Latest News

Friday, January 13, 2017

ရထားတွဲပြဿနာ

ရထားတွဲပြဿနာ


ခင်ဗျားဟာ ရထားလမ်းခွဲ တစ်ခုမှာ ရပ်နေတယ်။ ရထားဟာ လမ်းခွဲအတိုင်းကို တည်ပြီးတော့ မောင်း လာတယ်။ မူလလမ်းဖြစ်တဲ့ လမ်း (၁) မှာ အလုပ်သမား (၅) ယောက် အလုပ်လုပ်နေတယ်။ လမ်းလွှဲ ဖြစ်တဲ့ လမ်း (၂) မှာတော့ အလုပ်သမား တစ်ယောက်သာ အလုပ်လုပ်နေတယ်။

(၂) လမ်းစလုံးက လူတွေဟာ လှမ်းအော်လို့လည်း မကြားနိုင်ဘူး။ ရထား လာတာကိုလည်း မမြင်နိုင် ဘူး။ ရထား မောင်းသွားမယ့် လမ်းမှာ ရှိတဲ့ လူဟာ သေဖို့ပဲ ရှိတယ် ဆိုပါစို့။

သို့သော်... ခင်ဗျားရှေ့မှာ အဲဒီ ရထားတစ်စီးလုံးကို လမ်းလွှဲပစ်နိုင်တဲ့ မောင်းတံ ရှိတယ်။

ဒီတော့ "လူ (၅) ယောက် အသက်ရယ် လူ (၁) ယောက် အသက်ရယ် ဘယ်သူတွေကို ခင်ဗျား ရှင်သန် ခွင့်ပေးမလဲ"

ဒါဟာ ကမ္ဘာကျော် (Trolley Dilemma) ရထားပုစ္ဆာဖြစ်တယ်။ ၁၉၆၇ ခုနှစ်က ဒဿနပညာရှင် ဖိလစ်ပါ ဖူးတ် အမေးထုတ် ခဲ့တဲ့ ဒီကနေ့အထိ အဖြေ တိတိကျကျ မထွက်သေးသော ပုစ္ဆာ ဖြစ်ပါတယ်။

ဘာ့ကြောင့် အဖြေမထွက်သေးတာလဲဆိုတော့ ဒီပုစ္ဆာဟာ အဖြေအမှန်ကို ရှာထုတ်ရတာမျိုးထက် မိမိရဲ့ စဉ်းစားတွေးခေါ်နိုင်တဲ့ စွမ်းရည်ကို မြှင့်တင်ပေးတဲ့ ပုစ္ဆာ အမျိုးအစား ဖြစ်လို့ပါပဲ။

(အဆိုး ၂ ခုထဲကနေ ရွေးရတော့မယ် ဆိုခဲ့ရင် ကျွန်တော်တို့ ဘယ်လမ်းကို ရွေးကြမလဲ)

ဦးနှောက်နဲ့စဉ်းစားကြသလား နှလုံးသားနဲ့ ရွေးချယ်ကြသလား။ (စကားချပ်။ ဒါလည်းနှလုံးသားလို့သာ တင်စား တာပါ။ တကယ်တော့ ဦးနှောက် ဘယ်အခြမ်းနဲ့ညာအခြမ်း ဘယ်ဘက် အသားပေး ဆုံးဖြတ် သလဲ ဆိုတာပေါ် မူတည်ပြီးတော့သာ ကွဲပြားလာကြတာပါပဲ။)

အနောက်တိုင်းမှာ ကောက်ခဲ့ဖူးတဲ့ စစ်တမ်းအရ ၉၀ % သော လူတွေကတော့ လုပ်သား ၁ ယောက် အသက်ကို စတေးကြမယ် လို့ ဆိုပါတယ်။ လူတစ်ယောက် သေခြင်းဟာ လူငါးယောက်ကို ကယ်တင် ရာ ရောက်မယ်ဆိုရင် လက်ခံတယ်ဆိုတဲ့ ယူတီလီတေးရီးယန်းနစ်ဇင်မ် ဒဿန အမြင်ကနေ ဖြစ်တည် လာတဲ့ တွေးခေါ်ပုံဖြစ်ပါတယ်။ ဦးနှောက်နဲ့ ရွေးချယ်တဲ့ပုံစံ ဖြစ်ပါတယ်။

