Latest News

Monday, January 30, 2017

စစ်ပွဲသည် အချစ်ပွဲမဟုတ်ပါ

စစ်ပွဲသည် အချစ်ပွဲမဟုတ်ပါ



စစ်ပွဲတစ်ရာ

နိုင်ငံကျော် အဆိုတော် တွံတေးသိန်းတန်က စစ်ပွဲတစ်ရာနွှဲလိုက်ချင်ရဲ့ အချစ်တစ်ပွဲတော့ မနွှဲလိုတော့ဘူးကွယ်----လို့ ဆိုခဲ့တယ်။ မြန်မာ့အသံမှ စနေနေ့လယ်ပိုင်းမှာ စစ်သည်အတွက် တေးလက်ဆောင်ကဏ္ဍဆို တာရှိခဲ့တယ်။ အဆိုတော်တင်တင် မြရဲ့ ‘မြင်စေချင်စမ်းလှသည် တောင်တန်းပြာ စစ်စခန်းမှာ ကျောပိုးအိတ်ကိုလွယ်သည် စစ်သည်များစွာအား မာန်တက်စစ်ရေးကိုချီ...’သီချင်း။ ‘ကြည်း ရေ လေ တပ်မတော်တွင်းက သူငယ်ချင်းတွေ၊ ရဲရဲတောက် တိုက်စစ်ဆင်ကာလေ။ တောကြား၊ တောင်ကြား...’သီချင်း။ ‘အမေချစ်တဲ့ အဖေတူသား၊ ပီသရန်ကွယ်။ အမေ့ဆန္ဒ ပြည့်ဝစေရမယ်...’ အစချီတဲ့သီချင်းတွေကို ထုတ်လွှင့်ပေးခဲ့တယ်။

ဓာတ်ခဲရေဒီယိုလေးသာရှိတဲ့ ကျွန်တော့်အိမ်မှာ စနေနေ့ဆို ရေဒီယို နားရောက်နေပြီ။ တွံတေးသိန်းတန်၊ ဟင်္သာတထွန်းရင်၊ တင်တင်မြ၊ စိမ်းမို့မို့စတဲ့ အဆိုတော်တို့ရဲ့ သီချင်းတွေကို နားထောင်ဖို့၊ လိုက်ဆိုဖို့၊ သီချင်းထဲမှာ ခံစားရင်း တောတောင် မြစ်ချောင်း၊ လျှိုမြောင်တွေကြားမှာ လှုပ်ရှားသွားလာနေတဲ့ စစ်သည်တွေရဲ့ဒုက္ခ။ ကျည်ဆန်မိုးတွေကြားမှာ အသက်ကို ဖက်နဲ့ထုပ်ပြီး ရုန်းကန်နေရတဲ့ဒုက္ခ၊ မိုင်းထောင်ထားတဲ့ သာယာဟန်ဆောင်ထားတဲ့ မြေပြင်ကို ရင်တထိတ်ထိတ်နဲ့ စမ်းတ၀ါးဝါး ဖြတ်သန်းရတဲ့ဒုက္ခ၊ ဟိုတောင်ကုန်းထိပ်က ပုန်းလျှိုးကွယ်ကာ အလစ်အငိုက် တိုက်ခိုက်လာတဲ့ဒုက္ခ၊ အရာရာဟာဒုက္ခ။ တစ်နည်းပြောရရင် ဒုက္ခတောမှ စစ်မြေပြင်မှာ အချစ်တွေ မ၀င်ကြ။ အပြစ်တွေမြင်ကြ။

ပစ်မယ်။ ခတ်မယ်။ တိုက်မယ်။ ခိုက်မယ်။ သတ်မယ်။ ဖြတ်မယ်။ သွေးသံရဲရဲ အသက်ထွက်အံဆဲဆဲ။ နောက်ဆုံးစကားကို မပီမသမှာကြားရင်း။ စိတ်မချနိုင်တဲ့ မျက်လုံးကို မပိတ်နိုင်ဘဲ ထွက်သွားတဲ့အသက်။

