Latest News

Monday, December 19, 2016

ရှမ်းပြည်နယ် တောင်ကြီးမြို့ NLD ပါတီဝင်များ နုတ်ထွက်ခြင်း အခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ် တောင်ကြီးမြို့ NLD ပါတီဝင်များ နုတ်ထွက်ခြင်း အခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်မှ NLD ပါတီဝင် ၂၀ ကျော်သည် ပါတီဝင်အဖြစ်မှ နုတ်ထွက်ခြင်း အခမ်းအနားအဖြစ် သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့ ၀ိသုဒ္ဓိတောရကျောင်း၌ ဒီဇင်ဘာ ၁၈ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခြင်းကို ပြုလုပ်ခဲ့ကြပြီး နုတ်ထွက်ကြသူများတွင် ရေပူကျေးရွာမှ တောင်သူအများစု ပါဝင်ကာ တောင်ကြီးမြို့နယ် NLD ပါတီ တောင်သူလယ်သမားရေးရာ ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးတင်ရွှေ အပါအ၀င် ရွှေညောင်မြို့ ရတနာ (၁) ရပ်ကွက် ပါတီအတွင်းရေးမှူးတစ်ဦး၊ ဟိုပုံးမြို့နယ် ပါတီဝင်တစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။

ပါတီဝင်အဖြစ်မှ နုတ်ထွက်ကြခြင်းသည် တစ်ဦးနှင့်တစ်ဦး ခံယူချက်ခြင်း တူညီကြခြင်း မရှိဘဲ အမျိုးမျိုးသော အယူအဆတို့ကြောင့် နုတ်ထွက်ခြင်းဖြစ်ကြောင်း သိရသည်။

ရေပူကျေးရွာမှ မြေသိမ်းခံ၊ တရားစွဲခံ တောင်သူအများစုသည် တောင်သူလယ်သမား အာမခံချက် မရှိခြင်းကြောင့်၊ တရားစွဲဆိုခံထားရခြင်းကို လိုက်ပါကူညီခြင်း မရှိခြင်းကြောင့် ပါတီဝင်အဖြစ်မှ နုတ်ထွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

“အခု စစ်တပ်က ရေပူတောင်သူတွေကို တရားစွဲထားတယ်။ တောင်သူတွေကို မဲဆွယ်စဉ်တုန်းကတော့ တောင်သူတွေရဲ့ အခက်အခဲကို ဘာတွေရှိလဲ ပြောခဲ့တယ်။ အခုတော့ ရုံးချိန်းကို နေ့တိုင်းသွားရတယ်။ ဘာအခက်အခဲဖြစ်နေလဲ။ ပြည်သူလူထုနဲ့ တွေ့ဆုံတာ မရှိဘူး။ တောင်သူတွေကိုလည်း လုပ်ပေးမယ် ပြောပြီး အခုချိန်အထိ ဘာတစ်ခုမှ မလုပ်ပေးတော့ သူတို့ရဲ့ နေရာတစ်ခု ရရှိပြီးတဲ့အခါကျတော့ တောင်သူတွေအတွက် ဘာမှလုပ်မပေးဘူး။ ပြည်သူ့အကျိုး ဘာမှလုပ်မပေးဘူးဆိုပြီး တောင်သူတွေအနေနဲ့ နုတ်ထွက်ကြတာပေါ့” ဟု ရေပူရွာမှ တရားစွဲဆိုခံထားရသော တောင်သူများကိုယ်စား မမော်မော်ဦးက ပြောကြားသည်။

မမော်မော်ဦး အပါအ၀င် ရေပူတောင်သူပေါင်း ၁၁၃ ဦးကို ရပခ (အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်) က တရားလို ပြုလုပ်ကာ ပုဒ်မ ၄၄၇/၄၀၇ တို့ဖြင့် တရားစွဲထားသည်မှာ အမှုပေါင်း ၂၂ မှုရှိပြီး တစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်ကာ ရုံးချိန်း ၄၀ ကျော် သွားရောက်နေရကြောင်း၊ ယခုအချိန်အထိ အမိန့်ချမှတ်ခြင်း မရှိသေးကြောင်း သိရသည်။

