Latest News

Wednesday, January 10, 2018

ဧရာတိုင်းဝန်ကြီးချုပ်နဲ့ ၀န်ကြီး နုတ်ထွက်မှုအပေါ် သူတို့ အမြင်


ရန်ကုန်၊ ဇန်န၀ါရီ ၁၀

ဧရာဝတီတိုင်း ၀န်ကြီးချုပ် (ဦး)မန်းဂျော်နီ အပါအ၀င် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၀န်ကြီး ဦးဘဟိန်းတို့ကို နုတ်ထွက်ခွင့်ပြုကြောင်း သမ္မတရုံးက ဇန်န၀ါရီလ ၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါပြီ။

သူတို့ နုတ်ထွက်မယ့်ကိစ္စဟာ သတင်းမီဒီယာတွေမှာ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ပျံ့နှံ့နေခဲ့ပြီးနောက် နိုင်ငံတော်သမ္မတရုံးက တရားဝင်ထုတ်ပြန်လိုက်တာဖြစ်ပြီး အခုလို နုတ်ထွက်မှုဟာ ဘာကြောင့်ဆိုတာကိုတော့ အစိုးရဘက်ကနေ တရားဝင်ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

အခုလို နုတ်ထွက်သွားကြတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပါတီက ဖိအားပေးလို့၊ လုပ်ဆောင်ရမယ့် အလုပ်တွေမှာ စံမီအောင် မလုပ်နိုင်ကြတော့လို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ ပြုပြင်ပြောင်းလဲမှုကို လက်တွေ့ အကောင်အထည်ဖော်နေတာလို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံရေး နယ်ပယ်ကလူတွေကို မေးမြန်းထားတာကို စုစည်း ဖော်ပြလိုက်ပါတယ်။

အရှင်ထာဝရ (၂၀၀၇ ရွှေဝါရောင်အရေးအခင်း ဦးဆောင်သံဃာတော်)
ဒီသတင်းကြောင့် စိတ်မကောင်း ဖြစ်မိတယ်။ ဒီသတင်း မမှန်ပါစေနဲ့လို့ ဆုတောင်းပေမယ့် မပြည့်ခဲ့ဘူး။ နာမည်ပျက်မရှိတဲ့ ဖထီး တိုင်းပြည်အတွက်ရော ပါတီအတွက်ပါ တာဝန်ကျေခဲ့ပါတယ်။ ဘာကြောင့် နုတ်ထွက်ခွင့်ပြုတာလည်းဆိုတာ သိပ်ပြီးတော့ နားမလည်။ တိုင်းပြည်အတွက် အင်းအားလိုအပ်နေတဲ့ အချိန်မှာ လူကောင်းတွေ မရှိတော့မှာ စိတ်ပူမိပါတယ်။ တိုင်းပြည်အပေါ်စေတနာထားပြီး လုပ်ဆောင်နေတဲ့ ဧရောဝတီတိုင်း ၀န်းကြီးချုပ်လို လူတော်ယောက်ကို နုတ်ထွက်ခွင့်ပြုလိုက်တာဟာ တိုင်းပြည် ပြုပြင်ပြောင်းလဲမှုလုပ်နေတဲ့ အခုအချိန်မှာ မဖြစ်သင့်ဘူးလို့ နားလည်ပါတယ်။ စိတ်မကောင်းဘူး ဆိုတာထက် တိုင်းပြည်အတွက် အင်းအားတွေ လျှော့သွားတာကို စိတ်မကောင်းတာ။ ဧရာဝတီတိုင်းအတွက်ကတော့ တကယ်သူရဲကောင်းတစ်ယောက်ပါပဲ။ တိုင်းပြည်အပေါ် စေတနာ အပြည့်နဲ့ သူလုပ်ခဲ့သမျှက ဧရာဝတီတိုင်းအတွင်းမှာ သမိုင်းမှတ်တမ်းတစ်ခု ဖြစ်နေခဲ့ပါင်္ပြီ။ အခုအချိန် သူ့အလုပ်သူသိတယ်၊ သူကျန်းမာရေးသူသိတယ်။ သူ့တာဝန်လက်ခံနိုင်မှု၊ သူအခြေအနေ သူသိတယ်။ ရာထူးနေရာကို မှိန်းပြီး မက်မောမနေတဲ့ ၀န်ကြီးချုပ်မို့ နှမြောမိပါတယ်။ ကျန်တဲ့နေရာတွေက နုတ်ထွက်ကြတဲ့ ၀န်ကြီးတွေအတွက်လည်း စိတ်မကောင်းဘူး။ လူတော်တွေကို ဖေးမကူးညီပြီး လက်တွဲကြဖို့ တိုက်တွန်းချင်ပါတယ်။ တိုင်းပြည်အတွက် အခုအချိန်ဟာ အရေးကြီးပါတယ်။ သူတို့တွေအတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်။

