Latest News

Monday, January 30, 2017

မြန်မာ့အမွေ...မြန်မာ့ရှင်မတောင်သနပ်ခါးနဲ့

မြန်မာ့အမွေ...မြန်မာ့ရှင်မတောင်သနပ်ခါးနဲ့


၂၀၁၇ ခုနှစ်အစ၊ နှစ်ဦး တာအထွက်မှာ ကျွန်တော်တို့ တောင်ငူမြို့က လွတ်လပ်ရေးပွဲတော်နဲ့ စတင်ပြီး တာထွက်ပါတယ်။ တောင်ငူ လွတ်လပ်ရေးပွဲတော်ဆိုတာကလည်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့  နှိုင်းယှဉ်ပြီး ပြောရမယ်ဆိုရင်တောင် အကြီးကျယ် အခမ်းနားဆုံး ကျင်းပတဲ့ ရက်ရှည်ပွဲတော်တစ်ခုလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ဒီလိုနှစ်ကူးအစ ရက်ရှည်ပွဲတော်ကြီးနှင့် အတူတွဲပြီးပါလာ တတ်တာက အညာဒေသ သနပ်ခါး ဈေးသည်တွေပဲ ဖြစ်ပါတယ်။

“ကျွန်မတို့ ၁၂ ပွဲဈေးရောင်းတဲ့ ကာလက အောက်ပြည်ဆိုရင်တော့ ခြောက်လရှိတာပေါ့။ တောင်ငူ၊ သန် လျင် ကျိုက်ခေါက်၊ ခရမ်းတပေါင်းပွဲ၊ တန်ခူးကျတော့ ပဲခူးရွှေမော်ဓောပွဲပေါ့။ ဗမာလတွေအတိုင်းပဲ ဆက်သွားတာ၊ အခု တောင်ငူကနေစတာပေါ့”ဟု တောင်ငူလွတ်လပ်ရေးမှာ သနပ်ခါးလာရောင်းတဲ့ အညာသူ မသန္တာက ဆိုပါတယ်။

အညာဒေသ သနပ်ခါးဈေးသည်ဆိုလို့ သနပ်ခါးက အညာဒေသအားလုံးက ထွက်တာ မဟုတ်ပါဘူး။ ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ အရာတော်ဆိုတဲ့ အပူချိန်ပြင်း အညာဒေသတစ်ဝိုက်က ထွက်တဲ့ ရှင်မတောင်ထွက် သနပ်ခါးကို မြန်မာပြည်အနှံ့၊ ဘုရားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေမှာ အညာသူ အညာသားတွေက သနပ်ခါး လိုက်ရောင်းကြတာပဲ ဖြစ်ပါတယ်။

သနပ်ခါးက ပခုက္ကူ၊ ရေစကြို၊ မြိုင်ဒေသတစ်ဝိုက်က အဓိကထွက်တာ ဆိုပေမယ့် အခြားဒေသဖြစ်တဲ့ ရွှေဘို၊ မုံရွာ၊ မကွေး၊ တောင်တွင်းကြီး ဒေသတွေနဲ့ ရှမ်းပြည်နယ် မေမြို့၊ ၀န်းသို၊ သီပေါ၊ လားရှိုးနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ အချို့မှာလည်း စိုက်ပျိုးပေါက်ရောက်တာကိုလည်း တွေ့နိုင်ပါတယ်။ ပေါက်ရောက်တဲ့ နေရာဒေသအလိုက် သနပ်ခါးအရည်အသွေး မတူညီကြပါဘူး။ အထူးသဖြင့် ပခုက္ကူမြို့နယ် ‘ရှင်မ’ တောင် ထွက် ရှင်မတောင်သနပ်ခါးကတော့ အရည်အသွေးအကောင်းဆုံး၊ လူကြိုက်အများဆုံးနဲ့ အထင်ရှားဆုံး မြန်မာ့ ရှင်မတောင်သနပ်ခါးစစ်စစ်ပဲ ဖြစ်ပါတယ်။

သနပ်ခါးဟာ ရှေးမြန်မာမင်းများ လက်ထက် နှစ်ပေါင်း ၇၀၀ ကျော်ခန့်ကတည်းက သုံးစွဲလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ သနပ်ခါးလိမ်းခြင်း၊ ကလေးငယ်များကို သနပ်ခါးကျွေးခြင်း၊ သနပ်ခါးလက်ဆောင်ပေးခြင်း၊ အလေ့အထဟာ ရှေးမြန်မာများ လက်ထက်ကပင် နှစ်နှစ်ခြိုက်ခြိုက် အသုံးပြုခဲ့ကြသလို သနပ်ခါးသုံးစွဲခြင်း အလေ့အထကို မြန်မာအမျိုးသား အမျိုးသမီး ကလေးသူငယ်မရွေး ဘယ်သူမှ မကင်းလွတ်ခဲ့ကြပါဘူး။

