Latest News

Wednesday, January 4, 2017

ဆင်းမ်ကတ်တွေ ဘာကြောင့်မှတ်ပုံတင်ဖို့ လိုတာလဲ

ဆင်းမ်ကတ်တွေ ဘာကြောင့်မှတ်ပုံတင်ဖို့ လိုတာလဲ
ဆင်းမ်ကတ်များအားလုံး မတ်လနောက်ဆုံးထား၍ မှတ်ပုံတင်ရမည်ဖြစ်သည်။ (ဓာတ်ပုံ−စိုင်းဇော်)

မိုးဘိုင်းဆင်းမ်ကတ်များကို မှတ်ပုံတင် စေခြင်းမရှိဘဲ လွတ်လပ်စွာ ၀ယ်ယူစေခြင်းဖြင့် သမ္မတဦးသိန်း စိန်လက်ထက်၌ ပြည်သူလူထုကို ပျော်ရွှင်စေခဲ့သည်။

ငွေကျပ် ၁,၅၀၀ ဖြင့် လွတ် လပ်စွာ ၀ယ်ယူအသုံးပြုနိုင်ခြင်း သည် မိုဘိုင်းဖုန်းပိုင်ဆိုင်လိုမှု အိပ် မက်များ ကိန်းအောင်းနေသည့် ပြည်သူလူထုအတွက် ပျော်ရွှင်ခြင်းဖြစ်စေသည့်အပြင် လုပ်ငန်းလည် ပတ်ခါစသာရှိသေးသည့် ဆက် သွယ်ရေးအော်ပရေတာများ အ တွက်လည်း ဈေးကွက်ပိုင်ဆိုင်မှု နှင့် ငွေကြေးလည်ပတ်မှုကို အကျိုးရှိစေခဲ့သည်။

မူဝါဒအရ ဆင်းမ်ကတ်မှတ်ပုံ တင်ရန် မလိုအပ်၍ ဆက်သွယ် ရေး  အော်ပရေတာများသည် ဆင်းမ်ကတ်ဖြန့်ချိရေးစနစ်၌ အ သုံးပြုသူ  များများပိုင်ဆိုင်ရေးကို သာ နည်းလမ်းမျိုးစုံဖြင့် ဦးစားပေး ဆောင်ရွက်ခဲ့သည်။

ဆက်သွယ်ရေးအော်ပရေ တာသုံးခု၏ ဖြန့်ချိထားသော မို ဘိုင်းဖုန်းဆင်းမ်ကတ်  အရေအ တွက်  သန်း ၄၀ ခန့်သို့  ရောက်ရှိ လာသည့်အခါ  အရပ်သားအစိုးရ သစ်က ဆင်းမ်ကတ်များကို  မဖြစ်မနေမှတ်ပုံတင်ရမည်ဟု ထုတ်ပြန်ကြေညာသည်။

သြဂုတ် ၁ ရက်စွဲဖြင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသော ကြေညာ ချက်၌ မိုဘိုင်းဆင်းမ်ကတ်အားလုံး၂၀၁၇ မတ်လကုန် နောက်ဆုံး ထား၍ ဆင်းမ်ကတ်များမှတ်ပုံ တင်ရမည်ဟု ပါရှိသည်။ ကြေညာချက်၌ မှတ်ပုံတင်ထားခြင်းမရှိ သော ဆင်းမ်ကတ်များကို ယာယီ ပိတ်သိမ်းမှုများ ပြုလုပ်မည်ဟု ဖော်ပြထားသည်။

ဆင်းမ်ကတ်များကို မှတ်ပုံ တင်၍ အသုံးပြုစေခြင်းအားဖြင့် ရာဇ၀တ်မှုများ ဖော်ထုတ်ရာတွင် အထောက်အကူဖြစ်စေသည့် အ ပြင်  အရပ်သားအစိုးရသစ်အ ကောင်အထည်ဖော်ဆောင်ရွက် နေသည့် E-Government ၀န် ဆောင်မှုများနှင့် အခြားသော ငွေ ကြေးဆိုင်ရာအီလက်ထရွန်နစ် ၀န်ဆောင်မှုများကို အသုံးပြုရာ၌ အထောက်အကူဖြစ်စေသည်ဟု တယ်လီနောစီအီးအို Mr. Lars ErikTellmann ကပြောကြားသည်။

