Latest News

Tuesday, January 3, 2017

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၇) ကျင်းပ

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၇) ကျင်းပ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာ စကားပြောကြား

နေပြည်တော် ဇန်န၀ါရီ    ၃

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုး တိုးတက်ရေးအကောင် အထည်ဖော်ရး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၁၇)ကို ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော် ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးတွင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောကြားရာတွင် အစိုးရသစ်လက်ထက် မေလကုန်တွင် ဤဗဟိုကော်မတီကိုဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အရေး ကိစ္စသည် များစွာသိမ်မွေ့ နက်နဲ ကျယ်ပြန့်ပြီး အရေးကြီးလှသည့်အတွက် ဖွဲ့စည်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒေါက်တာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင်ကိုယခင်ကတည်းက ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ အောက်တိုဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်ပေါ်လာခဲ့ပြီးနောက် မောင်တောဒေသအရေးကိစ္စ ရှေ့တန်းရောက် လာခဲ့ကြောင်း၊ မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးကို လတ်တလောဦးစားပေး ဆောင်ရွက်လျက် ရှိသော်လည်း ရခိုင်ပြည်နယ် တစ်ခုလုံးအရေးကိစ္စကိုလည်း ဆက်လက် ဆောင်ရွက်နေကြောင်း၊ အခြေအနေများကိုလေ့လာကြည့်လျှင် တည်ငြိမ်အေးချမ်းစ ပြုလာလျှင် နောက်ထပ် ပြဿနာအသစ်တစ်ခု ထပ်မံဖြစ်ပေါ်လာလေ့ရှိသည်ကို သတိရှိရှိဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြဿနာများ ဖြစ်ပေါ်လာလျှင် မှန်ကန်သည့်လမ်းကြောင်းပေါ်မှ ရပ်တည်ဖြေရှင်းဆောင်ရွက်သွားရမည်သာ ဖြစ်ကြောင်း၊ စွပ်စွဲပြောကြားမှုများကို လက်တွေ့ လုပ်ဆောင်ချက်များကို အခြေခံသည့် အမှန်တရားဖြင့် တုံ့ပြန်သွားရန် ဖြစ်ကြောင်း၊ ဗဟိုကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အဆင့်ဆင့် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရန် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ရခိုင်ပြည်နယ်၏ လက်ရှိ အခြေအနေများ၊ ၀န်ကြီးဌာနအလိုက် သက်ဆိုင်ရာ ကဏ္ဍများအား ဖြည့်ဆည်း ဆောင်ရွက် နေမှုနှင့် ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ ၀န်ကြီးဌာနများက ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးအစီအစဉ် အလိုက် ဆက်လက်ဆောင်ရွက် ပေးမည့် လုပ်ငန်းအစီအမံများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက် များနှင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကိုရှင်းလင်းတင်ပြသည်။
ထို့နောက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက လုံခြုံရေး ဆိုင်ရာများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော် မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် NVC ကဒ် ထုတ်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေတို့က ကော်မတီအလိုက် လုပ်ငန်းများဆောင် ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုရှင်းလင်း တင်ပြကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းတင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာ စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါအစည်းအဝေးသို့ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌများ၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယ၀န်ကြီးများ၊ ၀န်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Sources; Myanmar State Counsellor Office

No comments:

Post a Comment