သေဆုံးခြင်းကို သေဆုံးချိန်မတိုင်မီ ရင်ဆိုင်သွားကြရပြီ။ အမေရှိသူက အမေ့ထံပြန်မရောက်တော့။ ချစ်သူဇနီးမယားရှိသူက ဇနီးထံမပြန်နိုင်။ သားငယ်လူမမည်ရှိသူက သူ့သားငယ်ရဲ့ အနာဂတ်ကို ဘာမျှစီမံမပေးနိုင်။ အားလုံးကို ထားရစ်ကာ ကျည်တစ်တောင့်ရဲ့ အစီအရင်အောက်မှာ အသက်ပျောက်။ ဘ၀ပျောက်ကုန်ကြပြီ။

စစ်ပွဲတစ်ရာ နွှဲလိုက်ချင်ရဲ့လို့ ဆိုနိုင်ကြပေမယ့် ချစ်ပွဲတွေ၊ မိဘနဲ့ သားချစ်ပွဲ၊ ချစ်သူနဲ့သစ္စာထားခဲ့တဲ့ မေတ္တာချစ်ပွဲ၊ သားသမီးတွေနဲ့ထားခဲ့တဲ့ သံယောဇဉ်ချစ်ပွဲ၊ ထိုထိုသော အချစ်ပွဲများကို မနွှဲနိုင်တော့ဘူး။ စစ်ပွဲတွေက ဟန့်တားနေတာကိုး။

အချစ်ပွဲ

အချစ်ဆိုတာ မေတ္တာက အခြေခံလာတာ။ ထောင့်ငါးရာမေတ္တာ၊ ငါးရာနှစ်ဆယ့်ရှစ် မေတ္တာရယ်လို့ ခွဲခြားဆိုထားကြလေရဲ့။ ပုထုဇဉ်များကတော့ ထောင့်ငါးရာမေတ္တာကို ပိုတပ်မက်ကြတယ်။ ရလိုမှုတွေ၊ ပိုင်ဆိုင်လိုမှုတွေ၊ အနိုင်ယူလိုမှုတွေနဲ့ လုံးထွေးနေတဲ့ မေတ္တာကိုအခြေခံတဲ့ အချစ်ကို ပိုကိုးကွယ်ကြတယ်။ ငါးရာနှစ်ဆယ့်ရှစ်သွယ်သော မေတ္တာကို အမှုမဲ့အမှတ်မဲ့ သဘောထားကြတယ်။ အမေကသား၊ သမီးတွေကို ချစ်တဲ့အချစ်၊ မောင်နှမချင်းချစ်တဲ့ အချစ်၊ ဆွေမျိုးသားချင်း ချစ်တဲ့အချစ်ဟာ လောဘ၊ ဒေါသ၊ မောဟ တွေကြားမှာ မြုပ်ချည်၊ ပေါ်ချည် ဖြစ်နေတယ်။ အမေ့ကို ချစ်တဲ့သားရဲ့ အချစ်၊ သားကိုချစ်တဲ့ အမေ့ရဲ့အချစ်ဟာ စာဖွဲ့လောက်ပေမယ့် အရေးပါအရာတော့ သိပ်မရောက်ကြဘူး။

အမေအရွယ်တွေ မိုင်းတွင်းထဲမှာ မိုင်းဆန်မှန်ပြီး သွေးအိုင်ထဲ လဲပြိုနေတာ။ သားအရွယ်လူမမည်တွေ ပြေးလွှားရှောင်ပြေး ပုန်းအောင်းဖို့ နေရာရှာနေတာ။ ကလေးလူမမည်တွေ အမေပျောက်၊ အဖေပျောက်လို့ အသံပျောက်မတတ် အမေရှာပုံတော် ဖွင့်နေတာ။ ဒါတွေကို အဖေ၊ အစ်ကိုအရွယ် လက်နက်ကိုင် ယောက်ျားရင့်မာကြီးက ဖေးမကူညီဖို့ အသိမ၀င်ကြဘူး။ စစ်မြေပြင်ကို အချစ်ရင်ခွင် ဖြစ်အောင်၊ စစ်ပွဲတွေကို အချစ်ပွဲတွေ ဖြစ်အောင်၊ ယမ်းပွင့်တွေကို ပန်းပွင့်တွေဖြစ်အောင်၊ ဒုံးကျည်တွေကို အပြုံးအရယ်တွေဖြစ်အောင်၊ စစ်အတွက်ကျတဲ့ မျက်ရည်တွေကို အချစ်အတွက်ပြတဲ့ သက်သေတွေဖြစ်အောင် ကျွန်တော်တို့ ပြောင်းကြရမယ်။

