Latest News

Sunday, January 1, 2017

မန္တလေး နှစ်သစ်ကူးည နှစ်ဦးသေ၊ ၃၆ ဦး ဒဏ်ရာရ

မန္တလေး နှစ်သစ်ကူးည နှစ်ဦးသေ၊ ၃၆ ဦး ဒဏ်ရာရ


မန္တလေးမြို့တော်၌ နှစ်သစ်ကူးညက ခိုက်ရန်ဖြစ်ပွားမှုနှင့် ယာဉ်မတော်တဆမှုများကြောင့် နှစ်ဦး သေဆုံးကာ ၃၆ ဦး ဒဏ်ရာရခဲ့ကြသည်။

လူငယ်အုပ်စုချင်း ခိုက်ရန်ဖြစ်ပွားခြင်း၊ အရက်သောက်ထားပြီး ယာဉ်မောင်းနှင်ကြခြင်းတို့ကြောင့် လူသေဆုံးမှုနှင့်  ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြခြင်း ဖြစ်ကြောင်း  မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

နှစ်သစ်ကူးညက လှည့်လည်ပျော်ပါးကြသည့် လူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု ၁၃ ခု၊ ယာဉ်တိုက်မှု ၂၃ ခု ဖြစ်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်များကြောင့် လူ ၃၆  ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြကာ ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း၊ စဥ့်ကိုင်မြို့နယ် ပလိပ်-တံတားဦး သွားလမ်း၊ ပန်းလောင်တံတား အနီးတွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းအမှုများနှင့် သက်ဆိုင်သည့်  အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီးသုံးဦးတို့ ကို နှစ်သစ်ကူးညက ထိန်းသိမ်းခဲ့ရပြီး ဇန်နဝါရီလ ၁ ရက်နေ့မှသာ ပြန်လွှတ်ပေးခဲ့ကြောင်းလည်း ဒုတိယရဲမှူးကြီးက ဆက်လက်ပြောဆိုသည်။

ယင်းပြစ်မှုများအပြင် မူးယစ်ဆေးဝါးမှု ၃၁ ခု၊ ဓားကိုင်ဆောင်မှု သုံးခု၊  ရဲအက်ဥပဒေဖြင့် အရေးယူရမှု ၃၁ ခု၊ အရက်သေစာ သောက်စားမူးယစ်ခြင်းကြောင့်အရေးယူမှု ငါးခု၊ မသင်္ကာမှုဖြင့် အရေးယူခဲ့ရမှု သုံးခု ရှိခဲ့ကြောင်းလည်း မန္တလေးခရိုင် ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရှိရသည်။

“မနေ့ည (နှစ်သစ်ကူးည) က လူနာတင်ကားသံတွေ အဆက်မပျက် ကြားနေရတာပဲ။ ငါးမိနစ်ခြားတစ်စီးလောက် ပြေးနေကြတာပါ။ တစ်မြို့လုံးလည်း ဆိုင်ကယ်သံတွေ ကားသံတွေနဲ့ ဆူညံနေတာပဲ” ဟု ချမ်းအေးသာစံမြို့နယ် ရန်မျိုးလုံ အနောက်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၅ နှစ်ခန့်အရွယ် အမျိုး သမီးတစ်ဦးက ပြောကြားသည်။

၂၀၁၅ ခုနှစ်အကုန် ၂၀၁၆ ခုနှစ် နှစ်ကူးညက ခိုက်ရန်ဖြစ်ပွားမှုနှင့် ယာဉ်တိုက်မှုတို့ကြောင့် အမျိုးသား ၃၄ ဦးနှင့် အမျိုးသမီး ၁၀ ဦး  ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရှိရသည်။

Sources; The Voice


No comments:

Post a Comment