ယူတီလီတေးရီးယန်းနစ်ဇင်မ် က ပြောတာက အမှန်ဆုံး ရွေးချယ်မှုဟာ အများစု ကျန်းမာ လာစေဖို့ အနည်းစုကိုတော့ စတေးသင့်တယ်ဆိုတဲ့ ပုံစံခွက် ဖြစ်ပါတယ်။ အဲဒီ သီအိုရီရဲ့ အလိုအရဆိုရင် လူဆိုတာ ဒီရွေးချယ်မှု ပုံစံခွက် အတိုင်းသာ ရွေးချယ် စီစဉ်လေ့ ရှိတတ်သူတွေ ဖြစ်တယ်တဲ့။

ဒါပေမယ့် တကယ်ရော ဟုတ်လို့လား။ လူသားတွေဟာ ယူတီလီတေးရီးယန်းနစ်ဇင်မ် ဝါဒီ ဟုတ် မဟုတ် ဆိုတာကို ရထားပုစ္ဆာလေး နည်းနည်း ပုံစံပြောင်း စဉ်းစားလိုက်ရင် တွေ့ရမှာ ဖြစ်ပါ တယ်။

ပြောင်းမယ့် ပုံစံသစ် အဆိုမှာတော့ ရထားလမ်းခွဲ မရှိတော့ဘူး။ ရထားလမ်းဟာ တစ်လမ်းထဲ ဖြစ်မယ်။ မိမိဟာလည်း ရထားလမ်းလွှဲ ခလုတ်ကို ကိုင်ထားသူ မဟုတ်တော့ဘူး။ ရထားလမ်းပေါ်က တံတားမှာ ရပ်ကြည့်နေသူ တစ်ယောက် ဖြစ်လာတယ်။ ရထားဟာ ကုန်းတံတား အောက်ကို လာနေပြီ။ ကုန်း တံတား ဟိုဘက်မှာ လူ (၅) ယောက် အတိုက်ခံရတော့မယ်။

သို့သော် တံတားပေါ်မှာ လူဝကြီး တစ်ယောက်လည်း မိမိနဲ့ အတူရှိနေတယ်တဲ့။ ဒီလူဝကြီးကို တံတား ပေါ်ကနေ တွန်းချလိုက်မယ် ဆိုရင်တော့ ရထားလမ်းဟာ လူဝကြီးနဲ့ ပိတ်ဆို့သွားမှာ ဖြစ်ပြီးတော့ ရထားဟာလည်း အဲ့ဒီမှာတင် ရပ်သွားလိမ့်မယ်။ နောက်ဆုံးမှာ လူ တစ်ယောက်သေမယ်။ လူငါးယောက် အသက်ရှင်မယ်။

ကဲ... အဖြေတူတူပဲနော်။ လုပ်ဦးမလားလို့ မေးတဲ့အခါ ၁၀% ထက်နည်းတဲ့ ပမာဏကသာ လုပ်မယ်လို့ ဖြေပါတော့သတဲ့။

၉၀% သော လူတွေရဲ့ အမြင်မှာ ယူတီလီတေးရီးယန်းနစ်ဇင်မ် ဆိုတဲ့ အများစုအတွက် အသိစိတ် ဆိုသော ဦးနှောက်နဲ့ စဉ်းစားတတ်တဲ့ ခံယူချက် ပျောက်ဆုံးကုန်တယ်။

အတူတူ ပဲလေ ဆိုတော့လည်း ဒါမတူဘူး ဆိုတာ သိနေတယ်။ ပထမ ရွေးချယ်ပုံမှာ တစ်ယောက် သော လူ သေဆုံးတာဟာ တရားသဖြင့် ဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ တစ်ယောက်သောသူ သေဆုံး တာဟာ တရားသဖြင့် ဆိုတဲ့ အမြင်မဟုတ်တော့ဘူး။ မိမိရဲ့ သေစေလိုသော စိတ်တစ်ခု အပို ပါလာတယ်လို့ မြင်လာကြတယ်။ ဒီအခါမှာ လူဝကြီးကို တွန်းလိုက်ရင် လူ ၅ ယောက် အသက်ရှင် လိမ့်မယ် ဆိုတာကို သိသော်ငြား တမင်ကို ထည့်မစဉ်းစားကြတော့ဘူး။

