Latest News

Friday, January 13, 2017

တနင်္သာရီ အခြေစိုက် သတင်းသမားများအတွက် ၆ လ သက်တမ်းရှိ လုံခြုံရေးကတ် ထုတ်ပေး

တနင်္သာရီ အခြေစိုက် သတင်းသမားများအတွက် ၆ လ သက်တမ်းရှိ လုံခြုံရေးကတ် ထုတ်ပေး


ထားဝယ်၊ ဇန်နဝါရီ ၁၂

အခမ်းအနား အားလုံးနီးပါးကို တက်ရောက်သတင်းယူနိုင်သည့် ၆ လ သက်တမ်းရှိ လုံခြုံရေး ကတ်ပြားများကို တနင်္သာရီအခြေစိုက် သတင်းသမားများအား ရဲတပ်ဖွဲ့မှ ဇန်နဝါရီလ ၉ ရက်က စတင်ထုတ်ပေးလျက် ရှိသည်။

ယခင်က သတင်းသမားများကို အခမ်းအနားတစ်ခုချင်း အလိုက်သာ လုံခြုံရေးကတ်ပြား ထုတ်ပေးရာမှ ယခုကဲ့သို့ ကာလရှည် အသုံးပြုနိုင်သည့် ကတ်ကို ပြောင်းလဲထုတ်ပေးခြင်း ဖြစ်သည်။

“ထားဝယ်မှာက တိုင်းမြို့လည်း ဖြစ်တော့ ဒီမှာ ထုတ်ပေးလိုက်တာ၊ ကျန်တဲ့သူတွေက သက်ဆိုင်ရာ ခရိုင်ရုံးတွေမှာ ထုတ်ယူနိုင်တယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သီးခြားကျင်းပသည့် ပွဲတော်အခမ်းအနားများနှင့် (လွှတ်တော်မှအပ) နိုင်ငံတော် အကြီးအကဲ ခရီးစဉ်များတွင် တက်ရောက်သတင်းရယူနိုင်ရန် ထုတ်ပေးရခြင်း ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

အခြားတိုင်းနှင့် ပြည်နယ်များတွင် လုံခြုံရေးကတ်ကို ယင်းကဲ့သို့ ထုတ်ပေးထားခြင်း မရှိဘဲ ပွဲတစ်ခုခြင်းစီ အတွက်သာ ရယူနေရသည့်အတွက် အချိန်ကုန်လူပန်း ဖြစ်ခဲ့ရကြောင်း မြန်မာနိုင်ငံအတွင်း နေရာအတော်များများကို သွားရောက်သတင်းရယူဖူးသည့် မြစ်မခ သတင်းအေဂျင်စီမှ တနင်္သာရီတိုင်း တာဝန်ခံ ဦးသီဟက ပြောသည်။
“တစ်နိုင်ငံလုံးမှာရှိတဲ့ ရဲတပ်ဖွဲ့တွေလည်း ဒီနေရာလို လုပ်ပေးနိုင်ရင်တော့ အရမ်းကောင်းမှာ” ဟု ဦးသီဟက ဆိုသည်။

တနင်္သာရီတိုင်းတွင် ပုဂ္ဂလိက သတင်းဂျာနယ်များမှ သတင်းသမား ၁၀ ဦးခန့် ရှိသည်။

ဓာတ်ပုံ - အောင်သူ (Dawei Watch) The Voice

No comments:

Post a Comment