မိခင်တစ်ယောက်အတွက် မြန်မာ့သနပ်ခါးဟာ သူ့ရင်သွေးကိုကျွေးဖို့ ဆေးဖက်ဝင်တဲ့ သဘာဝဆေးမြစ် ဆေးတုံးဖြစ်ပါတယ်။ နုနယ်လှပသော မြန်မာအမျိုးသမီးကြီး/ငယ် ပျိုမေတိုင်းရဲ့ ရိုးရှင်းသော အလှအပများအတွက် မြန်မာ့သနပ်ခါးဟာ သဘာဝကပေးတဲ့ နံ့သာအဆီအနှစ်လည်း ဖြစ်ခဲ့ပါတယ်။ ဆွေမျိုးသားချင်း မိတ်ဆွေအရင်းများအတွက် မြန်မာ့သနပ်ခါးဟာ မျက်နှာပွင့်တင့်တယ်သော လက်ဆောင်ပဏ္ဏာ တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒီလိုကောင်း ခြင်းအဖြာ၊ ကျက်သရေမင်္ဂလာ သတင်းနဲ့ပြည့်စုံတဲ့ မြန်မာ့သနပ်ခါးဟာ မြန်မာနိုင်ငံအတွက် မရှိမဖြစ် ရိုးရာအမွေအနှစ်တစ်ခုဆိုရင်လည်း မမှားခဲ့ပါဘူး။

မြန်မာပြည်တွင်း ကျော်ကြားတဲ့ မြန်မာ့သနပ်ခါးက ရွှေဘိုသနပ်ခါးနဲ့ ပခုက္ကူဒေသ ‘ရှင်မ’ တောင်ထွက် ရှင်မတောင်သနပ်ခါး ဖြစ်ပါတယ်။

ရွှေဘိုသနပ်ခါးတုံးများ...ရန်ကုန်လိမ်းဖို့ယူ...ဘယ်လိုအသားမည်းမည်း...၀ါဝါညက်ညက်ဖြူ... ရွှေဘိုသနပ်ခါးတုံးများ...ရန်ကုန်လိမ်းဖို့ယူ...ဘယ်လိုအသားမည်းမည်း...၀ါဝါညက်ညက်ဖြူ...(ပုဇွန် တောင် ကြည့်မြင်တိုင်သူနဲ့ မန္တလေး မြို့တော်သူ)၂ ...ရွှေဘိုသနပ်ခါး လိမ်းကြရင်ဖြင့်...စိမ်းစိမ်းညက်ညက်ဖြူဖြူ...ကြံကြံဖန်ဖန် ရန်ကုန်သူ-မန္တလာမြင့်တို့ ရန်ကုန်သူ ... မန္တလေးသွားလို့  အသားမည်းပြန်သတဲ့ဆူ...

နန်းတော်ရှေ့ဆရာတင်ရေးခဲ့တဲ့ ‘ရွှေဘို’ သနပ်ခါးသီချင်းဆိုရင် ခေတ်ဟောင်း အဆိုတော်တွေကနေ ယနေ့ခေတ် အဆိုတော်တွေအထိ ဆိုလို့ကောင်းနေဆဲ၊ ထင်ရှားနေဆဲ၊ အရွယ်ရောက်သူ မြန်မာပြည်သူတွေ ပါးစပ်ဖျားမှာ ညည်းတွားနေဆဲ၊ နားဆင်နေဆဲ၊ သီဆိုနေကြဆဲ ဖြစ်ပါတယ်။ ဒါဟာလည်း မြန်မာ့သနပ်ခါး ဖြစ်တဲ့ ‘ရွှေဘို’ သနပ်ခါးရဲ့ အမှတ်အသားပဲ ဖြစ်ပါတယ်။

ယနေ့ခေတ်မှာတော့ ‘ရွှေဘို’ သနပ်ခါးထက် ‘ရှင်မ’တောင်ထွက် ရှင်မတောင်သနပ်ခါးဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အဖြစ် လွန်ခဲ့သော ဆယ်စုနှစ် နှစ်စုစာလောက်ကစပြီး ကျော်ကြားပါတယ်။ ရှင်မတောင် မြန်မာ့သနပ်ခါးက ပူသော ရာသီမှာလိမ်းရင် အေးသောအရသာကို ခံစားရသလို၊ အေးသောရာသီမှာ လိမ်းရင် နွေးသောအရသာကို ခံစားရတယ်လို့ သနပ်ခါးကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

