Latest News

Wednesday, January 4, 2017

ကျုံထော်ရေတံခွန်အနီး မိုင်းကွဲ

ကျုံထော်ရေတံခွန်အနီး မိုင်းကွဲ

ရန်ကုန်၊ ဇန်နဝါရီ ၎

ပြည်တွင်းခရီးသွားများ သွားလာရာ နေရာသစ်အဖြစ် ရေပန်းစားလာသည့် ကရင်ပြည်နယ်၊ ကျုံထော်ရေတံခွန် အနီးတွင် မိုင်းပေါက်ကွဲမှုကြောင့် ခရီးသွားယာဉ်များ လှည့်ပြန်ခဲ့ရကြောင်း မွန်နှင့် ကရင်ပြည်နယ် ဒေသခံ ဧည့်လမ်းညွှန်များက ပြောကြားသည်။

“ခရီးသွားကုမ္ပဏီ တစ်ခုက ကားသွားတဲ့ချိန် အသေးစားပစ်ခတ်မှုဖြစ်လို့ အဲဒီထဲကို ပေးမဝင်ဘူး။ ဒီကေဘီအေ ခွဲထွက်နဲ့ နယ်ခြားစောင့်တပ်တို့ တစ်ဖက်နဲ့တစ်ဖက် ပဋိပက္ခ ဖြစ်ကြတာ။ ကားပြန်လှည့်လာရတယ်။ ရေတံခွန်ကို လုံးဝပိတ်လိုက်တယ်” ဟု မွန်ပြည်နယ် ဒေသခံ ဧည့်လမ်းညွှန်က ဆိုသည်။

ဇန်နဝါရီလ ၄ ရက် နံနက် ၇ နာရီခန့်က ကျုံထော်ရေတံခွန်အနီး သထုံခမရ ၁၁၈ ရှေ့တန်းတပ်မှ လမ်းကင်းထွက်နေစဉ် ဒီကေဘီအေခွဲထွက်အဖွဲ့မှ ချောင်းမြောင်းပစ်ခတ်ခဲ့၍ ကျုံထော်ရေတံခွန်သို့  လာရောက်လည်ပတ်သည့် ခရီးသွားများ ထိခိုက်မည် စိုးသောကြောင့် ယာဉ်သွားလာခွင့် ခေတ္တရပ်ဆိုင်းခဲ့ကြောင်း ကရင်ပြည်နယ်၊ ရွေဂွန်းနယ်မြေ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“ဒီနေ့မနက် ကျုံးထော်ရေတံခွန် အနီးမှာ ပစ်ခတ်မှုဖြစ်လို့ အပန်းဖြေသွားတဲ့ ခရီးသွားယာဉ်အစီး ၃၀ လောက် ယာယီသွားလာခွင့် ပိတ်ထားရပါတယ်။ ခရီးသည် ထိခိုက်မှု မရှိပါဘူး” ဟု အဆိုပါ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါ နေရာမှာ ယခင်ကတည်းက လုံခြုံရေးအင်အားဖြင့် စောင့်ကြည့်ထားပြီး ပစ်ခတ်မှု ဖြစ်ပွားပြီး နောက်တွင် ခရီးသွားပြည်သူများ လုံခြုံရေးအတွက် အင်အား ထပ်မံဖြည့်စွက်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယနေ့ နံနက် ၇ နာရီခန့်က ကျုံထော်တံတားနှင့် ကျုံထော်ရေတံခွန်ကြား ကားလမ်းမပေါ်တွင် တပ်မ ၄၄ လက်အောက်ခံ ခမရ ၁၁၈ မှ ကင်းလှည့်စဉ် ဒီကေဘီအေ ခွဲထွက်အဖွဲ့မှ ဆွဲမိုင်းဆွဲခဲ့သဖြင့် စစ်သည်သုံးဦး ဒဏ်ရာ (မစိုးရိမ်) ရရှိခဲ့ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှ ဗိုလ်မှူး မောင်မောင်ကျော်က အတည်ပြု ပြောကြားသည်။

“ကျွန်တော်တို့နဲ့ ပစ်ခတ်မှု မဖြစ်ခဲ့ပါဘူး။ မဟုတ်ဘူး။ ချုံခိုမိုင်းဆွဲတာ။ ကျွန်တော်တို့ဘက်ကတော့ သူတို့ကို ကောင်းကောင်းမွန်မွန်နဲ့ ပြန်လာဖို့ လက်ကမ်းပေးထားပါတယ်။ ဒီရက်ပိုင်းအတွင်း တက်တဲ့ သတင်းတွေလည်း သိတဲ့အတိုင်းပဲ။ အများကြီး ခွင့်လွှတ်ပေးထားတယ်။ သူတို့က ငြိမ်းချမ်းရေး ဆွေးနွေးချင်ပါတယ်လို့ ပြောပြီး တစ်ချိန်လုံး မိုင်းဆွဲနေတာကတော့ မကောင်းဘူး” ဟု ၎င်းက ဆိုသည်။

Sources; သန့်ဇင်ထွဋ် The Voice

No comments:

Post a Comment