ချစ်ကြစို့

ဗုဒ္ဓဟောပြညွှန်းဆိုခဲ့တဲ့ မေတ္တာတရား၊ မေတ္တသုတ်၊ မေတ္တာဘာဝနာ၊ လူတွေသိနားလည်နေတဲ့ မေတ္တာ၊ အချစ်တွေ များများပွားများကြဖို့ လိုအပ်နေပါပြီ။

ငါးရာ့နှစ်ဆယ့်ရှစ်သွယ်သော မေတ္တာနဲ့ ချစ်လိုက်ကြရအောင်။ အမေများက သားများကို။ အဖေများက သမီးများကို။ မိဘများကသား၊ သမီးများကို၊ အစ်ကိုအစ်မများက ညီ ညီမများကို ဖြူစင်သော မေတ္တာစစ်နဲ့ ချစ်ကြရမယ်။

တစ်မြေတည်းနေ၊ တစ်ရေ တည်းသောက်၊ တစ်မြစ်တည်းကူး၊ တစ်လယ်ကွင်းတည်းစပါးစိုက်၊ တစ်တောတည်းအရိပ်ခို၊ တစ်တောင်တည်းအတူ သစ်ဥသစ်ဖုရှာလာကြတဲ့ ညီအစ်ကို မောင်နှမသားချင်း တွေလေ။ ချစ်ကြဖို့ ဘာများဝန်လေး နေရမှာလဲ။ မေတ္တာပွားရတာ ဘာကြောင့်များ တွန့်ဆုတ်နေရမှာလဲ။

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ရဟန်း ၅၀၀ ဟာ အေးချမ်းတဲ့ တောအုပ်တစ်နေရာမှာ တရားဘာဝနာပွားများကာ သီတင်းသုံးဖို့ နေရာယူလိုက်ကြတယ်။ ရွတ်ဖတ်တဲ့ တရားတန်ခိုးကြောင့် ရုက္ခစိုးနဲ့ တောတောင်စောင့် နတ်အချို့က မိမိဘုံဗိမာန်မှာ ဆက်လက်မနေနိုင်ဘဲ အဝေးကိုသွားနေရတယ်။ လေးငါးလ ကြာသည့်တိုင် ရဟန်းတို့က ထိုတောမှာပဲ ဆက်လက်သီတင်းသုံးနေ ကြတယ်။ ဒီအခါ မူလနေတဲ့ရုက္ခစိုး တို့ဟာ ရဟန်းတို့ကိ နှင်ထုတ်ဖို့ စိတ်ကူးလာကြတယ်။ ရဟန်းတို့ကို ကြောက်မက်ဖွယ် အဆင်းများပြခြင်း၊ ချောက်ချားဖွယ်အသံများ၊ နံစော်သော အပုပ်နံ့များနဲ့ ခြောက်လှန့်လိုက်ကြတယ်။ ဒီအကြောင်းစုံကို မြတ်စွာဘုရားထံ တင်လျှောက်တဲ့အခါ မြတ်စွာဘုရားရဲ့တုံ့ပြန်မှုက မေတ္တသုတ်နဲ့သာ တုံ့ပြန်ခဲ့ပါတယ်။ ရန်ကိုရန်ချင်း မတုံ့နှင်းခဲ့ပါဘူး။

မေတ္တာတရားနဲ့ တုံ့ပြန်မှုကြောင့် တောစခန်းရှိ ရုက္ခစိုးနတ်တို့ပင်လျှင် ရဟန်းသံဃာတို့အား ကြောက်မက်ဖွယ် အသံတို့ဖြင့် ခြောက်လှန့်ခြင်း၊ အပုပ်နံ့တို့ဖြင့် ခြောက်လှန့်ခြင်းတို့ကို ရပ်တန့်ကာ ရဟန်း ၅၀၀ တို့၏ သပိတ်သင်္ကန်းကို လှမ်းယူကြကုန်တယ်။ ကျောင်းအရံအတွင်း ရှင်းလင်းသုတ်သင်ပေးကြတယ်။ သောက်ရေ သုံးရေတို့ကို ဖြည့်တင်းခပ်ယူပေးကြတယ်။ ရဟန်းတို့ကို ခြေဆုပ်လက်နယ် ပြုပေးကြတယ်။ မေတ္တာတရားကသာ ချစ်စရာလောကကို ဖန်တီးနိုင်ခဲ့ပါတယ်။