ရှင်မတောင်သနပ်ခါးဟာ အညာဒေသ၊ ပခုက္ကူနယ်ပခန်းပွဲလာ သူ၊ ‘ရှင်မ’တောင်ဘုရားဖူးလာသူ၊ ရေစကြို၊ မြိုင်၊ အရာတော်ဘက် ဘုရားဖူးလာသူ မိတ်ဆွေတွေကို ဒေသခံတွေက ရှင်မတောင်သနပ်ခါး လက်ဆောင်ပေးရာကနေ ရှင်မတောင် သနပ်ခါးရဲ့ အနံ့အသက် သင်းပျံ့မွှေးကြိုင်ပုံ၊ အာနိသင်ထူးကဲပုံတွေကို သတိထားမိရင်းနဲ့ ရှင်မတောင် သနပ်ခါးဟာ ယနေ့ခေတ် မြန်မာအမျိုးသမီးတွေကြားမှာ ရေပန်းစားလာတာလည်း ဖြစ်ပါတယ်။ ရှင်မတောင်ရဲ့ ထူးခြားတဲ့ အာနိသင်ကတော့ မနက်ပိုင်းကလူးထားပေမယ့် ညနေ ရေချိုးတဲ့အချိန်ထိအောင် သနပ်ခါးရနံ့က စွဲပြီးကျန်တဲ့အထိ ရနံ့သင်း ပျံ့နေတာပါပဲ။ ရွှေဘိုသနပ်ခါးတုံးလို အခေါက်မထူပေမယ့် သေးသေးကျစ်ကျစ်လေးနဲ့ အနှစ်ပြည့်ပြီး ရနံ့ကြွယ်တဲ့ မြန်မာ့ ‘ရှင်မတောင်’ သနပ်ခါးပဲဖြစ်ပါတယ်။ ပခုက္ကူဒေသထွက် မြန်မာ့ ‘ရှင်မတောင်’သနပ်ခါးဟာ ဒီလိုအာနိသင်နဲ့ ရနံ့ထူးကဲ တာကလည်း အကြောင်းရှိပါတယ်။ ပခုက္ကူဒေသ ‘ရှင်မ’တောင်မှာ တစ်နှစ်ပတ်လုံး မိုးရေချိန်က ပျမ်းမျှ ၂၀ လက်မနဲ့ ၃၀ လက်မ ၀န်းကျင်မှာပဲရှိပါတယ်။ ဒါကြောင့် ရှင်မတောင်မှာ ပေါက် ရောက်တဲ့ သနပ်ခါးပင်တွေကို ပေါင်းမြက်ရှင်းပြီး ဂရုစိုက်ရုံထက်ပိုပြီး မြေသြဇာမကျွေးနိုင်ပါဘူး။ နည်းပါးတဲ့ သဘာဝမိုးရေချိန်၊ ပံ့ပိုးရန်ခက်ခဲတဲ့ ဓာတုမြေသြဇာသက်ရောက်မှုမရှိခြင်းတွေကြောင့် ‘ရှင်မ’တောင်ထွက် သနပ်ခါးတွေ သြဂဲနစ်ဆန်တဲ့ စိုက်ပျိုးနည်းလို သဘာဝအတိုင်း ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် ‘ရှင်မ’တောင် ထွက် သနပ်ခါးတွေက အပင်မသန်၊ အခေါက်မထူကြပေမယ့် ရနံ့အဆီအနှစ်တွေက မြန်မာအမျိုးသမီးများ အကြိုက်ဖြစ်အောင် ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။

“ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၊ ၆၀ လောက်ကတော့ ‘ရှင်မတောင်’ သနပ်ခါးအစစ်ဆိုတာ အဲဒီ ‘ရှင်မ’ တောင်ပေါ်မှာ တကယ်လည်း ရှိခဲ့တာပေါ့။ တောင်ကြီးကလည်း အမြင့်ကြီးရယ်လေ၊ သူ့နာမည်ကိုက ‘ရှင်မ’တောင်ပေါ့။ အလွယ်ခေါ်တော့ ‘ရှင်မတောင်’ တောင်ပေါ့။ အမှန်တကယ်က ‘ရှင်မ’ဆိုတဲ့ အဲဒီ တောင်ပေါ်မှာ အလေ့ကျပေါက်တဲ့ သနပ်ခါးကို အစွဲပြုပြီး ရှင်မတောင်လို့ခေါ်ကြတာ။ ဒါပေမဲ့ အခုဟာက မရှိတော့ပါဘူး။ ခေတ်ကာလကြီးကလည်း တိုးတက်လာပြီ၊ ရှင်မတောင် သနပ်ခါးသုံးတဲ့လူကလည်း တစ်နိုင်ငံ လုံးလိုလိုဖြစ်လာတာဆိုတော့ အဲဒီ ‘ရှင်မ’ တောင်ပေါ်မှာ သနပ်ခါးမရှိတော့ဘူး”ဟု မြမြင့်မိုရ် သနပ်ခါး အရောင်းဆိုင်မှ ကိုမြသင်းက ဆိုပါတယ်။

ဒီလို ကောင်းသောရနံ့၊ အာနိသင်များနဲ့ထင်ရှားလာတဲ့ မြန်မာ့ရှင်မတောင် သနပ်ခါးကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အသုံးပြုလာကြတဲ့အချိန်မှာတော့ သတ္တ၀ါနဲ့လက်နက် မမျှသလို ယနေ့ခေတ်မှာ ‘ရှင်မတောင်ထွက် ရှင်မတောင်သနပ်ခါး စစ်စစ်ဆိုတာ မရှိသလောက် ရှားပါးလာပြီး စိုက်ပျိုးရေးသနပ်ခါးကိုသာ အားထားရောင်းချနေရတယ်လို့ သနပ်ခါးရောင်းချသူတွေကလည်း ဆိုပါတယ်။

“ကျွန်တော်တို့က နေတာက မိတ္ထီလာကပေါ့။ ၀ယ်ရတဲ့သနပ်ခါး တွေကျတော့ ပခုက္ကူနယ်ဘက်၊ မြိုင်တို့၊ ပေါက်တို့၊ ရေစကြိုတို့ရယ်၊ မုံရွာနယ်ဘက် အရာတော်ပေါ့။ အဲဒီ နှစ်နယ်ပဲရှိတာကိုး။ အဲဒါကို လှည့်ဝယ်ရတာပေါ့။ အခုကသနပ်ခါးကတော့ ရောင်းရင် ရှင်မတောင်သနပ်ခါးလို့ပဲ ပြောရောင်းရတာပေါ့ အစ်ကိုရယ်။ တကယ်တမ်းက ‘ရှင်မ’ တောင်က ထွက်တဲ့ ရှင်မတောင်သနပ်ခါးအစစ် ဆိုတာ တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့သုံးနေတာ ဘယ်လိုလောက်ပါ့မလဲ။ ရှင်မတောင်သနပ်ခါးထွက်တဲ့ဒေသက ကျဉ်းကျဉ်းလေးကို။ အခုတော့ ရှင်မတောင်သနပ်ခါးစစ်စစ်က ရှားသွားတော့ စိုက်ပျိုးရေးသနပ်ခါးပေါ့။ ဗမာသနပ်ခါးပေါ့။ ရှင်မတောင်သနပ်ခါးပေါ့။ အဲဒီလိုမျိုး သုံးကွဲသွားတယ်။အမှန်အကန်ကတော့ ဒီရှင်မတောင် သနပ်ခါး တစ်မျိုးတည်းပါပဲ။ အကုန်လုံးက မစိုက်ဘဲနဲ့တော့ ဒီသနပ်ခါးကြီးက အလေ့ကျပေါက်တယ်ဆိုတာ မရှိတော့ပါဘူး။ ကိုယ်စိုက်မယ် ကိုယ်ရောင်းမယ်ပေါ့။ အဲဒီလို စိုက်ပျိုးရေး သနပ်ခါးပဲရှိတော့ပါတယ်။ အလေ့ကျပင်ကလည်း လူတွေရောင်းစားပစ်လို့ ကုန်နေပြီလေ။ ဒါပေမဲ့ အလေ့ကျပေါက်ပင် ‘ရှင်မတောင်’သနပ်ခါးလို့ပဲ ပြောရောင်းရတာပေါ့။ လူတွေက သိတဲ့အတိုင်းပဲ။ အလေ့ပေါက်ပင် ဆိုမှသာ ၀ယ်ချင်ကြတာလေ”ဟု ကျော်မင်းလတ် သနပ်ခါးအရောင်းဆိုင်မှ မသန္တာက ဆိုပါတယ်။

