတ်အဖြစ် လွှတ်တော်တစ်ရပ်လုံး မတ်တတ် ရပ်၍ ၂ မိနစ် ငြိမ်သက်ကာ မေတ္တာပို့အမျှပေးဝေကြသည်။ ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် သခင်နုက “ အောင်စေ သတည်း” အစချီသော မြန်မာ့လွတ်လပ်ရေးကြေညာစာတမ်း ကို ဖတ်ကြားကြေညာသည်။

လွတ်လပ်သော မြန်မာနိုင်ငံတော်၏
ပထမဆုံးအစိုးရအဖွဲ့ဝင် ဝန်ကြီးအဖွဲ့

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် ရာထူးတာဝန် ဆိုင်ရာ ကျမ်းသစ္စာနှင့် လျှို့ဝှက်မှုဆိုင်ရာ ကျမ်းသစ္စာတို့ကို ကျိန်ဆိုလက်မှတ်ရေးထိုးပြီးနောက် နိုင်ငံတော်သမ္မတကြီးကဝန်ကြီးချုပ်သခင်နုကို ဌာနဆိုင်ရာတံဆိပ်တော်အပ်နှင်းလေသည်။
ဝန်ကြီးချုပ်က လွတ်လပ်ရေးနေ့မိန့်ခွန်းကို ပါလီမန် သို့ပြောကြားသည်။ ထို့နောက် နိုင်ငံတော်သမ္မတကြီးထံ သမ္မတ မြန်မာနိုင်ငံတော်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ရှေ့ သို့ သွင်းခွင့်ပြုရန် အမိန့်တောင်းခံပြီး ခွင့်ပြုချက်ရသည် နှင့် လွတ်လပ်ရေးရပြီးသည့်နောက် ပထမဆုံးအစိုးရအဖွဲ့ဝင် ဝန်ကြီးများကို တစ်ဦးချင်းစီ သမ္မတရှေ့မှောက်သို့သွင်း၍ ခန့်အပ်လွှာများနှင့်တကွ ဌာနဆိုင်ရာတံဆိပ်များကိုပါ အပ်နှင်း ပြီးနောက် နံနက်ပိုင်း အခမ်းအနားရုပ်သိမ်းလိုက်လေသည်။

ပထမဆုံးသော မြန်မာအစိုးရအဖွဲ့

၁။ သခင်နု နိုင်ငံတော်ဝန်ကြီးချုပ်
၂။ ဗိုလ်လင်္ကျာ ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေး
 ဝန်ကြီးဌာနဝန်ကြီး
၃။ ဦးတင်ထွဋ်(I.C.S) နိုင်ငံခြားရေးဌာနဝန်ကြီး
၎။ ဦးတင်(မြန်မာ့အလင်း)ဘဏ္ဍာရေးနှင့်အခွန်ဌာနဝန်ကြီး
၅။ စောစံဘိုးသင် ကရင်ရေးရာဌာနဝန်ကြီး
၆။ ဦးထွန်းမြင့် ရှမ်းပြည်နယ်ဆိုင်ရာဌာနဝန်ကြီး
၇။ ဆမားဒူးဝါး ကချင်ပြည်နယ်ဆိုင်ရာဌာနဝန်ကြီးဆင်ဝါးနောင်
၈။ စဝ်ဝဏ္ဏာ ကရင်နီပြည်ဆိုင်ရာဌာနဝန်ကြီး
၉။ ဦးဘဂျမ်း တရားရေးဌာနဝန်ကြီး
၁၀။ဦးကိုကိုကြီး ကူးသန်းရောင်းဝယ်ရေး၊ ထောက် ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး ဌာနဝန်ကြီး
၁၁။ သခင်တင် သစ်တောရေးနှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီး
၁၂။ ဦးဝမ္မသူးမောင် ချင်းရေးရာဌာနဝန်ကြီး
၁၃။ ဦးကျော်ငြိမ်း ပြည်ထဲရေးဌာနဝန်ကြီး
၁၄။ မန်းဝင်းမောင် လမ်းပန်းအဆောက်အအုံ ဆက်သွယ်ရေးနှင့် အလုပ်သမားဌာနဝန်ကြီး
၁၅။ ဗိုလ်ဖိုးကွန်း ပညာရေး၊ ပြည်သူ့ဝန်ထမ်းနှင့်ပြန် လည်ထူထောင်ရေးဌာနဝန်ကြီး
၁၆။ ဦးမြ(ဟင်္သာတ) အမျိုးသားစီမံကိန်းနှင့်  စက်မှုလက်မှုဝန်ကြီး
၁၇။ ဦးညိုထွန်း ပြန်ကြားရေးဌာနဝန်ကြီး
၁၈။ ဗိုလ်စိန်မှန် ဌာနလက်ကိုင်မရှိဝန်ကြီး