မည်သည့်ရဟန်းကမှ ၅၀၀ သော အင်အားကို အားတစ်ခုလို အသုံးပြုပြီး ရိုက်ပုတ်နှင်ထုတ်ခြင်း မပြုဘူး။ ဆဲရေးငေါက်ငမ်းခြင်း မပြုခဲ့ဘူး။ ဘုရားသားတော်ဟူသော အရှိန်သြဇာအာဏာကို အသုံးပြု၍ နိုင်ထက်ကလူမပြုဘူး။ ငါးရာ့နှစ်ဆယ့် ရှစ်သွယ်သော မေတ္တာကိုသာ များများပွားများခဲ့ကြတယ်။

ဆိုတော့ မေတ္တာတရားဟာ စစ်ပွဲမဟုတ်ဘူး။ အချစ်ပွဲဖြစ်တယ်။ အချစ်ပွဲဟာ စစ်ပွဲကို ရပ်တန့်စေနိုင်တယ်။

မြတ်စွာဘုရား ကိုယ်တော်ဟာ စစ်တိုက်ရင် ငြိမ်းချမ်းရမယ်လို့လုံးဝ မယုံကြည်ခဲ့ဘူး။ မာရ်နတ်မင်းရဲ့ ၀ရဇိန်လက်နက်နဲ့ တိုက်ခိုက်မှုကို ဘုရားက ဘာလက်နက်နဲ့မျှ တုံ့ပြန်မတိုက်ခိုက်ခဲ့ဘူး။ သေရည်ယစ်မူးနေတဲ့ နာဠာဂီရိဆင်ရဲ့ ရန်သတ္တရုပြုလာမှုကို ဘုရားကဘယ်နည်းနဲ့မျှ ရန်ပြန်မပြုခဲ့ဘူး။ အာဠာဝကက ဗိမာန်၊ နယ်မြေ မတရားသိမ်းပိုက်မှုကို ဘုရားက အဓမ္မပြန်လည်လုယူခဲ့ခြင်း မပြုခဲ့ဘူး။ မေတ္တာစစ်နဲ့သာ အောင်မြင်ခြင်းကို ဆောင်ကြဉ်းပြသကာ လူသားတွေကို အတုယူဖို့ တရားပြခဲ့တယ်။

မေတ္တာအာသီသ

ကျေးဇူးရှင် ဒီပဲယင်းဆရာ တော်ဘုရားကြီး၏ မေတ္တာအာသီသဟာ အချစ်ပွဲကို နွှဲလိုသူတွေအတွက် အထောက်အပံ့ ဖြစ်စေတယ်။

သူတစ်ပါးသည်လည်း ငါ၏အကျိုးစီးပွားကို ဆောင်ရွက်ပါစေသတည်း။ ငါသည်လည်း သူတစ်ပါး၏ အကျိုးစီးပွားကို ဆောင်ရွက်ပါစေသတည်း။

ငါသည်လည်း သူတစ်ပါး၏ ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်းကို မလိုလား မနှစ်သက်ပါရစေလင့်။ သူတစ်ပါးကလည်း ငါ၏ ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်းကို မလိုလား မနှစ်သက်ရပါစေလင့်။

ငါသည် အခြားတစ်ပါးသတ္တ၀ါများကို မညှဉ်းဆဲမနှိပ်စက်ရပါလို။ သူတစ်ပါးကလည်း ငါ့ကိုမညှဉ်းဆဲ မနှိပ်စက်ပါစေသတည်း။

ငါသည် သူတစ်ပါး၏ရန်သူ မဖြစ်ရပါလို။ သူတစ်ပါးကလည်း ငါ၏ ရန်သူမဖြစ်ပါစေသတည်း။

အချစ်တစ်ပွဲကို နွှဲလိုသူဟာ စစ်ပွဲတစ်ရာနွှဲရတာထက် တကယ်တော့ မခက်ပါပဲ။ ဖော်ပြပါအတိုင်း မေတ္တာထားနိုင်ရင် သူတစ်ပါးကလည်း ကိုယ့်ရန်သူဖြစ်မလာနိုင်သလို ကိုယ်ကလည်း သူတစ်ပါးရဲ့ရန်သူ ဖြစ်မလာနိုင်ပါဘူး။