ဒီလိုမျိုး ‘ရှင်မ’ တောင် သနပ်ခါးအစစ်တွေ ရှားပါးပျောက်ကွယ်လာခဲ့ကြပေမယ့် အညာဒေသ သနပ်ခါး စိုက်ပျိုးသူတွေက မြန်မာပြည်အနှံ့ သနပ်ခါးချစ်သူတွေအတွက် စိုက်ပျိုးရေး သနပ်ခါးတွေနဲ့ အစားထိုး ဖန်တီးပေးကြပါတယ်။ ဒါကြောင့်လည်း အညာဒေသ သနပ်ခါးတွေဟာ မြန် မာပြည်အနှံ့ ဘုရားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေမှာ အင်နဲ့အားနဲ့ နေရာယူ ရောင်းချနေကြတာကို မြင်တွေ့ခွင့် ရနေတာလည်းဖြစ်ပါတယ်။ တစ်နှစ် တစ်ခါလာတဲ့ ပွဲတော်တွေမှာ တစ်နှစ်စာအတွက် သနပ်ခါးတွေ ၀ယ်ယူစုဆောင်းရပါတယ်။ ဒါကြောင့်ဘုရားပွဲဈေးက သနပ်ခါးသည်တွေဟာ ပွဲတော်စရင် ပထမဦးဆုံး မြင်တွေ့ရတတ်သလို ပွဲတော်ပြီးရင် နောက်ဆုံးမှ သိမ်းတတ်တာပါ။ ဒါဟာ မြန်မာ့သနပ်ခါးရဲ့ အဖိုးတန်သင်းပျံ့လှတဲ့ရနံ့နဲ့၊ မြန်မာပျိုမေများရဲ့ အလှတရားကို ဖန်ဆင်းပေးနိုင်စွမ်းတဲ့ အာနိသင်တွေကြောင့်သာ နေရာတိုင်းမှာ ပွဲလယ်တင့်စွာ အရောင်းအ၀ယ် ဖြစ်နေရတာပါပဲ။ အမျိုးသား၊ အမျိုးသမီးမရွေး နှစ်ခြိုက်တပ်မက်စွာ လူးကြတဲ့ မြန်မာ့သနပ်ခါးဟာ မြန်မာတစ်မျိုးသားလုံးအတွက် သဘာဝကပေးတဲ့ အဖိုးတန် အမွေအနှစ်တစ်ခုလိုပါပဲ။

ဒါကြောင့် မြန်မာ့ရိုးရာသနပ်ခါးကို ခေတ်ဟောင်း ‘ရွှေဘိုသနပ်ခါး’ သီချင်းသံအစ ယနေ့ခေတ်ပေါ် ကာလအထိ ချစ်စရာ သနပ်ခါးသီချင်းတွေ ရေးစပ်သီဆိုနေကြတာကို ကြားနေမိတော့ မြန်မာ့သနပ်ခါးကို ပိုင်ဆိုင်ခွင့်ရတဲ့ မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့် အထူးတလည် ဂုဏ်ယူကျေနပ်မိသလို သီချင်းသံများနဲ့ ပျံ့လွင့်နေမယ့် မြန်မာ့ရှင်မတောင်သနပ်ခါး ရေရှည်တည်တံ့နေ တာကို မျှော်လင့်မိရင်း...

...သနပ်ခါးလေးနဲ့ တစ်ပွင့် ပန်းလေးနဲ့ ကေသာကေသာထက်မှာ နန်းဆန်လို့နေ...သူငယ်ချင်းတွေ စုံစုံလင်လင် ရေခပ်ဆင်းရင် မောင်ကြီးချစ်သူ ဖြူဖြူချောအလှ...စောင့်မျှော်ချင်...ယဉ်ချောတဲ့မေ့ကို တစ်ယောက်ထဲပဲ ငေးချင်)၂... ဆိုတဲ့  မနောရဲ့ သီချင်းသံလေးလိုပါပဲ။ မြန်မာပျိုပျိုမေတိုင်းကို မြန်မာ့အမွေ၊ မြန်မာ့ရှင်မတောင်သနပ်ခါးနဲ့ ထာဝရ လှချင်တိုင်းလှနိုင်ကြဖို့သာ ဆုတောင်းမိပါတော့တယ်ဗျာ...။

Writer:
ဇော်ဝင်းချစ် (တောင်ငူ)

===========

Eleven Media Group

No comments:

Post a Comment