Latest News

Saturday, January 7, 2017

မှောင်ခိုလုပ်ငန်းနှင့် အကျင့်ပျက် ၀န်ထမ်းများကို ထိရောက်စွာ အရေးယူမည်

မှောင်ခိုလုပ်ငန်းနှင့် အကျင့်ပျက် ၀န်ထမ်းများကို ထိရောက်စွာ အရေးယူမည်

သပိတ်ကျင်း၊ ဇန်န၀ါရီ ၇

စစ်ကိုင်းဒေသကြီးအတွင်း တရားမ၀င် မှောင်ခိုလုပ်ငန်းများနှင့် ဌာနဆိုင်ရာ အကျင့်ပျက် ၀န်ထမ်းများကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်နိုင်က ပြောကြားသည်။

တိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသည့် တရားမ၀င် ရွှေတူးဖော်မှု၊ သစ်မှောင်ခို၊ နွားမှောင်ခို လုပ်ငန်းများနှင့် အခကြေး ငွေရယူကာ ခွင့်ပြု လုပ်ကိုင်နေသော ၀န်ထမ်းအချို့ကိုလည်း ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဖြစ်ပြီး တရားမ၀င် မှောင်ခိုလုပ်ငန်းများကို သတင်း အချက်အလက် ခိုင်ခိုင်မာမာဖြင့် တင်ပြတိုင်ကြားလာပါကလည်း ဖမ်းဆီး အရေးယူမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ကတော့ တရားမ၀င် မှောင်ခိုလုပ်ငန်းတွေကို အတတ်နိုင်ဆုံး ထိန်းချုပ်တားဆီး နေတယ်”ဟု ၎င်းက ဆိုသည်။

တရားမ၀င် ရွှေတူးဖော်မှုများကို ဟုမ္မလင်း၊ ခန္တီး၊ နမ့်တော၊ ဗန်းမော်၊ ကောလင်းမြို့နယ်များတွင် လုပ်ကိုင်လျက်ရှိပြီး မှောင်ခိုသစ်လုပ်ငန်းသည် အင်းတော်၊ အင်းရွာ၊ ထီးချိုင့်၊ ဗန်းမောက်တို့တွင် ဖြစ်ပေါ်နေ၍ ကသာခရိုင်သည် တရားမ၀င် သစ်ထုတ်မှု အများဆုံးဇုန်အဖြစ် သတ်မှတ်ခံထားရကြောင်း၊ ထို့ပြင် တရားမ၀င် နွားမှောင်ခို တင်ပို့မှုကို ရွှေဘို၊ ခင်ဦး၊ ကန့်ဘလူမြို့နယ်များတွင် ရှိနေကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

“တရားမ၀င် ရွှေတူးဖော်မှုတွေကတော့ တိုင်းအစိုးရအဖွဲ့တွေ အရေးယူ ဆောင်ရွက်နေတော့ နည်းသင့်သလောက်တော့ နည်းသွားပြီ။ သစ်မှောင်ခို လုပ်ငန်းကတော့ တော်တော်များများ ရှိနေသေးတယ်”ဟု ကောလင်းမြို့ဒေသခံ ဦးအောင်ကြည်မြင့်က ဆိုသည်။

ယင်းသို့ တရားမ၀င် မှောင်ခိုလုပ်ငန်းများကို ပတ်သက် ဆက်နွှယ်မှု မရှိရန်နှင့် မည်သည့် မှောင်ခိုလုပ်ငန်းများကို မဆို လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးဖမ်းဆီး အရေးယူရန် ညွှန်ကြားထားပြီး လိုက်နာမှု မရှိသည့် တပ်ဖွဲ့ဝင်များကို တင်ပြတိုင်ကြားလာပါကလည်း ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေများဖြင့် အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

R-05

The Voice

No comments:

Post a Comment