ဆင်းမ်ကတ်များကို ငွေကျပ် ၁,၅၀၀ ဖြင့် လွတ်လပ်ပျော်ရွှင်စွာ ၀ယ်ယူခဲ့ကြသည့် ၂၀၁၄ အတွင်း ဆင်းမ်ကတ်များကို မှတ်ပုံတင်၍ အသုံးပြုရမည်ဟု သတင်းများ ထွက်ပေါ်လာသည့်အခါ အသုံးပြု သူများအကြား မေးခွန်းများစွာ ထွက်ပေါ်လာသည်။ ကိုယ်ရေး အချက်အလက်များကို မည်မျှအ ထိ ပေးရမည်နည်းဟူသော မေး ခွန်းကို အများဆုံးမေးမြန်းခဲ့ခြင်း ဖြစ်သည်။

 ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း သည် ကိုယ်ရေးကိုယ်တာလွတ် လပ်ခွင့်ကို ထိပါးနေခြင်းသာဖြစ် သည်ဟု အရပ်ဘက်အဖွဲ့အစည်း အချို့က ၂၀၁၄ အတွင်း ဝေဖန်ခဲ့ကြသည်။ ဆင်းမ်ကတ်မှတ်ပုံတင် ခြင်းနှင့်ပတ်သက်၍ အစိုးရသစ်၏ ထုတ်ပြန်ချက်၌ ကိုယ်ရေးကိုယ် တာအချက်အလက်ကို ပေးအပ်ရာတွင် သက်သေခံကတ်တစ်ခုခုကိုသာ ပေးအပ်ရမည်ဟု ပါရှိသည်။

သက်သေခံကတ်ဆိုသည်မှာ နိုင်ငံသားစိစစ်ရေးကတ်၊ ကားလိုင်စင်စသည်ဖြင့် ခိုင်မာသောအချက်တစ်ခုခုကို ဆိုလိုခြင်းဖြစ်သည်။ ‘‘မှတ်ပုံတင်တစ်ခုပဲလိုတာ။ အွန်လိုင်းကနေပြီးတော့လည်း အချိန်မရွေးမှတ်ပုံတင်လို့ရတယ်။ နာမည်ပေါက်မဟုတ်ရင်လည်း မှတ်ပုံတင်ပြပြီးတော့ နာမည် ပြောင်းနိုင်တယ်’’ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းဟုတ်ကပြောသည်။

လက်ရှိ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း၌ ဆင်းမ်ကတ်အရေအတွက် ၂၁ သန်းပိုင်ဆိုင်ထားပြီး တယ်လီနော၌ ဆင်းမ်ကတ်အရေ အတွက် ၁၈ သန်းပိုင်ဆိုင်ထား သည်။ အလားတူ အူရီးဒူး၌ ဆင်းမ်ကတ်အရေအတွက် ရှစ်သန်း ကျော်ပိုင်ဆိုင်ထားသည်။

ဆင်းမ်ကတ်အရေအတွက် ၂၁ သန်းပိုင်ဆိုင်ထားသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၌ ဆင်းမ် ကတ်ကို မှတ်ပုံတင်၍ အသုံးပြုသူ မှာ ၁၃ သန်းသာရှိသည်။ မှတ်ပုံ တင်ထားခြင်းမရှိသော ဆင်းမ် ကတ်အသုံးပြုသူအရေအတွက် သည် အော်ပရေတာတစ်ခုတည်း ၌ပင် အရေအတွက် ရှစ်သန်းရှိနေ ခြင်းဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းက တရားဝင်ထုတ်ပြန်ထား သော မှတ်ပုံတင်၍ ဆင်းမ်ကတ် အသုံးပြုသူ ၁၃ သန်း၌ ကိုယ်ပိုင် အမည်ဖြင့် မဟုတ်ဘဲ အခြားလူ များ၏ နာမည်ဖြင့် မှတ်ပုံတင် ထားသူအရေအတွက် မည်မျှရှိနေ သည်ကို ခန့်မှန်းရန် ခက်ခဲနေ သည်။