“အဓိက နုတ်ထွက်ရတာက လက်ရှိမြေယာမူဝါဒက တောင်သူတွေကို အကျိုးမပြုတော့ဘူးလို့ ပါတီရဲ့ ရပ်တည်ချက်က တောင်သူကို အကျိုးမပြုတဲ့ ရပ်တည်ချက်တွေ ပါလာတယ်။ အဲဒါတွေကို ပါတီထဲမှာနေရင် ပါတီကို ဆန့်ကျင်ပြီး လုပ်ရမှာဖြစ်တဲ့အတွက် ပါတီထဲကနေ နုတ်ထွက်လိုက်တာပဲ။ ၂၀၁၂ မြေယာဥပဒေထဲမှာ ချမှတ်တဲ့ ဥပဒေတွေ ရှိတယ်။ အဲဒီဥပဒေတွေက စာအုပ်ထဲမှာပဲရှိပြီး လက်တွေ့တောင်သူတွေကို အကျိုးပြုဖို့ မဖော်ဆောင်ဘူး။ အရေးယူဖို့ အပိုင်းကိုပဲ ဆောင်ရွက်တယ်။ လက်ရှိအစိုးရကလည်း ဒါပဲကျင့်သုံးတာပဲ။ တောင်သူကို ဘာလုပ်ပေးရမယ်ဆိုတဲ့ မူဝါဒရှိတယ်။ ပေးရမယ့်မူဝါဒကို မကျင့်သုံးဘူး။ တောင်သူက ဘာလုပ်ရမလဲဆိုတဲ့ မူဝါဒကိုပဲ ကျင့်သုံးတယ်။ ဒါကပထမပိုင်း။ လက်ရှိဝန်ကြီးရဲ့ ပြောဆိုချက်က ဦးတို့ရဲ့ ခံစားချက်ကို ပြင်းပြင်းထန်ထန် ထိခိုက်တယ်။ တောင်သူများရဲ့ ခံစားခွင့်တရားသဖြင့် တောင်းဆိုခွင့်ကို ထိခိုက်သွားတယ်။ ၀န်ကြီးက ၂၀၁၂ နောက်ပိုင်းမှာ မလုပ်တော့ဘူးလို့ ကြေညာလိုက်ပြီးမှ ဦးတို့က မြေယာမှုခင်းတွေတင်ပြီးတော့ ကုမ္ပဏီတွေနဲ့ ဆွေးနွေးနေတယ်။ အဲဒီတော့ ကုမ္ပဏီတွေက အကုန်ပြန်ဆုတ်သွားတယ်။ ၀န်ကြီးပြောစကားအရ တောင်သူတွေကိုလည်း ဘာမှပြောစရာ မလိုတော့ဘူး။ မြေတွေကို တို့ရပြီဆိုပြီး လက်ရှိတောင်သူအကျိုး လုပ်နေသူတွေကို တိုက်ရိုက်ထိခိုက်တယ်။ ဆက်လက်ပြီး ဆန့်ကျင်ရမှာဖြစ်တဲ့အတွက် ၀န်ကြီးပြောစကားသည် NLD အစိုးရရဲ့ မူဝါဒတစ်ခုလို့ ယူဆတယ်။ ဒီမူဝါဒကို လက်မခံနိုင်တဲ့ အတွက်ကြောင့်မို့ ပါတီတွင်းမှာ ဆက်လက်မနေမှ မူဝါဒကို ဆန့်ကျင်လို့ရမယ်ဆိုပြီး နုတ်ထွက်လိုက်တာပါပဲ” ဟုတောင်ကြီးမြို့နယ် NLD ပါတီ တောင်သူလယ်သမားရေးရာ ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးတင်ရွှေက ပြောကြားသည်။

ဦးတင်ရွှေသည် ၁၉၈၉ ခုနှစ်တွင် NLD ပါတီသို့ ၀င်ရောက်လာပြီး တောင်ကြီးမြို့နယ် အလုပ်အမှုဆောင်၊ မြေယာလုပ်ငန်းတာဝန်ခံ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ လက်ရှိတွင် တောင်ကြီးခရိုင် တောင်သူလယ်သမား သမဂ္ဂဥက္ကဋ္ဌအဖြစ် တာဝန်ယူထားရကြောင်း သိရသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သူ၏ လွှတ်တော်အတွင်း ဖြေကြားချက်တွင် ၂၀၁၂ ခုနှစ် ရှေ့ပိုင်း မြေယာသိမ်းဆည်းခဲ့မှုများ အတွက် ဖြေရှင်းပေးမှု မပြုတော့ပါ။ ၂၀၁၂ ခုနှစ် နောက်ပိုင်းဖြစ်လာမည့် မြေသိမ်းမှုများကိုသာ ဥပဒေနှင့်အညီ ဆောင်ရွက်သွားတော့မည်ဟု ပါရှိသဖြင့် တောင်သူများ အနေဖြင့် ရင်ဝကို စုံကန်သကဲ့သို့ နင့်သည်းစွာ ခံစားခဲ့ရကြောင်း၊ တောင်သူများသည် မိမိတို့၏ မြေယာများ မတရား နစ်နာဆုံးရှုံးနေခဲ့ရခြင်းကို မည်သည့် အစိုးရ၊ မည်သည့်ခေတ်၊ စနစ်တွင်မဆို ရင်ဆိုင် တောင်းဆိုရမည်ဖြစ်ကြောင်း ဦးတင်ရွှေက ပြောကြားသည်။