ဘုရင်ခံအိမ်တော်အခမ်းအနား

ရန်ကုန်မြို့ အလုံလမ်းရှိ ဗြိတိသျှမြန်မာပြည်အစိုးရဘုရင်ခံ အိမ်တော်ဝင်း၌လည်းနံနက် ၆ နာရီအချိန်တွင် မြန်မာ့ လွတ်လပ်ရေး အချုပ်အခြာအာဏာအလွှဲအပြောင်းနှင့် ဗြိတိသျှအစိုးရ၏ မြန်မာပြည်ဆိုင်ရာ နောက်ဆုံးဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်) မြန်မာနိုင်ငံမှ ထွက်ခွာမည့်အခမ်းအနား ကို ကျင်းပသည်။

နံနက် ၆ နာရီ ၄၅ မိနစ်တွင် ဘုရင်ခံဆာဟူးဘတ်ရန့် (စ်) နိုင်ငံတော်သမ္မတကြီး စဝ်ရွှေသိုက်နှင့် အတူယှဉ်တွဲကာ အိမ်တော်အတွင်းမှ ထွက်လာပြီး ဗြိတိသျှလက်ကျန်စစ်တပ် တို့ကို လိုက်လံစစ်ဆေးစဉ် ရန်ကုန်မြစ်တွင်းရှိ ကရုဇာဗြိတိသျှ တိုက်သင်္ဘောတစ်စင်းမှ အမြောက် ၁၇ ချက် ပစ်ဖောက်သည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဘုရင်ခံတို့သည် အလံ တိုင်ရှေ့ရှိ စင်မြင့်ကလေးပေါ်သို့ အတူတက်ရောက်ကြသည်။ နံနက် ၆ နာရီ ၅၈ မိနစ်တွင် ဗြိတိသျှတို့၏ ယူနီယံဂျက် အလံကိုတိုင်ထိပ်ဖျားမှ တဖြည်းဖြည်းချလိုက်ပြီးနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံတော်ကို တိုင်ထိပ်သို့လွှင့်ထူလိုက်ရာ ပရိသတ်အားလုံးတို့က အလေးပြုကြလေသည်။

ထို့နောက် ဘုရင်ခံဆာဟူးဘတ်ရန့်(စ်)သည် မြန်မာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား တစ်ဦးချင်းစီ လိုက်လံလက်ဆွဲ နှုတ်ဆက်ပြီး အိမ်တော်မှထွက်ခွာကာ ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ရောက်ပြီး အသင့်စောင့်နေ သော ဗြိတိသျှတို့၏ ဘာမန် ဂန်သင်္ဘောကြီးပေါ်သို့တက်ရောက်၍ နံနက် ၈ နာရီ မိနစ်၂၀ အချိန်တွင် ဆိပ်ကမ်းမှ ထွက်ခွာသွားလေသည်။ ဤသည်တို့မှာ ၁၈၈၅ ခုနှစ်မှစ၍ ဗြိတိသျှနယ်ချဲ့သမား တို့ မတရားသိမ်းပိုက်ပြီး ၆၃ နှစ်ကြာမျှ စိုးမိုးအုပ်ချုပ် ခဲ့သော မြန်မာနိုင်ငံတော်ကို အပြီးတိုင်စွန့်ခွာ၍ အချုပ်အခြာ အာဏာပိုင် လုံးဝလွတ်လပ်သောနိုင်ငံအဖြစ် အသိအမှတ်ပြု လိုက်ရသော ဗြိတိသျှတို့၏ နေမဝင်အင်ပါယာ နိဂုံးအဆုံးသတ် အခန်းကဏ္ဍပင် ဖြစ်ပေတော့သည်။

