Latest News

Friday, December 23, 2016

ငရုတ်သီးမှုန့် အမှတ်တံဆိပ်သုံးမျိုး FDA တွင် အစစ်ဆေးခံနေသဖြင့် ကုန်ချောထုတ်လုပ်မှု ခေတ္တဆိုင်းငံ့ထား

ငရုတ်သီးမှုန့် အမှတ်တံဆိပ်သုံးမျိုး FDA တွင် အစစ်ဆေးခံနေသဖြင့် ကုန်ချောထုတ်လုပ်မှု ခေတ္တဆိုင်းငံ့ထား

ဈေးကွက်အတွင်းမှ မရုပ်သိမ်းမီ ဆင်ဖြူတော်အမှတ်တံဆိပ် ငရုတ်သီးမှုန့်ကို သုံးစွဲနေသူတစ်ဦး(ဓာတ်ပုံ−စိုင်းဇော်)
 မြို့မဆင်ဖြူတော် အမှတ်တံဆိပ် အပါအဝင် ငရုတ် သီးမှုန့် အမှတ်တံဆိပ်သုံးခု၏ကုန် ကြမ်းအရည်အသွေးကို FDA စစ်ဆေးနေခြင်းကြောင့် ကုန်ချောထုတ်လုပ်မှု ခေတ္တဆိုင်းငံ့ထားကြောင်း သတင်းရရှိသည်။

 မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA  ထောက်ခံချက်ရယူထားသည့် မြို့မဆင်ဖြူတော်၊ OKထွန်း၊ မြန်မာရနံ့အပါအဝင် အမှတ်တံဆိပ်အချို့ကို ငရုတ်သီးမှုန့်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းစဉ် ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း ယာယီငရုတ်သီးမှုန့်ထုတ်လုပ်သော လုပ်ငန်းရှင်များအစုအဖွဲ့ ဥက္ကဋ္ဌမြန်မာရနံ့ ငရုတ်သီးမှုန့်အမှတ်တံဆိပ်လုပ်ငန်းရှင် ဦးသန်းလွင်က ဆိုသည်။

‘‘ FDA က ကုန်ကြမ်းအရည် အသွေးစစ်ဆေးပြီးမှပဲ ထုတ်လုပ် မယ်။ ထုတ်လုပ်ထားတဲ့ဟာကို FDA က ထပ်မံစစ်ဆေးပြီး ခွင့်ပြုမှ ဈေးကွက်ထဲ ဖြန့်ဖြူးရောင်းချမှာပါ’’ဟု ဦးသန်းလွင်က ပြောသည်။

လက်ရှိတွင် အရည်အသွေး ပြည့်မီသော ကုန်ကြမ်းများအသုံး ပြုနိုင်ရန် အိန္ဒိယနိုင်ငံမှ ဝယ်ယူနေပြီး ကုန်ကြမ်းအရည်အသွေး မှိုပါဝင်မှု ရှိ၊ မရှိကို FDA ၌ အစစ် ဆေးခံနေကြောင်း ၎င်းကဆိုသည်။

‘‘FDA ညွှန်ကြားချက်အတိုင်း လိုက်နာပြီး  လုပ်နေပါတယ်။ လက်ရှိမှာ  ထုတ်လုပ်မှုကို ရပ် ထားတယ်။ ကုန်ပစ္စည်းအသစ် ထုတ်လုပ်ဖို့အတွက် ကုန်ကြမ်း အရည်အသွေးကို FDA မှာ အစစ် ဆေးခံထားတယ်’’ဟု မြို့မဆင်ဖြူတော်အမှတ် တံဆိပ်လုပ်ငန်းရှင် ဦးသန်းလွင်က ပြောသည်။

ဈေးကွက်အတွင်း ရောင်းချ နေသော ငရုတ်သီးမှုန့်များ၏ ထက်ဝက်ကျော်တွင် မှိုအဆိပ် (အယ်လ်ဖာတောက်ဆင်)နှင့် ဆိုးဆေးပါဝင်မှုများ တွေ့ရ၍ FDAထောက်ခံချက် ရယူထားသည့် လုပ်ငန်းရှင်များ တစ်ပတ်အတွင်း မိမိကုန်ပစ္စည်းများကို ပြန်လည်သိမ်းယူဖျက်ဆီးရန် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက နိုဝင်ဘာ ၁၂ရက်၌ ညွှန်ကြားခဲ့သည်။

ထို့အပြင် လုပ်ငန်းရှင်များ အနေဖြင့် ငရုတ်သီးမှုန့်ကုန်ပစ္စည်း အသစ် ထပ်မံထုတ်လုပ်မည်ဆိုပါ က အရည်အသွေးပြည့်မီမှုရှိ၊ မရှိ FDA က ပြန်လည်စစ်ဆေးပြီးမှ သာ ဈေးကွက်အတွင်းသို့ ဖြန့်ချိ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသန်းထွဋ် က ပြောကြားထားသည်။

Source : 7DayDaily

No comments:

Post a Comment