ဒါ့ကြောင့် လူသားတွေဟာ ယူတီလီတေးရီးယန်းနစ်ဇင်မ် ဝါဒီတွေ မဟုတ်တော့ပြန်ဘူး။ ချက်ချင်းကို မေတ္တာနဲ့ နှလုံးသားနဲ့ စဉ်းစားတတ်တဲ့ လူသားတွေ ဖြစ်ကုန်တယ်။ ကျွန်တော်တို့ရဲ့ မှန်ကန်တယ် ဆိုတဲ့ အတွေးအခေါ် ခံယူချက်ဟာ တကယ်တမ်းဆိုရင် ရလဒ်တူ အဖြေတစ်ခုထဲကိုပဲ ရှုထောင့်စုံ အဆင်ပြေစေဖို့ အတွက် မထုတ်ရဲ ကြပါဘူး။

တကယ်တော့ အဆိုပါ ပြဿနာဟာ အဖြေမှန်ကို ထုတ်ဖို့ထက် ကျွန်တော်တို့ရဲ့ စဉ်းစားနိုင်တဲ့ စွမ်းရည် ကို သွေးပေးတဲ့ ပုစ္ဆာတစ်ပုဒ်သာ ဖြစ်ပါတယ်။ အနောက်တိုင်းမှာဆိုရင် ဒီပုစ္ဆာလေးကို စဉ်းစား ဖို့ မကြောက်တတ်အောင် ကလေးသူငယ်တွေကို ဆရာတွေက ငယ်စဉ်ကထဲက ထုတ်မေးလေ့ ရှိကြ ပါတယ်။ ပညာရေးစနစ်ဟောင်းက ဒါမျိုး ဦးနှောက်နဲ့ ဉာဏ်ရည်ကို ချွန်ပေးလေ့ မရှိခဲ့ဖူးတဲ့ ကျွန်တော် တို့ နိုင်ငံသားတွေ ဒီပုစ္ဆာတွေ့တိုင်း ဒေါသထွက်ကြတာ နားလည်ပေးလို့တော့ ရပါတယ်။

ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ဒီပုစ္ဆာကို ကျွန်တော်တို့ ပေ့ဂ်ျကနေ ထုတ်မေးခဲ့ ဖူးတယ်။ အဲဒီအခါမှာ များသောအားဖြင့် ရလာတဲ့ တုံ့ပြန်မှုတွေက ကတ်သီးကတ်သတ် မေးလို့ စိတ်တိုတာတို့၊ လာဆဲသွား တာတို့သာ ဖြစ်ခဲ့တာ ဝမ်းနည်းစွာတွေ့ရတယ်။

ဒီပို့စ်ကနေ ပေးချင်တဲ့ အသိက ဆုံးဖြတ်ချက်တိုင်းဟာ တရားဖို့ရယ် အမှန်ဖြစ်ဖို့ရယ် ထပ်တူကျဖို့ ခဲယဉ်းတတ်ပါတယ်။ ဒါကို ကောင်းကောင်းကြီး ကျွန်တော်တို့ လက်ခံထားဖို့လိုတယ်။ ဒါ့ကြောင့် ဘဝမှာ ကျနော်တို့ လုပ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ ဘာပဲ ဖြစ်နေပါစေ။ လိပ်ပြာတော့ လုံဖို့ လိုတယ်။

ဘာလို့လဲ။ ကိုယ့်ရွေးချယ်မှုသည် အမှန်လည်း ဖြစ်နိုင်သလို မှားနေတဲ့ အရာလည်း ဖြစ်နိုင်တယ်ဗျ။ ဒါ့ကြောင့် အဲ့ဒီ ထပ်တူမကျနိုင်ခြင်း ဆိုတာလေးကို စိတ်ထဲမှာ ထားပြီးတော့သာ ဘဝကို ရှေ့ဆက် သင့်တယ်။ ကိုယ် အမြဲမှန်ရမယ်ဆိုတဲ့ အတ္တလုံးဝမထားနဲ့။ ကိုယ်ဟာ မှားလည်း မှားကောင်း မှားခဲ့ မယ်။ မှန်လည်းမှန်ခဲ့မှာ ဖြစ်တယ်။ မည်သို့ပင်ဆိုစေကာမူ ရွေးချယ်မှု တစ်ခုလုပ်တိုင်း ကိုယ့် လိပ်ပြာ တော့ ကိုယ်လုံခဲ့တယ် ဆိုတာမျိုး ဖြစ်နေရမယ်။

Sources; kyawnge( မှတ်စုကြမ်း )

No comments:

Post a Comment