Latest News

Monday, January 16, 2017

ခန့်စည်သူနဲ့ တွေ့ဆုံခြင်း

ခန့်စည်သူနဲ့ တွေ့ဆုံခြင်း

နာမည်ကျော် သရုပ်ဆောင် ခန့်စည်သူနဲ့ တွေ့ဆုံပြီး၊ လက်ရှိ ရိုက်ကူးနေတဲ့ သမက်တော် … ကွက်ကျော် ရုပ်ရှင်အကြောင်း၊ မကြာမီ ရိုက်ကူးမယ့် တောင်သူလယ်သမား ဘဝသရုပ်ဖော် ရုပ်ရှင်ဇာတ်ကား အကြောင်းနဲ့ အကယ်ဒမီနဲ့ ပတ်သက်တဲ့ ခံစားချက်တွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ဒါရိုက်တာ ရာဇဝင်ကိုနဲ့ ရိုက်နေတဲ့ သမက်တော်…ကွက်ကျော် ရုပ်ရှင်ဇာတ်ကား အကြောင်းကနေ စပြီး ပြောပြပေးပါဦး။
KST : ဒီကားမှာတော့ ကျွန်တော့်ရဲ့ ကာရိုက်တာက စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်။ အစ်မဖြစ်တဲ့သူကတော့ စိုးမြတ်သူဇာပေါ့။ သူ့မှာလည်း သားနှစ်ယောက်ရှိတယ်။ နှစ်ယောက်လုံးမှာက ရည်းစား ရှိတယ်။ ဒါပေမဲ့ မိန်းမ လိုချင်ရင် ဦးလေး လူပျိုကြီး အရင် အိမ်ထောင်ကျပြီးမှ မင်းတို့ ယူရမယ်ဆိုပြီး စည်းကမ်းချက် ချထားတယ်။ တစ်ဖက်မှာလည်း မစိုးနဲ့ ကိုရဲအောင်နဲ့က ငယ်ရည်းစားပေါ့။ သူတို့ နှစ်ယောက်က ငယ်ငယ်လေးကတည်းက ကြိုက်ပြီး ကွဲသွားတယ်။ အသက်ကြီးလို့ ပြန်တွေ့တော့ မစိုးမှာက သားနှစ်ယောက်ရှိတယ်။ ကိုရဲမှာက သမီးတစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက်က ပြန်ပေါင်းဖက်ချင်တော့ ကျွန်တော်နဲ့ ကိုရဲရဲ့ သမီးဖြစ်တဲ့ ပွင့်နဲ့ ပေးစားဖို့ လုပ်တယ်။ အဲ့ဒီမှာ ကျွန်တော်က တိုင်ပတ်သွားတော့ ပွင့်နဲ့ မယူရအောင် မျိုးစုံကြံတာပေါ့။

Voice : ဒီနှစ်ထဲမှာ ဇာတ်လမ်း ရွေးချယ်ရိုက်ကူးမှု အပိုင်းနဲ့ ပတ်သက်ပြီးတော့ အပြောင်းအလဲ လုပ်ဖို့ရော ရှိမလား။
KST : ဇာတ်လမ်းတွေကတော့ ကျွန်တော်တို့က ပရိသတ်အကြိုက်ရော၊ ကိုယ့်အကြိုက်ရော ရွေးပြီး ရိုက်ရမှာပါပဲ။ ပရိသတ်အကြိုက် ရိုက်မယ်ဆိုရင်တော့ ပိုက်ဆံရမယ်။ ကိုယ့်အကြိုက် ရိုက်ရင်တော့ ပိုက်ဆံရချင် မှ ရမယ်။ ဒါပေမဲ့ နှစ်ခုစလုံးတော့ မျှအောင် ရိုက်ရမှာပေါ့။ ဒီကားပြီးရင်တော့ မျက်ချယ် ထုတ်လုပ်ရေးနဲ့ ရုပ်ရှင်တစ်ကား ရိုက်ဖို့ ရှိပါတယ်။ အဲ့ဒီ ဇာတ်ကားကတော့ ကောင်းကျိုးကိုယ်၌ တည်စေမင်း ပုံစံမျိုးပေါ့။ ထွန်တုံးတိုက်ပွဲတွေ ဘာတွေ ထည့်ပြီး ရိုက်မယ်ပေါ့နော်။ ဆင်ဆာနဲ့တော့ ငြိနေဦးမှာပဲ။