 ‘‘မြန်မာ့ဆက်သွယ်ရေးမှာ ဆင်းမ်ကတ်တစ်ကတ် ၀ယ်ရင် တစ်ကတ်က အလကားဆိုတာက လည်းရှိနေတယ်။ အဲဒီအပိုရတဲ့ ကတ်တွေကို ကိုယ်တိုင်မှတ်ပုံတင် ပြီးတော့ ဈေးကွက်ထဲကို ဈေးပေါ ပေါနဲ့ ထုတ်ရောင်းနေကြတာ လည်းရှိတယ်။ ဒီတော့ အသုံးပြု သူနာမည်နဲ့ မဟုတ်ဘဲ မှတ်ပုံတင် ထားတာတွေက အများကြီးဖြစ် နေတယ်’’ဟု ဆင်းမ်ကတ်ဖြန့်ချိ ရေးကိုယ်စားလှယ် ကိုအောင်ညီ က ပြောသည်။

 အရေအတွက်အတိအကျ မသိရသည့် အသုံးပြုသူအမည် နှင့် မှတ်ပုံတင်အမည်မကိုက်ညီ သော ဆင်းမ်ကတ်များကို အမည် ပြောင်းလဲ၍ ပြန်လည်မှတ်ပုံတင် ပေးရန် ဆက်သွယ်ရေးအော်ပရေ တာသုံးခုက ၂၀၁၆ နှစ်ကုန်၌ တိုက်တွန်းခဲ့သည်။

‘‘ဆင်းမ်ကတ်တွေမှာ အမည်နဲ့ အသုံးပြုသူမကိုက်ညီတာတွေ ရှိနိုင်ပါတယ်။ ကိုယ်စားမှတ်ပုံတင် ထားတာတွေရှိတယ်ဆိုရင် အ မည်ပေါက်မှတ်ပုံတင်ထားသူမှာ တာဝန်ရှိပါတယ်’’ဟု ဦးသိန်း ဟုတ်က ပြောသည်။

ဆိုလိုသည်မှာ ဆင်းမ်ကတ် ကိုင်ဆောင်သူကို ရာဇ၀တ်မှုတစ် ခုခုကြောင့် နောက်ယောင်ခံလိုက် သည့်အခါ အမည်ပေါက်စာရင်း ၀င်ဆီသို့သာ ပထမဦးဆုံးရောက် ရှိလာမည်ကို ဆိုလိုခြင်းဖြစ်သည်။ မည်သူမည်ဝါအမည်ဖြင့် မှတ်ပုံ တင်ထားသည်ကို မသိရသည့် ဆင်းမ်ကတ်များသည် ရန်ကုန်မြို့ လမ်းမများထက်၌ လွယ်ကူစွာ ၀ယ်ယူရရှိနေသည့်အပြင် ဟန်း ဆက်အရောင်းဆိုင်များ၌လည်း လက်ဆောင်တစ်ခုအဖြစ် ပေါ ပေါလောလောရရှိနေသည်။

‘‘ဆင်းမ်ကတ်များကို မှတ်ပုံ တင်ကြပါ’’ဟု ဆက်သွယ်ရေး အော်ပရေတာများက အပြင်းအ ထန်တိုက်တွန်းနှိုးဆော်နေသော် လည်း ဆက်သွယ်ရေးအော်ပရေ တာများ၏ ဆင်းမ်ကတ်ဖြန့်ချိရေး စနစ်ကိုယ်တိုင်က ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း   လုပ်ငန်းစဉ်အတွက် ဟာကွက်များဖြစ်စေခဲ့သည်။