ပထမဆုံးသော ပါလီမန်အစည်းအဝေး

ထိုနေ့နံနက် ၁၀ နာရီ ၁၅မိနစ်အချိန်တွင် ယာယီပါလီမန် (တိုင်းပြုပြည်ပြုလွှတ်တော်) အမတ်များသည် ရန်ကုန်မြို့ အတွင်းဝန်များ ရုံးကြီးအတွင်းရှိ ပါလီမန်ခန်းမကြီးထဲ၌ အသီးသီး စုံညီစွာရောက်ရှိ နေရာယူ ထားကြ သည်။ ထိုနေ့ အခမ်းအနားအစပိုင်းတွင် ယာယီပါလီမန်ဥက္ကဋ္ဌ အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရသော ပျော်ဘွယ် ဦးမြက နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လေးစား လိုက်နာမည်ဖြစ်ကြောင်း သစ္စာပြု၍ လက်မှတ်ရေးထိုးသည်။ တက်ရောက်လာကြသော ပါလီမန်အမတ်များကလည်း အလားတူ ကတိသစ္စာပြုကာ လက်မှတ်ရေးထိုးကြသည်။

နိုင်ငံတော်သမ္မတ ပါလီမန်မိန့်ခွန်းပြောခြင်း

နံနက် ၁၀ နာရီမိနစ် ၃၀ အချိန်တွင် နိုင်ငံတော်သမ္မတ ကြီးသည် ပါလီမန်သို့ ရောက်ရှိလာပြီးနောက် မိန့်ခွန်း ပြော ကြားသည်။ ထိုနေ့နံနက် ပါလီမန်ပထမဆုံးနေ့အဖြစ် ကျင်းပသောအစည်းအဝေးတွင် နိုင်ငံတော် သမ္မတကြီး၏ ပထမဆုံးကတိသစ္စာဆိုချက်မှာ ဤသို့ဖြစ်သည်။

သမ္မတကြီး၏ပထမဆုံးကတိသစ္စာဆိုချက်

“ကျွန်ုပ်စဝ်ရွှေသိုက်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော် ၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တည်မြဲအောင် ထိန်းသိမ်း ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ တရားဥပဒေများကို စောင့်ရှောက်ပါမည်။ ကျွန်ုပ်သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေနှင့်တကွ တရားဥပဒေတို့နှင့်လျော်ညီစွာ မိမိ၏ တာဝန် ဝတ္တရားများကို ယုံကြည်လေးမြတ် ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ပါမည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဘေးရန် အန္တရာယ်အပေါင်းတို့ကို တွန်းလှန်ဖယ်ရှားရန်ကြီးစွာသော သတိဝီရိယဖြင့် အားထုတ်ပါမည်။ ပြည်ထောင်စု မြန်မာနိုင်ငံ တော်အား ကျွန်ုပ်၏အသက်နှင့်ကိုယ်ကို အပ်နှင်းသည်ဟု လေးနက်တည်ကြည်စွာကြေညာ၍ ကတိသစ္စာပြုသည်။”

နိုင်ငံတော်သမ္မတကြီး၏ကြေညာချက်

၁၃၀၉ ခု ပြာသိုလပြည့်ကျော် ၉ ရက် တနင်္ဂနွေနေ့ လွတ်လပ်ရေးနေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေး တွင် သမ္မတကြီးစဝ်ရွှေသိုက်က ဘုရားကျွန်၊ ကျောင်းကျွန်၊ ဒွန်းစဏ္ဍားများကို လွတ်လပ်ခွင့် ပေးကြောင်း အောက်ပါအတိုင်း ကြေညာသည်။

“မြန်မာနိုင်ငံတော်ကြီးသည် လွတ်လပ်သော တိုင်းပြည် ဖြစ်သည်နှင့်အညီ တစ်ဦးနှင့်တစ်ဦး နှိပ်စက်ခြင်း၊ တစ်ဦးကို တစ်ဦး ကြောက်ရွံ့ရခြင်းမှစ၍ မကောင်းသောအလေ့ဆိုးများ ကို လုံးဝပယ်ဖျက်ရန် ကျွန်ုပ်ရည်ရွယ် သည်။ ရာဇဝင်တွင် ရှေးအခါကစ၍ ရှေးမင်းများ၏ အာဏာစက်ကြောင့် ဒွန်းစဏ္ဍား၊ သူတောင်းစား၊ ဘုရားကျွန်၊ ကျောင်းကျွန်၊ သင်ချီ စသည်တို့ကို ယနေ့မှစ၍ ရှေးမင်းတို့၏အာဏာကို ကျွန်ုပ် ပယ်ဖျက်၍ ထိုသူတို့သည် လွတ်လွတ်လပ်လပ်လုပ်ကိုင်နိုင် ကြစေဟူ၍ ကျွန်ုပ်အမိန့်ချမှတ်သည်။ ဤပြည်ထောင်စု နိုင်ငံတော်အတွင်း ရှိရှိသမျှသောနိုင်ငံသားများသည် ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေတွင် ပါရှိသည့်အတိုင်း တစ်ဦးနှင့်တစ်ဦး အခွင့်အရေးတူညီကြစေ။” နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတကြီးသည် လွှတ်တော်မှ ပြန်လည်ထွက် ခွာသွားသည်။

