Latest News

Thursday, January 19, 2017

ရန်ကုန်မြို့လယ် နိုင်ငံခြားသား ငါးဦး ပါဝင်သည့် မူးယစ်ဂိုဏ်းမှု ၁၆ ဦး လွတ်မြောက်လျက်ရှိ

ရန်ကုန်မြို့လယ် နိုင်ငံခြားသား ငါးဦး ပါဝင်သည့် မူးယစ်ဂိုဏ်းမှု ၁၆ ဦး လွတ်မြောက်လျက်ရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ရန်ကုန်မြို့လယ်တွင် Ice မူးယစ်ဆေးဝါးများကို ကွန်တိန်နာယာဉ်ငယ်ဖြင့် သယ်ဆောင်လာသည့် နိုင်ငံခြားသား ငါးဦး ပါဝင်သော မူးယစ်ဂိုဏ်း ဖမ်းမိမှုမှ ကိုးဦးကို ဖမ်းမိခဲ့ပြီး ၁၆ ဦးမှာ လွတ်မြောက်နေကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်း သိရသည်။

မူးယစ်ဂိုဏ်း အဖွဲ့ဝင်များဖြစ်သော ထိုင်ဝမ်နိုင်ငံသား အမျိုးသား လေးဦးနှင့် တရုတ်နိုင်ငံ(ဟောင်ကောင်) နိုင်ငံသား အမျိုးသား တစ်ဦးတို့ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်ညက မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်ရှိ ပုဇွန်တောင်လမ်းတွင် ကွန်တိန်နာယာဉ်ငယ်ဖြင့် သယ်ဆောင်လာသည့် ဆာလာအိတ် ၃၇ အိတ်နှင့် ထည့်ထားသော မူးယစ်ဆေးဝါးများ (Ice) နှင့်အတူ ဖမ်းမိခဲ့သည်။

ဖမ်းမိခဲ့သော နိုင်ငံခြားသားများမှာ ပုဇွန်တောင် အိုးရှင်း အဆောက်အအုံ ၁၁ ထပ်ရှိ အခန်းတွင် တည်းခိုနေသူများ ဖြစ်ပြီး ၎င်းတို့အဖွဲ့မှ ထိုင်ဝမ်နိုင်ငံသား Cai Jeng Ze ကို နိုဝင်ဘာလ ၁၅ ရက် နံနက် ၈ နာရီက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တိုင်ပေနိုင်ငံသို့ လေကြောင်းခရီးစဉ်ဖြင့် မထွက်ခွာခင် ၎င်းထံမှ အလေးချိန် ၁၆၀ ဂရမ်ရှိ ကတ်တမင်း မူးယစ်ဆေးများကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့သည်။

ယင်းနောက် ၎င်းကို စစ်ဆေးရာမှ ပုဇွန်တောင် အိုးရှင်း အဆောက်အအုံတွင် အတူနေထိုင်သည့် ထိုင်ဝမ်နိုင်ငံသား သုံးဦးနှင့် ဟောင်ကောင်နိုင်ငံသား တစ်ဦးတို့မှာ မူးယစ်ဂိုဏ်း တစ်ခုမှ အဖွဲ့ဝင်များဖြစ်ကြောင်း သိရှိခဲ့ပြီး ၎င်းတို့အဖွဲ့မှ ဆာလာအိတ်ဖြင့် ထုပ်ပိုးထားသည့် မူးယစ်ဆေးဝါး Ice များကို စက်လှေဆိပ်ကမ်းသို့ ပို့ဆောင်ရန် စီစဉ်နေစဉ် မူးယစ်တပ်ဖွဲ့စုမှ အသွင်ယူ စုံစမ်းပြီး ဖမ်းဆီးခဲ့သည်။

အလေးချိန် ၁၁၁၀ ကီလိုဂရမ်ရှိသည့် Ice မူးယစ်ဆေးဝါးများကို အသက် ၂၂ နှစ်အရွယ် ဟောင်ကောင် နိုင်ငံသား Hung Ching Kin နှင့် အသက် ၂၃ နှစ် အရွယ် ထိုင်ဝမ်နိုင်ငံသား Wang Wei တို့က ဆာလာအိတ် ၃၇ အိတ်၊ ပြောက်ကျား ကျောပိုးအိတ် နှစ်လုံးတို့ဖြင့် ထုပ်ပိုးပြီး ကွန်တိန်နာယာဉ်ဖြင့် သယ်ဆောင်လာစဉ် ဖမ်းမိခဲ့ကြောင်း၊ ၎င်းတို့ထံမှ ဂြိုဟ်တု ဆက်သွယ်ရေး ဖုန်းများကိုပါ တွေ့ရှိခဲ့ကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။

စံချိန်တင် Ice မူးယစ်ဆေးဝါးများ ဖမ်းမိမှုမှ ပါဝင်သူများကို စုံစမ်းခဲ့ရာ နောက်ထပ် လေးဦးကို ထပ်မံ ဖမ်းမိခဲ့ပြီး အရှေ့ပိုင်းခရိုင်တရားရုံးတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က နိုင်ငံခြားသား ငါးဦးနှင့် ထပ်မိခဲ့သည့် လေးဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၂၀(က)/ ၂၀(ခ)/ ၂၁ ဖြင့် စတင် တရားစွဲဆို၍ လွတ်မြောက်နေသည့် ကျန် ၁၆ ဦးကို တရားခံပြေးအဖြစ် ကြေညာခဲ့ကြောင်း၊ ယင်းအမှုကို လာမည့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဆက်လက် စစ်ဆေးမည်ဖြစ်ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

Sources: The Voice

No comments:

Post a Comment