Latest News

Monday, December 12, 2016

SRT - 1 ယာဉ်လိုင်းရပ်နားခြင်း

SRT - 1 ယာဉ်လိုင်းရပ်နားခြင်း


ရန်ကုန်မြို့တွင်း ခရီးသည်ပို့ဆောင်ရေးအတွက် ၂ နှစ်နီးပါးပြေးဆွဲလာခဲ့သည့် SRT ယာဉ်လိုင်း အရှုံးပေါ်၍ ရပ်နားလိုက်ရခြင်းအပေါ် ယာဉ်လိုင်း တာဝန်ရှိသူများနှင့် ခရီးသည် အချို့၏ အမြင်များကို စုစည်းဖော်ပြအပ်ပါသည်။

“အရှုံးက သေချာနေတယ်လို့ ယူဆလိုက်တယ်။ ဒါကြောင့် ရပ်နားလိုက်တာပါ”

ဦးမြင့်ဝေ (SRT - 1 ပို့ဆောင်ရေးမန်နေဂျာ)

ယာဉ်လိုင်းက အရှုံးပေါ်လို့ ရပ်လိုက်တာပါ။ စဆွဲကတည်းက အမြတ်ငွေ မရခဲ့ဘူး။ အချိန် တစ်ခုကို စောင့်ကြည့်ပြီး မရပ်သေးဘဲ ဆက်လက် ပြေးဆွဲခဲ့တာ။ လက်ရှိ စနစ်နဲ့က မြတ်အောင် လုပ်ဖို့ မလွယ်ဘူး။ ယာဉ်တွေကို CCTV ကင်မရာ တပ်ထားတယ်။ ဖြစ်ပေါ်ချက်တွေကို ရုံးကနေ စက်တွေနဲ့ စောင့်ကြည့်တယ်။ ဝန်ထမ်းတွေ အများကြီးနဲ့ သေချာ ဖွဲ့စည်းထားတာ။ ခရီးသည်တွေကို စိတ်တိုင်းကျ စီးနင်းလို့ရအောင် ဝန်ဆောင်မှုအပြည့် ဆောင်ရွက်ပေးထားတယ်။ အခြားကားတွေလို လူကျပ်ကျပ်နဲ့ ကုန်ပစ္စည်းတွေ တင်ပြီး ပြေးဆွဲတာ မဟုတ်ဘူး။ ဝင်ငွေ ထင်သလောက် မရဘဲ နည်းနေတယ်။ အသုံးစရိတ်တွေက များတယ်။ အဓိက ဝင်ငွေနဲ့ ထွက်ငွေ မကာမိတာမျိုးပေါ့။ ဝန်ထမ်းတွေ ဖုန်းဘီလ်ဖိုးကအစ စရိတ်စက အရမ်း များတယ်။ ယာဉ်လိုင်းမှာ လုပ်နေတဲ့ ဝန်ထမ်းတွေလည်း အရှုံးပေါ်တယ် ဆိုတော့ လုပ်ကိုင်သူအတွက် မျက်နှာလည်း မရဘူး။ အထူးကား ဖြစ်ပေမယ့် ဘယ်ကားမှ မကောက်ခံတဲ့နှုန်းနဲ့ ခရီးသည် တစ်ဦးကို ကျပ် ၁၀ဝ၊ ၂၀ဝ၊ ၃၀ဝ ဆိုပြီး ကောက်တယ်။ တကယ်တမ်းကျတော့ အဲဒီနှုန်းနဲ့ မကိုက်ဘူး။ ခရီးစဉ် အစအဆုံး ကျပ် ၅၀ဝ လောက်မှ ကိုက်မယ်။ တိုးတောင်းရင်လည်း ပြည်သူအတွက် မဖြစ်နိုင်ဘူး။ ကာလတစ်ခုအရ တစ်နှစ်နဲ့ရှစ်လ ပြေးဆွဲထားတော့ ဒီကာလဆို အရှုံးက သေချာနေတယ်လို့ ယူဆလိုက်တယ်။ ဒါကြောင့် ရပ်နားလိုက်တာပါ။ အများပိုင် ဘတ်စ်ကား ကုမ္ပဏီမှာတော့ ပါဝင် ပြေးဆွဲမှာပါ။


“အခြားလိုင်းတွေရှိတဲ့အတွက် ခရီးသည်တွေ မစိုးရိမ်ပါနဲ့လို့ ပြောချင်ပါတယ်”

ဦးလှအောင် (မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီ ဥက္ကဋ္ဌ)