 ဆင်းမ်ကတ်အရေအတွက် သန်းနှင့်ချီ၍ ဖြန့်ချိနေသည့် ကိုယ် စားလှယ်များအတွက် အကျိုးအ မြတ်များစွာရရှိသည့် ကြားခံမှတ် ပုံတင်ပေးခြင်း ၀န်ဆောင်မှုသည် အသုံးပြုသူများ၏ ကိုယ်ရေးအ ချက်အလက်အမှန်အကန်ဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်၍ အသုံးပြုစေခြင်းကို အနှောင့်အယှက်ဖြစ် စေသည်။

‘‘ကတ်တစ်ခုကို ဖြန့်ချိရေးကို ပေးတဲ့ဈေးက ၉၀၀ ကျပ်။ တစ် ကတ်ဝယ်ရင် တစ်ကတ်ထပ်ရ တော့  ၄၅၀ ပဲကျတော့တယ်။ ကတ်တွေကို ကြားကနေ မှတ်ပုံ တင်လိုက်ရင် ၀န်ဆောင်ခ ၂၀၀ ကျပ်ရတယ်။ ဒီတော့ ကတ်တစ် ကတ်တန်ကြေးက ၂၅၀ ပဲရှိတော့ တယ်။ အပိုရတဲ့ ကတ်တွေကို တစ်ကတ် ၃၀၀ လောက်နဲ့ပဲ ပြန် ရောင်းဦး။ ကတ်တစ်သိန်းဆိုရင် အများကြီးမြတ်သွားပြီ။ တစ်ခုရှိ တာက ဒီကတ်တွေကို ငွေထပ်မ ဖြည့်ဘူးဆိုရင် အချိန်ကာလတစ် ခုအတွင်းမှာ မကုန်ရင်ကုန်အောင် ရောင်းရတော့မယ်’’ဟု ဆင်းမ် ကတ်ဖြန့်ချိရေးကိုယ်စားလှယ် တစ်ဦးက ပြောသည်။

  ဟန်းဆက်အရောင်းဆိုင် များသို့ ရောက်ရှိလာသည့် ၀ယ်ယူ သူအချို့သည် ဆင်းမ်ကတ်မှတ် ပုံတင်ရန် ကိုယ်ပိုင်မှတ်ပုံတင်များ ယူဆောင်လာခြင်းမရှိ၍ အရောင်းဆိုင်ကပင် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ကို ကြားခံဝန်ဆောင် မှုပေးလိုက်ရသည်ဟု ရန်ကုန်မြို့ရှိ ဟန်းဆက်အရောင်းဆိုင်ပိုင်ရှင် ကိုမိုးသူက ပြောသည်။

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ဆင်းမ်ကတ် များကို မတ်လကုန်၌ မှတ်ပုံတင် ခြင်း အပြီးဆောင်ရွက်ရန် ဆောင်ရွက်ခြင်းမရှိသည့် ဆင်းမ်ကတ်များ ကို ယာယီပိတ်သိမ်းရန် ညွှန်ကြား ခဲ့သော်လည်း လူအများစုသည် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို စိတ်ပါဝင်စားခြင်းမရှိခဲ့ပေ။

‘‘ဘာဖြစ်လဲ လိုင်းပိတ်သွား တော့လည်း နောက်တစ်ကတ် ၀ယ်သုံးမှာပေါ့’’ဟု အသက် (၁၄) နှစ်အရွယ် မိုဘိုင်းဖုန်းအသုံးပြုသူ မောင်ထွန်းလင်းက ပြောသည်။ ဆင်းမ်ကတ်များကို မှတ်ပုံတင်နိုင်ရန် ဆက်သွယ်ရေးအော်ပရေတာများက နည်းလမ်းမျိုးစုံကို အပြိုင်အဆိုင်အသုံးပြုခဲ့ကြသော်လည်း မှတ်ပုံတင်ရန် ကျန်ရှိနေသူမှာအလွန်များပြားနေဆဲဖြစ်သည်။

