Latest News

Monday, January 30, 2017

ဦးကိုနီ လုပ်ကြံခံရမှုဖြစ်စဉ်ကြောင့် ဘာသာရေး၊ လူမျိုးရေး သွေးထိုးမှုများကို ဂရုပြုကြဖို့ သမ္မတရုံး ထုတ်ပြန်

ဦးကိုနီ လုပ်ကြံခံရမှုဖြစ်စဉ်ကြောင့် ဘာသာရေး၊ လူမျိုးရေး သွေးထိုးမှုများကို ဂရုပြုကြဖို့ သမ္မတရုံး ထုတ်ပြန်


သေနတ်သမား၏ အနီးကပ်ပစ်ခတ်မှုကြောင့် ဦးကိုနီ သေဆုံးခဲ့ရသည့်အတွက် များစွာ စိတ်မကောင်းဖြစ်ရကြောင်းနှင့် ထိုဖြစ်စဉ်ကြောင့် ဘာသာရေးနှင့် လူမျိုးရေး သွေးထိုးမှုများကို အထူးဂရုပြုကြရန် နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီ ၃၀ရက်၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

“ပြည်သူများအနေဖြင့် ထိုဖြစ်စဉ်ကြောင့် အထိတ်တလန့်မဖြစ်ဘဲ တည်ငြိမ်အေးချမ်းစွာ နေထိုင်ကြရန်၊ ဘာသာရေးနှင့် လူမျိုးရေး သွေးထိုးမှုများကို အထူးဂရုပြုကြရန်” ဟု နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုဥပဒေအထောက်အကူပြု အဖွဲ့ဝင် ဦးကိုနီအား သေနတ်သမားတစ်ဦးက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 အရှေ့တွင် အနီးကပ် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဦးကိုနီမှာ ဖြစ်စဉ်နေရာတွင်ပင် ဇန်နဝါရီ ၂၉ရက်၊ ညနေ ၅နာရီတွင် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

“ယခု လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဖြစ်စေ၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်မှုများနှင့် စပ်လျဉ်း၍ ဖြစ်စေ ထူးခြားမှုများ တွေ့ရှိပါက တာဝန်ရှိသူများထံ အမြန်ဆုံး ဆက်သွယ် အသိပေးကြပါ” ဟု သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ပြီးနောက် ထွက်ပြေးခဲ့သည့် သေနတ်သမားအား လိုက်လံဖမ်းဆီးခဲ့သည့် လေဆိပ်ရှိ အငှားယာဉ်မောင်းများအနက် အငှားယာဉ်မောင်းတစ်ဦးဖြစ်သူ အသက်(၄၈)နှစ်အရွယ် ဦးနေဝင်းမှာလည်း သေနတ်သမားက ပြန်လည်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသေးသည်။

လုပ်ကြံခံရမှုကြောင့် သေဆုံးခဲ့ရသည့် ဦးကိုနီနှင့် တရားခံဖမ်းဆီးရမိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရင်း သေဆုံးခဲ့ရသည့် ဦးနေဝင်းတို့အတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း သမ္မတရုံးက ထုတ်ပြန်ထားပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီးလည်း အောက်ပါအတိုင်း သုံးသပ်ထားသည်။

“ကနဦး စစ်ဆေးချက်များအရ ထိုဖြစ်စဉ်သည် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်တွေ့ရှိရပါသည်” ဟု သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

“ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့မှု အခြအနေများပေါ်မူတည်၍ လုံခြုံရေး အစီအမံများကိုလည်း အထူးအလေးထား ဆောင်ရွက်လျက် ရှိပါသည်” ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

===========
Mizzima - News in Burmese

No comments:

Post a Comment