SRT - 1 ယာဉ်လိုင်းရပ်သွားလို့ နေ့စဉ် စီးနင်းနေတဲ့ ခရီးသည်တွေအတွက် အခက်အခဲဖြစ်မှာ စိုးရိမ်နေကြတယ်ဆိုပေမယ့် သူရပ်သွားလို့ သွားလာမှု အခက်အခဲ မဖြစ်နိုင်ပါဘူး။ SRT - 1 ယာဉ်လိုင်းပြေးတဲ့ ခရီးစဉ် လမ်းကြောင်းမှာ မထသ ကော်မတီ လက်အောက်က အခြားယာဉ်လိုင်းတွေလည်း ပြေးဆွဲနေတာ ရှိတယ်။ ခရီးစဉ် လမ်းကြောင်းအရဆိုရင် အောင်မင်္ဂလာ အဝေးပြေးကနေ သုဓမ္မာလမ်းမကြီးအတိုင်း လာတယ်။ နောက် ဆူးလေ၊ ကမ်းနားလမ်းအတိုင်း ပြေးဆွဲတာ။ အောင်မင်္ဂလာဘက်ကဆိုရင် ၄၃ အထူး၊ ၄၃ ယာဉ်ကြီး၊ ၇၄ ယာဉ်ကြီးတို့နဲ့ လမ်းကြောင်း တူတယ်။ ၁၅၇ ယာဉ်က လမ်းကြောင်း တစ်ဝက် တူတယ်။ ကမ္ဘာအေးဘုရား လမ်းနဲ့ ဆူးလေလမ်းကြောင်းပေါ်မှာ ဆိုရင်လည်း လက်ရှိ ပြေးဆွဲနေတဲ့ လိုင်းတွေနဲ့ ခရီးသည် မျှတမှု ရှိပါတယ်။ အဲဒီလို လမ်းကြောင်းပေါ်မှာ ပြေးတဲ့ လိုင်းတွေ ရှိတယ်။ SRT - 1 ရဲ့ ပြေးဆွဲတဲ့ ခရီးစဉ် လမ်းကြောင်းကတော့ ဗိုလ်တထောင် ကပရ(ဝင်း)၊ ဆူးလေ၊ ရွှေဂုံတိုင်၊ လမ်းနီ လေး၊ မြောက်ဥက္ကလာပအဝိုင်း၊ အောင်မင်္ဂလာ အဝေးပြေးအထိ ဖြစ်တယ်။ အခြားလိုင်းတွေ ရှိတဲ့အတွက် ခရီးသည်တွေ မစိုးရိမ်ပါနဲ့လို့ ပြောချင်ပါတယ်။

“အခုတော့ ဒီယာဉ်လိုင်း မရှိတော့တဲ့အတွက် အရင်လိုပဲ တခြားယာဉ်လိုင်းတွေမှာ တိုးဝှေ့ပြီးပဲ စီးရတော့မှာပေါ့”
 မစုကြည်ခိုင် (SRT ခရီးသည်)

SRT ကားစီးလာတာ တစ်နှစ်လောက်တော့ ရှိပြီ။ စီးရတာလည်း အဆင်ပြေတယ်။ ဒါပေမဲ့ ကတ်စနစ် ဖြစ်နေတော့ စီးရတာ အရမ်းတော့ အဆင်မပြေဘူး။ ဘာလို့လဲ ဆိုတော့ သူက ကတ်လုပ်ဖို့ နည်းနည်း ခက်တယ်။ ကတ်ကိုင်ထားတဲ့အတွက် ငွေကုန်သွားရင် ငွေပြန်ဖြည့်ဖို့ လုပ်တဲ့အခါ နည်းနည်း ဒုက္ခရောက်တယ်။ ဘာလို့လဲဆိုတော့ ကတ်ကို ငွေဖြည့်ဖို့ လုပ်ပေးထားတဲ့နေရာက မှတ်တိုင်တိုင်းမှာ မရှိဘူး။ အဲဒီတော့ SRT ကားစီးမယ်ဆို အကြွေဆောင်ထားရတယ်။ အဲဒီမှာ အားနည်းချက် ရှိတာက ငွေပေးစီးတဲ့အခါ သူတို့က အဝင်မှာပဲ ခြင်းထားပေးထားပြီး ကိုယ်တိုင်ငွေထည့် စနစ်ကို လုပ်ထားပေးတဲ့အတွက် ငွေအကြွေ မပါရင်ကျ မလွယ်ဘူး။ ကားပေါ်မှာ ယာဉ်မောင်း တစ်ယောက်တည်း ဖြစ်တဲ့အတွက် ငွေပြန်လဲပေးဖို့ကျ မလုပ်ပေးနိုင်တော့ အကြွေ မရှိတဲ့အခါမျိုးမှာတော့ ဒီကားစီးရတာ အဲဒီတစ်ခုတော့ အဆင်မပြေဘူးပေါ့နော်။ ဒါကြောင့်မို့ ဒီကားကို လူစီးနည်းတယ်။ လူတိုင်း မစီးကြဘူး။ ကုမ္ပဏီ ဝန်ထမ်းနဲ့ ရုံးဝန်ထမ်း အများစုလောက်ပဲ စီးကြတဲ့အတွက် တခြားကားတွေလို တိုးဝှေ့နေစရာ မလိုဘဲ ကားစီးရတာ ချောင်ချောင်ချိချိ စီးရတယ်။ နောက် ဒီကားရဲ့ အားသာချက် တစ်ခုက BRT ယာဉ်လိုင်းလို အထူးကားဖြစ်ပေမယ့် BRT လို ယာဉ်ရပ်ရမယ့်မှတ်တိုင် သီးသန့်လုပ်ပြီး ပြေးဆွဲတာမျိုး မဟုတ်ဘဲ မှတ်တိုင် တိုင်းမှာရပ်တဲ့အတွက် အဆင်ပြေတယ်။ နောက် အခြားယာဉ်တွေလို မှတ်တိုင်ကျော် မရပ်ဘူး။ မှတ်တိုင်မှာ အကြာကြီး ရပ်ထားပြီး ခရီးသည်စောင့်နေတာမျိုး မရှိတဲ့အတွက် စီးရတာ စိတ်ချမ်းသာတယ်။ အကုန်လုံး ခြုံပြောရမယ် ဆိုရင်တော့ SRT  စီးရတာ တခြားယာဉ်လိုင်းတွေထက် အဆင်ပြေတယ်။ အခုတော့ ဒီယာဉ်လိုင်း မရှိတော့တဲ့အတွက် အရင်လိုပဲ တခြားယာဉ်လိုင်းတွေမှာ တိုးဝှေ့ပြီးပဲ စီးရတော့မှာပေါ့။ ခရီးသည် တစ်ယောက်အနေနဲ့ SRT လို ယာဉ်လိုင်းမျိုးတော့ အများကြီး ရှိစေချင်ပါတယ်။

ခိုင်ချယ်ရီထွန်း

Sources ; The Voice

No comments:

Post a Comment