“ပြောရမယ်ဆိုရင် အားကိုးမရ၊ ယုံကြည်လို့ မရတော့လို့ပေါ့။ ပြဿနာတစ်ခုကို အောက်ခြေမှာ ဖြေရှင်းဖို့ခက်ခဲတော့ လွှတ်တော်ကိုယ်စားလှယ်ကို သွားတင်ပြဖူးတယ်။ အဖြေတစ်ခုရဖို့ သွားတင်ပြတာ မရခဲ့ဘူး။ အဲဒီအတွက် စိတ်ထဲမှာ ယုံကြည်လို့မရတော့ဘူး။ ဒီပါတီကို။ ကျွန်တော်တို့ တင်မြှောက်ထားတဲ့ ပါတီပါပဲ။ ခံစားချက်တစ်ခုတော့ ဖြစ်သွားတယ်။ ဒါကြောင့် ထွက်တာပေါ့။ အမျိုးသားနဲ့ ပြည်သူ့လွှတ်တော်မှာ ဒေါ်သန်းငွေနဲ့ ကိုဇော်မင်းလတ်တို့ပေါ့။ ညောင်ရွှေမှာ ဆိုရင်လည်း ဒေါက်တာထွန်းလှိုင်ပေါ့။ ကိုယ်တွေကလည်း ခေတ်ဆိုးစနစ်ဆိုး တစ်ခုကို ကျော်လွှားဖို့နဲ့ ပြည်သူတွေကို အကျိုးပြုချင်လို့ပေါ့။ အောက်ခြေမှာ ခံစားရတာတွေ အများကြီးရှိတယ်။ အခက်အခဲတွေ တင်ပြတာမှာ ကျွန်တော်တို့ အားကိုးရမှာ လွှတ်တော်ကိုယ်စားလှယ်ပဲ ရှိမယ်။ သူတို့က ပြေလည်အောင် မဖြေရှင်းပေးနိုင်ဘူး။ ကိုယ်လည်းစိတ်ဓာတ်ကျလို့ပေါ့” ဟု ရွှေညောင်မြို့ ရတနာ (၁) ရပ်ကွက် ပါတီအတွင်းရေးမှူး ဦးထွန်းထွန်းက ပြောကြားသည်။

ဦးထွန်းထွန်းသည် ၂၀၁၂ ခုနှစ်တွင် ပါတီသို့ ၀င်ရောက်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင်အဖြစ် ရွှေညောင်တွင် လှုပ်ရှားခဲ့ကြောင်း သိရသည်။

တောင်သူခေါင်းဆောင် ဦးတင်ရွှေက တောင်သူများကို ပြစ်မှုတရားရုံးများတွင် မြေယာအငြင်းပွားမှုဆိုင်ရာ တရားစွဲဆိုမည့်အစား သက်ဆိုင်ရာမြို့နယ်အလိုက် မြေယာတရားရုံးများတွင် အမှုများကို ပြောင်းလဲစစ်ဆေးသင့်ကြောင်း တောင်သူများကိုယ်စား တောင်းဆိုခဲ့သည်။

ယခုတစ်ကြိမ် နုတ်ထွက်ခြင်းသည် ပထမအကြိမ် နုတ်ထွက်ခြင်းဖြစ်ကာ နောက်ထပ် ဒုတိယအကြိမ်နုတ်ထွက်ရန် စီစဉ်ထားကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ နမ့်စန်၊ မောက်မယ်၊ ဆီဆိုင်၊ လွိုင်လင်၊ ဟိုပုံး၊ ကျောက်တစ်လုံးကြီး၊ ညောင်ရွှေ၊ ပင်လောင်း၊ ရပ်စောက်တို့မှ ပါတီဝင်ရာကျော် နုတ်ထွက်ရန် ကျန်ရှိကြောင်း သိရသည်။

Sources ; Eleven Media Group စည်သာ တောင်ကြီး

No comments:

Post a Comment