Latest News

Sunday, January 8, 2017

ရန်ကုန်တိုင်းဒေသကြီးအတွင်း ထိုင်ခုံခါးပတ် မပတ်ဘဲ မောင်းနှင်သဖြင့် အရေးယူထားမှု ငါးရက်အတွင်း ၃၅၀ ကျော်ရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ထိုင်ခုံခါးပတ် မပတ်ဘဲ မောင်းနှင်သဖြင့် အရေးယူထားမှု ငါးရက်အတွင်း ၃၅၀ ကျော်ရှိ

Photo - အင်တာနက်
ရန်ကုန်တိုင်းဒေသကြီး၌ ကားထိုင်ခုံခါးပတ် (Seat-belt) မပတ်ဘဲ မောင်းနှင်သဖြင့် အရေးယူထားမှု ငါးရက်အတွင်း ၃၅၀ ကျော်ရှိကြောင်း ဇန်န၀ါရီ ၆ ရက်တွင် အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး အောင်ကိုဦး၏ ပြောကြားချက်အရ သိရသည်။

အမျိုးသား ယာဉ်အန္တရာယ်ကင်းရှင်းရေးကောင်စီက ၂၀၁၆ ခုနှစ် အောက်တိုဘာမှ စတင်၍ ဒီဇင်ဘာလအထိ သုံးလအတွင်း ယာဉ်မောင်းနှင်စီးနင်းစဉ် ကားထိုင်ခုံခါးပတ် ပတ်ရန် အသိပညာပေးကာလအဖြစ် သတ်မှတ်ခဲ့ပြီး ပညာပေးကာလ ကျော်လွန်သည့် ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ ကားထိုင်ခုံခါးပတ် Seat-belt မတပ်ခြင်းကို စတင်အရေးယူခဲ့ကာ ဇန်န၀ါရီ ၁ ရက်မှ ၅ ရက်အတွင်း ကားထိုင်ခုံခါးပတ် မပတ်သည့် ယာဉ်အစီးရေ ၃၅၀ ကျော်ကို အရေးယူခဲ့ခြင်း ဖြစ်သည်။

“ Seat-belt တွေတပ်ဖို့ စစ်ဆေး အရေးယူမှုတွေ ၁ ရက်နေ့ စတယ်ဆိုပေမယ့် အချို့တွေက ဒါတွေကို ဂရုကို မစိုက်သေးဘူး။ အဲဒီလို တွေ့နေရတာတွေကို စိတ်မကောင်းဘူး။ ယာဉ်တိမ်းမှောက်ချိန်မှာ Seat-belt တပ်လို့ မိမိတို့ရဲ့ အသက်အန္တရာယ် လွတ်မြောက်လာတဲ့သူတွေ အများကြီးပဲ။ ဒါတွေကိုလည်း Seat-belt တပ်ပါလို့ ပြီးခဲ့တဲ့ ၁၀ ပိုင်းလောက်ကတည်းက အသိပညာပေးတွေ လုပ်တယ်။ ဆိုရှယ်မီဒီယာတွေရော၊ ဂျာနယ်တွေရော ပြောပေးနေတဲ့အပိုင်းမှာ ၁ ရက်နေ့မှာ အဆင်သင့်ဖြစ်သလားဆိုတော့ သူတို့ဘက်က အဆင်သင့်မဖြစ်တာကို တွေ့ရတယ်။ ကိုယ်ပိုင်ကားတွေက တပ်ကြပေမယ့် ဘတ်စ်ကားနဲ့ တက္ကစီတွေက အဆင်သင့်မဖြစ်ကြဘူး။ အဲဒီတော့ စစ်ဆေးအရေးမှုယူ အပိုင်းမှာ ၃၅၀ ကျော်သွားပြီ”ဟု ဒုတိယရဲမှူးကြီး အောင်ကိုဦးက ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက “ကျွန်တော်တို့က စစ်ဆေးအရေးယူတယ်ဆိုတာ အရေးယူချင်တဲ့ဆန္ဒ မရှိဘူး။ ကျွန်တော်တို့က အားလုံးသည် Seat-belt တပ်ရမယ်ဆိုတဲ့ အသိတစ်ခု။ ခုနပြောတဲ့ Sense ပေါ့။ ကားပေါ်တက်ရင် Seat-belt တပ်မယ်။ ပြီးတော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာစွာနဲ့ မောင်းမယ်ဆိုတဲ့ Sense တစ်ခု ၀င်သွားစေချင်တယ်။ အမျိုးသားယာဉ်အန္တရာယ်ကင်းရှင်းရေး ကောင်စီကလည်း ဒီရည်ရွယ်ချက် တစ်ခုတည်းအတွက် လုပ်နေတာဖြစ်တယ်။ အဲဒီအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဖို့ အာရုံလေးတွေ ထားပါလို့ ပြောချင်တယ်”ဟု ဆိုသည်။

အမျိုးသားယာဉ်အန္တရာယ်ကင်းရှင်းရေး ကောင်စီမှ ကားထိုင်ခုံခါးပတ် မပတ်သည့် ယာဉ်မောင်းနှင် စီးနင်းသူများကို အရေးယူလျက်ရှိပြီး ခါးပတ်မပတ်ဘဲ မောင်းနှင် စီးနင်းသူများကို ရန်ကုန်မြို့ရှိ မီးပွိုင့်များတွင် တပ်ဆင်ထားသည့် CCTV များအား ကြည့်၍ အရေးယူသွားမည်ဖြစ်ကြောင်း၊ ယာဉ်စီးနင်းသူများ ခါးပတ် မပတ်ပါက ယာဉ်မောင်းသူတွင် တာဝန်ရှိသည့်အတွက် ယာဉ်မောင်းဖြစ်သူကို အရေးယူမည်ဖြစ်ကြောင်းနှင့် ထိုင်ခုံခါးပတ် မပတ်ခြင်းအား ကျပ်သုံးသောင်းထက် မပိုသော ဒဏ်ငွေချမှတ် အရေးယူနိုင်ကြောင်း သိရသည်။          

Sources; ရှိုင်းလင်းအောင်/Eleven Media Group

No comments:

Post a Comment