ဒေါက်တာတင့်ဆွေ (၁၉၉၀ ရွေးကောက်ခံကိုယ်စားလှယ်)
လက်ရှိအစိုးရအဖွဲ့ထဲမှာ လူသစ်လဲတာတွေ လူစားထိုးတာတွေရှိနေခြင်းဟာ ပါတီက သူ့တာဝန်ပေးထားသူတွေကို အမြဲမပြတ်စောင့်ကြည့်နေတာကို ပြသတာဖြစ်ပါတယ်။ တာဝန်ကနေ နုတ်ထွက်ရသူတွေအတွက်တော့ ကိုယ်ချင်းစာပါတယ်။ အပြောင်းအလဲတွေမှာ အကြောင်းခံ မတူကြပါ။ ရာဇဝတ်ကြောင်း၊ လူမှုရေးကြောင်းကြောင့်ဆိုတာမျိုးကို ပြောစရာမရှိပါ။ တခြားအကြောင်းဖြစ်တဲ့ လုပ်ငန်းတာဝန်ဆောင်ရွက်တာ စံမပြည့်လို့ဆိုရင် လုပ်သင့်တဲ့ဆုံးဖြတ်ချက်လို့ပဲ မြင်ပါတယ်။
နိုင်ငံအတော်များများမှာ ထင်ရှားတဲ့ခေါင်းဆောင်တွေတောင်မှ ဥပမာ ဆာဝစ်စတန်ချာချီဟာ ကမ္ဘာစစ်မှာ ဗြိတိန်နိုင်ငံအတွက်သာမက မဟာမိတ်အဖွဲ့ကြီးအတွက်ပါ အားထားလောက်တဲ့ ခေါင်းဆောင်မှုပေးနိုင်ခဲ့သူဖြစ်ပေမဲ့ နိုင်ငံတာဝန်ယူတဲ့အခါ အဲဒီလိုအောင်မြင်မှုမရခဲ့ပါ။
ကျွန်တော်တို့ပါတီနဲ့ တခြားအာဏာရဖူးတဲ့ပါတီ မတူတာ အဲဒီအချက်လည်းပါတယ်။ ပါတီစည်းကမ်းကိုသာမက လုပ်ကိုင်နိုင်စွမ်းလည်းကြည့်တယ်။ ပါတီဝင်နံပါတ်ကို ကြည့်တာမဟုတ်။ သစ္စာခံမှုကို ကြည့်တာမဟုတ်။ ၁၉၉ဝ ခုနှစ်က ကိုယ်စားလှယ်တွေ အခုအစိုးရထဲမှာ တာဝန်ပေးခံကြရတော့ တကယ်ကို ဝမ်းသာအယ်လဲဖြစ်ရပါတယ်။ ဒါပေမဲ့ ကျွန်တော် အစကတည်းက ရေးခဲ့တာရှိတယ်။ ကျွန်တော့်လူတွေကို အပြည့်အဝအားပေးနေမယ်။ ပြောစရာတွေ့ရင်လည်း လုပ်ဘော်ကိုင်ဘက်စိတ်နဲ့ သူများတွေ မသိအောင်ပြောပေးနေမယ်လို့ ရေးခဲ့တာပါ။ သူတို့ ဝေဖန်ခံကြရလိမ့်မယ်။ အဲဒီလိုဆိုရင်လည်း ဆက်အားပေးနေမှာပဲ။ သူတို့မှာ ရိုးသားတဲ့ဂုဏ်ရှိလို့ဖြစ်တယ်။ နောင်လည်းပဲ အခုလိုဆောင်ရွက်မှုတွေ ဆက်ရှိနေဦးမယ်ထင်ပါတယ်။ အဲဒါဟာ ရှင်သန်မှုသဘောဖြစ်တယ်။ ပိုကောင်းစေဖို့ ဖြစ်တယ်။ နောက်လူတွေကို ပိုကြိုးစားကြဖို့ နမူနာပြလည်းဖြစ်တယ်။