ကျေးရွာများအထိ တည်နေ ရာမျိုးစုံ၌ မှတ်ပုံတင်ခြင်းဝန် ဆောင်မှုကို ဆက်သွယ်ရေးအော် ပရေတာသုံးခုစလုံးက ဆောင်ရွက် ပေးနေသည့်အပြင် ကိုယ်တိုင်လာ ရောက်နိုင်ခြင်းမရှိသော မိုဘိုင်း ဖုန်းအသုံးပြုသူများအတွက် အွန် လိုင်းအသုံးပြု၍ မှတ်ပုံတင်နိုင်ရန်လည်း  ဆောင်ရွက်ပေးခဲ့သည်။

ဘုရားပွဲဈေးမှအစ ဆင်းမ် ကတ်များကို မှတ်ပုံတင်နိုင်ရန် ဆက်သွယ်ရေးအော်ပရေတာများ က ၀န်ဆောင်မှုပေးအပ်နေခြင်း သည် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားချက်အရ မတ်လအကုန်၌ မှတ်ပုံတင်ထား ခြင်းမရှိသော ဆင်းမ်ကတ်များကို လိုင်ပိတ်သိမ်းလိုက်ရသည့်အခါ ပိုင်ဆိုင်ထားသော အသုံးပြုသူ အရေအတွက် လျော့ကျမည်ကို စိုးရိမ်ပူပန်ခြင်းကြောင့်ဖြစ်သည်။

‘‘လိုင်းပိတ်တယ်ဆိုတာ အပြီးစီးပိတ်လိုက်တာမျိုးတော့ မဟုတ်ဘူး။ ကိုယ့်နံပါတ်ကို ပြန်လိုချင်တယ်ဆိုရင် မှတ်ပုံပြန်တင်ပြီးလိုင်းဖွင့်လို့ရပါတယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့အချိန်ကာလ တစ်ခုအတွင်းမှာ ဆင်းမ်ကတ်က အသုံးပြုခြင်းမရှိတော့ဘူးဆိုရင်တော့ နံပါတ်က အလိုလိုပိတ်သွားမှာပါ’’ဟု ဦးသိန်းဟုတ်ကပြောသည်။

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားချက်အတိုင်း ဆင်းမ်ကတ်များကို မဖြစ်မနေမှတ် ပုံတင်၍ အသုံးပြုရသည့်အခါ မို ဘိုင်းဖုန်းကို အသုံးပြု၍ ပုဂ္ဂိုလ် ရေးဆိုင်ရာ နှောင့်ယှက်မှုများနှင့် မိုဘိုင်းဖုန်းကွန်ရက်ကို အသုံးပြုခဲ့ သော ရာဇ၀တ်မှုကျူးလွန်သူများ ကို လွယ်ကူစွာ ဖော်ထုတ်နိုင်မည် ဟု မျှော်လင့်စရာရှိသည်။

မည်သူမည်ဝါမှန်းမသိသော ဖုန်းခေါ်ဆို နှောင့်ယှက်မှုများကို ဟန့်တားနိုင်ရန်မှာ ဆင်းမ်ကတ်များကို မှတ်ပုံတင်ထားရေးဖြစ်သည်။  ထို့အပြင် ရာဇ၀တ်မှုကျူးလွန်ထားသူများကို ဖော်ထုတ်ရာ၌ လည်း ၎င်းတို့ဆက်သွယ်ပြောကြားခဲ့သည့် အချက်အလက်များကို ရှာ ဖွေနိုင်မည်ဖြစ်၍ ဥပဒေစိုးမိုးရေး ကို အထောက်အကူပြုလာမည် ဖြစ်သည်။

ဆက်သွယ်ရေးအော်ပရေ တာတစ်ခုဖြစ်သည့် တယ်လီနော ၏ ထုတ်ဖော်ပြောဆိုချက်အရ ၂ နှစ်အတွင်း အစိုးရသည် မိုဘိုင်းဖုန်းအသုံးပြုသူ ၈၄ ဦး၏ အချက်အ လက်များကို ထုတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ မြန်မာ နိုင်ငံအနေဖြင့် မိုဘိုင်းဖုန်းအသုံး ပြုသူများ၏ အချက်အလက်များ ကို အစိုးရထံ ထုတ်ပေးရန် ဥပဒေတိတိကျကျ  ပြဋ္ဌာန်းပေးခြင်းမရှိ ၍ အော်ပရေတာများမှာ အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