သဝဏ်လွှာများဖတ်ကြားခြင်း

လွှတ်တော်အစည်းအဝေးကို ၁၀ မိနစ်ခန့်နားပြီး ဆက်လက်ကျင်းပရာ လွှတ်တော်ဥက္ကဋ္ဌက မြန်မာနိုင်ငံတော် လွတ်လပ်ရေးနှင့်ပတ်သက်၍ ဗြိတိသျှဘုရင်မင်းမြတ်ထံမှ လည်းကောင်း၊ နန်းရင်းဝန်မစ္စတာအက်တလီထံမှ လည်း ကောင်း၊ အမေရိကန် သမ္မတ ထရူးမင်းထံမှလည်းကောင်း၊ အိန္ဒိယဝန်ကြီးချုပ်ပဏ္ဍစ် ဂျဝါဟာလာ နေရူးထံမှလည်းကောင်းပေးပို့သောလွတ်လပ် ရေးနေ့သဝဏ်လွှာများကို လွှတ်တော်သို့ ဖတ်ကြားသည်။

ဝန်ကြီးချုပ်တင်သွင်းသော အဆိုနှစ်ရပ်

ထို့နောက် ဝန်ကြီးချုပ်သခင်နုက အဆိုနှစ်ရပ်ကို တင်သွင်းရာ အားလုံး သဘောတူအတည်ပြုပြဋ္ဌာန်းလိုက် သည်။ ပထမအဆိုမှာ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ် လုံး၏အာဏာအားလုံးကို သုံးစွဲဆောင်ရွက်ခံစားရမည်ဟူ သော ဥပဒေပုဒ်မ ၂၃၁ ၊ ပုဒ်မခွဲ(၁)အရ ဤတိုင်းပြု ပြည်ပြု လွှတ်တော်က လန်ဒန်မြို့တွင် ၁၃၀၉ ခု တန်ဆောင်မုန်းလဆန်း ၄ ရက်၊ ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့၌ မြန်မာနိုင်ငံ ယာယီအစိုးရနှင့် ဗြိတိသျှနိုင်ငံ ယူနိုက်တက် ကင်းဒမ်းအစိုးရတို့ ချုပ်ဆိုခဲ့ကြသောစာချုပ်ကို ဤလွှတ်တော် မှ သဘောတူသည်။

ဒုတိယအဆိုမှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၂၃၁ အရနိုင်ငံတော်ယာယီသမ္မတ ထုတ်ပြန်ကြေညာ သည့်အမိန့်ကို ဤလွှတ်တော်က သဘောတူညီသည်။ ထိုနေ့က မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးသည့်နောက် ပထမဆုံးကျင်းပသော လွှတ်တော်အစည်းအဝေးကို ထိုနေ့က မွန်းတည့် ၁၂ နာရီတွင် ရုပ်သိမ်းလိုက်သည်။

၆၉ နှစ်က လွတ်လပ်ရေးအောင်ပွဲသမင်လည်ပြန် ဤသည်တို့မှာ လွန်ခဲ့သော ၆၉ နှစ်က မြန်မာနိုင်ငံ ပထမဆုံး လွတ်လပ်ရေးအောင်ပွဲနေ့တွင် ပထမဆုံးကျင်းပကြ သော လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားများနှင့် ဗြိတိသျှ နယ်ချဲ့ အင်္ဂလိပ်တို့၏လက်ဝယ်မှ မြန်မာ့လွတ်လပ်ရေးကြီး ပြန်လည်လွှဲပြောင်းရယူပုံတို့၏ မြင်ကွင်းကို ကိုယ်တိုင်ပါဝင် ခံစားခဲ့ရပုံအကြောင်း ဖြစ်စဉ်တို့ကို ပြန်လည်တသတင်ပြ လိုက်ရခြင်း ဖြစ်ပါသည်။

“ပြည်ထောင်စုလွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေ”

Sources; MOI Webportal Myanmar

No comments:

Post a Comment