Voice : ဇာတ်လမ်း ဖွဲ့စည်းပုံကရော ဘယ်လိုမျိုး ဖြစ်မလဲ။ တောင်သူ လယ်သမားတွေရဲ့ ဘဝအကြောင်းလား။
KST : ဒီဇာတ်ကားမှာ ကျွန်တော်တို့ကတော့ လယ်သမားတွေပေါ့ဗျာ။ လယ်သမား ဆိုတာက တိုင်းပြည်ရဲ့ ကျေးဇူးရှင်လို့ ပြောခဲ့ကြတယ်။ ဒါပေမဲ့ ကျေးဇူးရှင် မဟုတ်ဘဲ တရားခံတွေ ဖြစ်နေတဲ့ သဘောပေါ့။ ဒါကတော့ ခေတ်စနစ်အပေါ်လည်း မူတည်တာပေါ့နော်။ လက်ရှိ အုပ်ချုပ်နေတဲ့ လူထုအစိုးရကို ကျွန်တော်တို့က ထောက်ခံတယ်။ ဒါပေမဲ့ လူထုအစိုးရသည် တန်ခိုးရှင် မဟုတ်တဲ့အတွက် ချက်ချင်း ဟပ်ချလောင်းဆိုပြီး ပြုပြင် ပြောင်းလဲလို့တော့ မရဘူး။ တစ်ဆင့်ချင်း သွားရမှာပေါ့။ အဲ့ဒီလိုသွားတဲ့အပေါ်မှာ စိတ်ရှည်တဲ့လူ ရှိသလို၊ စိတ်မရှည်လို့ ဆန့်ကျင်တဲ့သူတွေလည်း ရှိမှာပေါ့နော်။ အဲ့ဒီလို လူတန်းစားတွေကို ကိုယ်စားပြုပြီး ဒီဇာတ်ကားကို ရိုက်ဖို့ စီ စဉ်ထားတာပါ။ ဇာတ်ကားနာမည်ကိုတော့ နာမည် ကျန်ရစ်နေမယ်လို့ ပေးဖို့တော့ စဉ်းစားထားတယ်။ ဒါ ရိုက်တာကတော့ ကိုသန့်ဇင်အောင် ရိုက်မှာပါ။ သရုပ်ဆောင်တွေကတော့ ကျွန်တော်နဲ့ အိချောပို ပါပါမယ်။

Voice : ကောင်းကျိုးကိုယ်၌ တည်စေမင်း ရုပ်ရှင်တုန်းက ကိုယ်အကောင်းဆုံး ကြိုးစားပေမယ့် အကယ်ဒမီဆုနဲ့ လွဲခဲ့တယ်နော်။  အကယ်ဒမီနဲ့ ပတ်သက်တဲ့ ခံစားမှုတွေက လျော့ပါးသွားပြီလား။
KST : ကျွန်တော်တို့က အနုပညာပိုင်းမှာ နစ်နာတာတွေကိုတော့ မေ့တော့ မေ့ပစ်ရမှာပေါ့နော်။ ဒါပေမဲ့ သင်ခန်းစာတော့ ယူရမှာပေါ့။ ထင်သလောက် ဖြစ်မလာဘူး ဆိုပေမယ့် အဲ့ဒီနှစ်မှာ ကောင်းကျိုးကိုယ်၌ တည်စေမင်းက အကယ်ဒမီ ငါးဆုရပြီး၊ ဆုအများဆုံးနဲ့ ဗိုလ်စွဲသွားခဲ့ပါတယ်။ ကျွန်တော်တို့တော့ ဆုမရခဲ့ဘူးပေါ့။ ဒါကလည်း အကြောင်းကြောင်းကြောင့်တော့ ရှိမှာပေါ့နော်။ ကျွန်တော်တို့ နားမလည်တဲ့ အပိုင်းတွေလည်း ရှိမှာပေါ့။ ကျွန်တော်တို့အရင်က နားလည်ထားတယ် ဆိုတာက ဇာတ်ကား တစ်ကားက အကယ်ဒမီဆုရရင် ဒီဇာတ်ကားကို ဖန်တီးတဲ့ ဒါရိုက်တာကလည်း အကယ်ဒမီရရမယ်။ အခုဟာက ဇာတ်ကားကို ကောင်းလို့ အကယ်ဒမီ ပေးတယ်။ ဒါရိုက်တာကို မကောင်းလို့ အကယ်ဒမီ မပေးဘူးဆိုတော့ သူတို့ရဲ့လုပ်ထုံး လုပ်နည်းကို ကျွန်တော် နားမလည်ဘူးဗျ။