အချစ်ပွဲတွေကိုသာ စစ်ပွဲတွေနေရာမှာ အစားထိုးနိုင်ကြရင် စစ်မြေပြင်ဟာ အချစ်လွင်ပြင်အဖြစ် ပြောင်းသွားမှာပါ။ အချစ်လွင်ပြင်မှာ ချစ်ခင်သူတွေဟာ ပြေးပွေ့လက်တွဲနိုင်ကြမှာပါ။ ထွေးဖက်လက်တွဲ နိုင်မှာပါ။ သူ့ရင်ခုန်သံ ကိုယ့်ရင်ခုန်သံ ကြားသိနိုင်မှာပါ။

ဘာအကြောင်းကြောင့်ကမျှ ချစ်သူတွေကို မခွဲခွာနိုင်ပါဘူး။ တကယ်ချစ်ရင်၊ တကယ်မေတ္တာကြီးမားရင် ဘာနဲ့မျှ တားဆီးထားလို့ မရပါဘူး။ စစ်ပွဲတွေဟာ အချစ်တွေကို ခွဲနေတာ။ ချစ်သူတွေကို ကွဲစေတာ။ လက်တွေကို မတွဲစေတာ။ ဒါကြောင့် စစ်ပွဲကို တစ်ရာလည်း မနွှဲကြပါနဲ့။ စစ်ပွဲတစ်ပွဲကိုမျှ မနွှဲကြပါနဲ့။

ဒီမြေပေါ်မှာကြုံကြိုက်လို့။ ဒီရေပြင် စုံထိုက်လို့။ ဒီလေပြင်ကို အတူရှူရှိုက်လို့ ကြုံကြ။ ဆုံကြရပြီ။ ကျောတစ်နေရာစာ ပေးနေကြမယ်။ တက်တစ်နေရာစာ ပေးလှော်ကြမယ်။ လေတစ်ရှိုက်စာ ပေးရှူကြမယ်။ ဒီလို အတူတူဖေးကူကြရင်း ချစ်ပွဲတွေကိုပဲ တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်း နွှဲလိုက်ကြရအောင်။

တောတောင်ကြားထဲရောက် နေတဲ့သူငယ်ချင်းတွေ၊ ရှေးကထက် ပိုချစ်ကြရအောင်။

တကယ်တော့ ချစ်သူတွေလေ။ မုန်းသူတွေမှ မဟုတ်တာပဲ။ သူငယ်ချင်းတွေလေ။ သူစိမ်း (တိုင်းတစ်ပါး) တွေမှ မဟုတ်တာပဲ။ ဆွေမျိုးတွေလေ။ ရှေးပဝေသဏီကတည်းက အတူတကွ နေလာကြတာပဲ။

စစ်ဆိုတာ အချစ်ကုန်မှဖြစ်ရတာ။ စစ်ဆိုတာ မလိုမုန်းသူတွေကြားမှာသာ ဖြစ်ကြရတာ။ စစ်ဆိုတာ ညှိနှိုင်းလို့မရသူတွေရဲ့ လမ်းဆုံးရွေးချယ်မှု ဖြစ်တယ်။

နောက်ဆုံး အန္တိမရည်မှန်းချက်က ငြိမ်းချမ်းရေးရဖို့ပဲဖြစ်တယ်။ ငြိမ်းချမ်းရေးလိုချင်ရင် ညှိနှိုင်းရမယ်။ တိုင်ပင်ရမယ်။ နောက်ဆုံး အမုန်းတွေ အဆုံးသတ်ရမယ်။ အချစ်တွေ ဖွဲ့နှောင်ရမယ်။ မေတ္တာတွေ တိုးပွားကြရမှာ ဖြစ်တယ်။

အချစ်ပွဲတွေကသာ စစ်ပွဲကို ရပ်တန့်နိုင်မှာဖြစ်ကြောင်းပါ။

Writer:
မောင်တင်ဦး (မြောင်းမြ)

===========

Eleven Media Group

No comments:

Post a Comment