Latest News

Wednesday, January 11, 2017

ဘန်ကီမွန်းနှင့် ဆွေမျိုးတော်စပ်သူနှစ်ဦး လာဘ်ပေးလာဘ်ယူမှုဖြင့် စွဲချက်တင်ခံရ

ဘန်ကီမွန်းနှင့် ဆွေမျိုးတော်စပ်သူနှစ်ဦး လာဘ်ပေးလာဘ်ယူမှုဖြင့် စွဲချက်တင်ခံရ


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း၏ ဆွေမျိုးတော်စပ်သူ နှစ်ဦးကို လာဘ်ပေးလာဘ်ယူမှုဖြင့် အမေရိကန် အာဏာပိုင်များက စွဲချက်တင်ထားကြောင်း သိရသည်။

ဘန်၏ ညီဖြစ်သူနှင့် တူတော်စပ်သူတို့သည် အမေရိကန်မှ ကြားပွဲစား တစ်ဦး အကူအညီဖြင့် အရှေ့အလယ်ပိုင်း ဒေသ နိုင်ငံတစ်ခုမှ အာဏာပိုင် အရာရှိ တစ်ဦးကို လာဘ်ထိုးရန် ကြိုးစားခဲ့ကြောင်း အမေရိကန် အစိုးရ ရှေ့နေများက ဆိုသည်။ ၎င်းတို့သည် ဗီယက်နမ်ရှိ ဆောက်လုပ်ရေး ပရောဂျက် တစ်ခုကို လက်လွှဲရောင်းချနိုင်ရေးအတွက် ယခုလို လာဘ်ငွေ ပေးချေ ကမ်းလှမ်းခဲ့ခြင်းဟု စွပ်စွဲခံထားရသည်။

ဘန်သည် ကုလသမဂ္ဂ၏ အကြီးအကဲအဖြစ် ၂၀၀၇ ခုနှစ်မှ ၂၀၁၆ နှစ်ကုန်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ၎င်း၏ ရာထူးကို ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း အန်တိုနီယို ဂူတာရက်စ်က ဆက်ခံခဲ့ပြီး ဖြစ်သည်။ လက်ရှိ အမှုသည် ဘန်နှင့် တိုက်ရိုက် ဆက်နွှယ်မှု မရှိသော်လည်း တောင်ကိုရီးယား ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စဉ်းစားနေကြောင်း မကြာသေးမီက အရိပ်အမြွက် ဝန်ခံဖူးသည့် ဘန်၏ နိုင်ငံရေး ရည်မှန်းချက် အတွက်မူ အနည်းနှင့်အများ ထိခိုက်သက်ရောက်နိုင်ကြောင်း သတင်းများက ဆိုသည်။

ဘန်၏ ညီဖြစ်သူ ဘန်ကီဆန်းက အမှုဆောင် တစ်ဦးအဖြစ် ပါဝင်လျက်ရှိသည့် Keangnam ဆောက်လုပ်ရေး ကုမ္ပဏီသည် ကြွေးမြီပမာဏ မြင့်တက်လာမှုနှင့် ကြုံနေရသည်။ တစ်ဖက်တွင် ဗီယက်နမ်၌ Landmark 72ဆိုသော ဆောက်လုပ်ရေး ပရောဂျက်မှာ မပြီးစီးဘဲ ကြန့်ကြာနေသည်။ ဘန်ကီဆန်းသည် နယူးယောက်ရှိ မက်ဟမ်တန်တွင် အိမ်ခြံမြေ ပွဲစားတစ်ဦးအဖြစ် လုပ်ကိုင်နေသော သားဖြစ်သူ ဂျူဟွမ်ဘန်တို့သည် Landmark 72 ပရောဂျက်ကို လက်လွှဲရောင်းချပြီး ငွေပြန်ဖော်ရန် ကြိုးစားခဲ့ကြသည်။

၎င်းတို့သည် မက်ဟမ်တန်ရှိ ကြားပွဲစား တစ်ဦးကို ဆက်သွယ်ကာ အမည်ဖော်ပြခြင်း မရှိသည့် အရှေ့အလယ်ပိုင်း နိုင်ငံတစ်ခုမှ အာဏာပိုင် တစ်ဦးနှင့် ဆက်သွယ်ခဲ့သည်။ ၎င်းအာဏာပိုင် အရာရှိ အနေဖြင့် နိုင်ငံဘဏ္ဍာဖြင့် Landmark 72 ပရောဂျက်ကို လက်လွှဲဝယ်ယူပေးရေး အကောင်အထည်ဖော် ဆောင်ရွက်ရန် ဒေါ်လာ သန်းနှင့်ချီ လာဘ်ထိုးပြီး သားအဖ နှစ်ဦးက ကမ်းလှမ်းခဲ့ခြင်းဟု သိရသည်။

စုံစမ်းမှုများအရ အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် မယ်လ်ကွမ်ဟားရစ်သည် ယခုချိတ်ဆက်မှုတွင် ကြားပွဲစားသဖွယ် ဆောင်ရွက်ပေးခဲ့ပြီး ကနဦး ဒေါ်လာ ငါးသိန်း လာဘ်ထိုးကာ အရောင်းအဝယ်ကိစ္စ ပြီးမြောက်ပါက နောက်ထပ် ဒေါ်လာ နှစ်သန်း ထပ်မံပေးချေရန် ညှိနှိုင်းခဲ့ကြောင်း တရားရုံး မှတ်တမ်းများက ဖော်ပြခဲ့သည်။ သို့သော် ဟားရစ်က သားအဖ နှစ်ယောက်ကို လှည့်စားကာ ယင်းငွေကြေးများကို ကြားဖြတ်ပြီး အလွဲသုံးစား ပြုသွားသဖြင့် အခြေအနေ ရှုပ်ထွေးခဲ့သည်။

နယူးယောက်တွင် နေထိုင်သည့် ဂျူဟွမ်ဘန်ကို တာဝန်ရှိသူများက ခေါ်ယူစစ်ဆေးပြီး အာမခံဖြင့် ပြန်လွှတ်ပေးထားသည်။ ၎င်းက စွဲချက်အားလုံးအတွက် အပြစ်မရှိဟု ငြင်းဆိုထားသည်။ ၎င်း၏ ဖခင်နှင့် ဟားရစ်တို့ကိုလည်း ထိန်းသိမ်းထားမှု မရှိကြောင်း သိရသည်။

Sources; BBC/7Day News Journal

No comments:

Post a Comment