Voice : ဇာတ်ကားတစ်ကား ရိုက်တော့မယ်ဆိုရင် ပါဝင်တဲ့ အနုပညာရှင်တွေ အကုန်လုံး စာချုပ်စာတမ်းတွေနဲ့ တိတိကျကျ အလုပ်တွေ လုပ်ကြမယ့် စနစ်တစ်ခု စတော့မယ်လို့ သိရတယ်လေ။ ဒီအပေါ်မှာရော ဘယ်လိုမြင်မိလဲ။
KST : အဲ့ဒီစနစ်ကတော့ ကောင်းပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ အထူးတလည် ထွေထွေထူးထူး ဖောက်ဖျက်ပြီး လုပ်ခဲ့တာမျိုး မရှိဘူး။ ကျွန်တော်တို့ ရာဇဝင်မှာလည်း မရှိဘူး။ သမိုင်းမှာလည်း မရှိပါဘူး။ ရှူတင်ချိန်ကအစ အချိန်မှန်လာပြီး အလုပ်လုပ်တယ်။ ဒီကြားထဲမှာလည်း တစ်ယောက်နဲ့ တစ်ယောက် နည်းနည်းပါးပါး အဆင်မပြေမှုလေးတွေတော့ ရှိချင်ရှိမှာပေါ့။ ဒါကလည်း ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘောလုံး အသင်းတွေလိုပေါ့။ ဘောလုံးကန်နေတဲ့ အချိန်မှာတော့ သဲကြီးမဲကြီးနဲ့ ကန်နေတော့ တစ်ယောက်နဲ့ တစ်ယောက်က အထိအခိုက်လေးတွေတော့ ရှိမှာပေါ့။ ဘောလုံးကွင်းထဲက ပြန်ထွက်သွားရင်တော့ တစ်ယောက်နဲ့ တစ်ယောက်က လည်ပင်းဖက်ပြီး ပေါင်းရမှာပေါ့။

Voice : ဘဝကို တစ်ယောက်တည်းပဲ ဖြတ်သန်းသွားတော့မှာလား။ ကိုခန့်ကို ချစ်တဲ့ ပရိသတ်တွေကတော့ ဘဝ လက်တွဲဖော်နဲ့ အခြေတကျ ဖြစ်တာကို မြင်ချင်နေပြီနော်။
KST : ပရိသတ်တွေက ကျွန်တော့်ဘဝကို အတည်တကျ ဖြစ်စေချင်တာတော့ ကျွန်တော် ဝမ်းသာပါတယ်။ အခုလည်း အတည်တကျ ဖြစ်နေပါပြီ။ ကျွန်တော့်ဘဝက ယိမ်းတော့ မယိမ်းယိုင်သေးပါဘူး။ ဒီနှစ်ထဲမှာလည်း ကျွန် တော့်ကို တစ်ယောက်တည်း ဆက်မြင်ရဖို့ များပါတယ်။ လောလောဆယ်တော့ အိမ်ထောင်ရေး ကိစ္စတွေအကြောင်း သိပ်တော့ မပြောချင်သေးဘူး။ အဓိကကတော့ ဒီနှစ်ထဲမှာ ကျွန်တော့် အနုပညာအလုပ်တွေ၊ ပရဟိတ အလုပ်တွေနဲ့ပဲ ဆက်လက် ဖြတ်သန်းသွားဖို့ ဆုံးဖြတ်ထားပါတယ်။

Voice : ရုပ်ရှင်ကားကြီးတွေကတော့ ရိုက်တဲ့သူ များပေမယ့် ဗီဒီယို ဈေးကွက်ကတော့ ပြန်မကောင်းလာသေးဘူးလေ။ ဗီဒီယိုဈေးကွက်က အရင်ကလို ပြန်ကောင်းနိုင်ပါ့မလား။
KST : ဗီဒီယိုနဲ့ ပတ်သက်လို့ကတော့ ရုပ်သံလိုင်းတွေမှာလည်း မြန်မာကားတွေ အများကြီး ပြတယ်။ ပြရင်းပြရင်းနဲ့ ဖန်တစ်ရာတေလာတယ်။ ဇာတ်ကား တစ်ကားကို အကြိမ်ပေါင်း များစွာပြလာတော့ ပရိသတ်က အလွတ်ရနေပြီ။ သူတို့ခမျာမှာ အဖြူအမည်းခေတ်က ဇာတ်ကားတွေ ပြန်ပြရတဲ့ဘဝ ရောက်လာတယ်။ ဗီဒီယို ဈေးကွက် ပြန်ကောင်းလာဖို့က နည်းနည်းလေးတော့ အရှိန်ယူရဦးမယ်။ ဒါပေမဲ့ အားလုံး တက်ညီလက်ညီ ကြိုးစားရင်တော့ ပြန်ကောင်းလာမှာပါ။

သန့်ဇင်ဦး

Sources; The Voice

No comments:

Post a Comment