တယ်လီနောအနေဖြင့် ၂ နှစ် အတွင်း မိုဘိုင်းဖုန်းအသုံးပြုသူ ၁၃ ဦး၏ အချက်အလက်များကို သာ ထုတ်ပေးခဲ့သည်ဟု ကြေညာ ထားသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အူရီးဒူးတို့က မိုဘိုင်း ဖုန်းအသုံးပြုသူ၏ အချက်အလက်ထုတ်ပေးခြင်းနှင့်ပတ်သက်၍ အရေအတွက် ထုတ်ဖော်ပြောကြား ရန် ငြင်းဆိုခဲ့သော်လည်း တယ်လီနောသည် မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ အကြမ်းဖက်မှုစသည်တို့ နှင့် ဆက်နွှယ်နေသည့် မိုဘိုင်းဖုန်းအသုံးပြုသူ ၁၃ ဦး၏ ကိုယ်ရေးအ ချက်အလက်များကို အစိုးရထံ ပေးအပ်ခဲ့ကြောင်း ၀န်ခံခဲ့သည်။

‘‘ကြားဖြတ်နားထောင်တာ မျိုးတွေတော့ မရှိခဲ့ပါဘူး။ အချက် အလက်ထုတ်ပေးမှုနဲ့ ပတ်သက်ပြီးဥပဒေတိတိကျကျကို ပြည်ထဲ ရေးလက်အောက်မှာ ရေးဆွဲနေ တယ်လို့ သိထားပါတယ်’’ဟု Mr Lars Erik Tellmann ကပြော ကြားသည်။

ဆင်းမ်ကတ်မှတ်ပုံတင်၍ အသုံးပြုခြင်းသည် တရားဥပဒေ စိုးမိုးရေးကို ကူညီရာရောက်သည့် အပြင် မိမိကိုယ်တိုင်လည်း အီ လက်ထရွန်နစ်ဝန်ဆောင်မှုများ၊ မိုဘိုင်းဖုန်းကို အခြေခံသည့် ဒစ်ဂျစ် တယ်စနစ်ငွေပေးငွေယူကိစ္စရပ် များ၌ ပါဝင်လာနိုင်မည်ဖြစ်၍ မိုဘိုင်းဖုန်းနံပါတ်နှင့် သုံးစွဲသူ အမည်မှန်ကန်ရန် မှတ်ပုံတင်လို ကြမည်မှာ သေချာသည်။ မိုဘိုင်း ဖုန်းနံပါတ်ကို အတည်တကျအ သုံးမပြုလိုသူများ၊ မိုဘိုင်းဖုန်းကို အသုံးပြု၍ အမည်မဖော်လိုဘဲ ပုဂ္ဂိုလ်ရေးဆိုင်ရာနှောင့်ယှက်လို သူများနှင့် မိုဘိုင်းကွန်ရက်ကို အ သုံးချ၍ ရာဇ၀တ်မှုများကို ကျူး လွန်လိုသူများအတွက် ဆင်းမ် ကတ်များကို မဖြစ်မနေမှတ်ပုံတင်ရန် ခိုင်းစေခြင်းမှာ ထိတ်လန့်ဖွယ်ကြေညာချက်တစ်ခုဖြစ်နေနိုင် သည်။ ထို့အပြင် အသုံးပြုသူနှင့် မှတ်ပုံတင်ထားသည်အမည်များ ကိုက်ညီမှုမရှိသည်ကို အရေးကြုံလာသည့်အခါ အစိုးရအနေဖြင့် မည်သို့မည်ပုံကိုင်တွယ်ဖြေရှင်း မည်မှာလည်း စောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။

Sources; 7 Day News Journal

No comments:

Post a Comment