ဦးဝင်းချို (နိုင်ငံသားအခွင့်အရေးနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူ)
တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေ၊ ၀န်ကြီး အားလုံးဟာ ပါတီရဲ့ ဦးဆောင်မှုအောက်မှာပဲ ရှိရမယ်။ ပါတီက သွားနေတဲ့ မူဝါဒတွေနဲ့ ဆန့်ကျင်ခွင့် မရှိဘူး။ ကိုယ်ပိုင်သဘောအရ လွတ်လပ်စွာ ဆောင်ရွက်နိုင်ခွင့် မရှိဘူး။ အခြေအနေဟာ ဒီအတိုင်းပဲ ဖြစ်တဲ့ဟာကို နားလည်လက်ခံနိုင်တဲ့သူကိုပဲ နေရာပေးနိုင်မယ်။ လက်ရှိအချိန်မှာတော့ ဗဟိုဦးစီးစနစ်နဲ့ပဲ အုပ်ချုပ်မယ်လို့ ပါတီမူဝါဒမှာလည်း NLD က အဲဒီလိုပဲ ရေးထားခဲ့တာလေ။ အဲဒီအတွက် ပါတီရဲ့ မူဝါဒနဲ့ မကိုက်ညီလို့ ဖြုတ်ခံရတယ်။ ဒါဟာ အရိုးသားဆုံး သုံးသပ်နိုင်တာပါ။ အဲဒီအတွက် နောက်ထပ်သူတွေ၊ အရင်တုန်းက ဖြုတ်ခံရတဲ့သူတွေ၊ အခု အနားယူခိုင်းတဲ့သူတွေ၊ နောက်ထပ် အနားယူရမယ့်သူတွေအားလုံးဟာ ပါတီရဲ့ မူဝါဒနဲ့ မကိုက်ညီရင်၊ တစ်မျိုးပြောရင် ပါတီရဲ့ ဗဟိုဦးစီးအဖွဲ့က ညွှန်ကြားမယ့်သဘောထားမျိုး ရှိပါတယ်။ အခုဟာက NLD က ဗဟိုဦးစီးစနစ်နဲ့ပဲ၊ တစ်သွေး တစ်သံ တစ်မိန့်နဲ့ တစုတစည်းတည်းပဲ ကြီးကြပ်နေတယ်။ အဲဒီအတွက် ဒေါ်စု (ဒေါ်အောင်ဆန်းစုကြည်) က ဒါလိုချင်တယ်လို့ ပြောရင် အဲဒီအတိုင်းပဲ ဗဟိုဦးစီးအဖွဲ့က ပြောသလား၊ မပြောသလားဆိုတာတော့ မသိဘူး။ ဆိုလိုတာက ဗဟိုဦးစီးအဖွဲ့ကနေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့တွေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို ညွှန်ကြားတယ်။ အဲဒီအတိုင်း လုပ်ဆောင်နေကြတယ်။ ဒါ ကျွန်တော် စဉ်းစားလို့ ရသမျှ အကြမ်းဖျဉ်းပဲ။

ဦးနေမင်းကျော် (အထွေထွေအတွင်းရေးမှူး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF)
 NLD အစိုးရအနေဖြင့် သူတို့ရဲ့ အားနည်းချက်၊လိုအပ်ချက်တွေကို ကုစားဖို့ စလုပ်နေပြီလို့ သုံးသပ် လို့ရပါတယ်။ နောက်ထပ်လည်း အပြောင်းအလဲထပ်လုပ်မယ်လို့ ကြားတယ်။ အစကတည်းက တိုင်းပြည်တည်ဆောက်ရေးအတွက် အားကောင်းတဲ့အစိုးရ ဖြစ်အောင် ပြင်ဆင်မထားတဲ့ အကျိုးသက်ရောက်မှာတွေလို့ မြင်ပါတယ်။ တိုင်းပြည်နဲ့ပြည်သူတွေကိုတော့ အခက်အခဲ မဖြစ်အောင် စီမံခန့် ခွဲနိုင်တဲ့ အစိုးရအဖွဲ့ဖြစ်အောင် လုပ်စေချင်ပါတယ်။

(ထပ်မံ မေးမြန်းထားမှုများကိုလည်း ဆက်လက်ဖော်ပြသွားပါမည်။)

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ

No comments:

Post a Comment