Latest News

Thursday, December 22, 2016

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများ အနေဖြင့် ပြည်သူ့ဆန္ဒ အား လျှော့မတွက်ကြရန် EU သံအမတ်ပြော

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများ အနေဖြင့် ပြည်သူ့ဆန္ဒ အား လျှော့မတွက်ကြရန် EU သံအမတ်ပြော

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက် နေကြသူများ အနေဖြင့် ငြိမ်းချမ်းရေး၏ မူလပိုင်ရှင်ဖြစ်သည့် ပြည်သူများ၏ ငြိမ်းချမ်းရေး ရယူလိုသည့် ဆန္ဒအပေါ်တွင် လျှော့မတွက်ကြရန် အီးယူ ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ရိုလန်ကိုဘီယာက သတိပေး ပြောဆိုသည်။

“တစ်နိုင်ငံလုံးကို သွားခဲ့တယ်။ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေကို သွားတော့ လူမှု အဖွဲ့အစည်း တွေကိုလည်း တွေ့တယ်။ မတူကွဲပြားတဲ့ လူတွေနဲ့လည်း တွေ့တယ်။ တွေ့တော့ ကျွန်တော် ဘာတွေ့ရသလဲဆိုတော့ အားလုံးက ငြိမ်းချမ်းရေး လိုချင်တယ် ဆိုတာပါပဲ။ အားလုံးကလည်း ပညာရေး ၊ ကျန်းမာရေး၊ သက်မွေး ၀မ်းကျောင်းပြုမှု အခြေနေတွေက စလို့ ၊ လယ်ယာ စိုက်ပျိုးရေးကဏ္ဍအထိ အားလုံးဟာ နဂိုမူလ အခြေအနေကို ပြန်ရောက်ချင်တယ်။ အဲလို ခံစားချင်တယ်လို့ သူတို့က ပြောတဲ့အတွက် ကျွန်တော် ပြောရတာပါ။ ပြည်သူတွေ ရဲ့ ငြိမ်းချမ်းရေး ရယူလိုတဲ့ ဆန္ဒတွေကို လျှော့တွက်ပြီး မစဉ်စားကြဖို့ လိုအပ်ပါတယ်” ဟု EU ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ဖြစ်သူက The Ladies News သို့ ပြောသည်။

အီးယူ ဥရောပသမဂ္ဂမှာ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အဓိက အကူအညီ ပေးနေသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းလည်း ဖြစ် သည်။ ငြိမ်းချမ်းရေးကို ရယူလိုပါက သေနတ်သံများ ချုပ်ငြိမ်းရန်အတွက် အပစ်ခတ်ရပ်စဲကြရန် လိုအပ်ကြောင်းလည်း မစ္စတာ ရိုလန်ကိုဘီယာကဆိုပြီး အပစ်ရပ်ရေးတွင် အားလုံးပါဝင်ကြရန် လိုသော်လည်း  လက်နက်ကိုင် အဖွဲ့အစည်းများသည့် နိုင်ငံမျိုးတွင် တစ်ခါတစ်ရံ အခြေနေအရ အားလုံး တစ်ပြိုင်နက်တည်း ပါဝင်သည့် ပြီးပြည့်စုံသည့် ငြိမ်းချမ်းရေးနှင့် အပစ်ရပ် ကိစ္စမျိုးမှာ  ဖြစ်နိုင်ရန် ခဲယဉ်းမှုကို သတိပြုရန်လည်း လိုအပ်သည်ဟု မစ္စတာ ရိုလန်ကိုဘီယာက ရန်ကုန်တွင် ဒီဇင်ဘာလ ၂၂ ရက်နေ့ ယနေ့ ကျင်းပသည့် Pathway to Peace စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားတွင် ပြောဆိုသည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပြည်သူ့ ကဏ္ဍမှာ အရေးကြီးသည့် အတွက် နှစ်ဖက် လက်နက်ကိုင်များ ဆန္ဒကို ကို ကျော်လွန်၍ စစ်ဘေးဒဏ်သင့် ဒေသမှ ပြည်သူများ မူလဒေသတွင် နေထိုင် လုပ်ကိုင် စားသောက်နိုင်ရန်  မြေယာအပါဝင် ပိုင်ဆိုင်မှုနှင့် အခွင့်အလမ်းများ အဆင်သင့်ဖြစ်နေပြီလား ၊ စစ်ဘေးရှောင် ပြည်သူများ နေရပ်ပြန်နိုင်ရေး အစိုးရ၏ ထူထောင်ရေးအစီစဉ်များ အဆင်သင့် ဖြစ်မဖြစ်ဆိုသည့် The Ladies News ၏ မေးခွန်းကိုမူ “မြန်မာပြည်သူတွေက ဒီမိုကရေစီကို လိုလားတယ်ဆိုတာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ သက်သေပြခဲ့ ပြီးပါပြီ။ ဒီမိုကရေစီဆိုတာ ပြည်သူ့အသံ နားထောင်ခြင်း ပဲ ဖြစ်တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်က ရှုပ်ထွေးနက်နဲတယ် ဆိုတာ ကျွန်တော် လက်ခံတယ်။ သို့သော် ခေါင်းဆောင်တွေ အားလုံးဟာ ပြည်သူတွေရဲ့ အသံတွေကို နားထောင်ဖို့ လိုတယ်ဆိုတာ ကျွန်တော် ပြောလိုခြင်း ဖြစ် တယ်။ ကျွန်တော် ပြောချင်တာက မြန်မာနိုင်ငံ သမိုင်းတစ်လျှောက် ပြည် သူတွေရဲ့ အသံကို နားမထောင်ကြတာ များတယ်ဗျ။ တကယ်တမ်း က အောက်ခြေမှာ ပြည်သူတွေရဲ့ အသံဟာ ပိုပြီးကြီးသင့်တယ်။ ပိုလိုအပ်တယ်။ ပိုပြီးနေရာရသင့်တယ် ဆိုတာ ကျွန်တော်က ပြောလိုတယ်” ဟု မစ္စတာ ရိုလန်ကိုဘီယာက ဆိုသည်။

အစိုးရနှင့် အန်စီအေ လက်မှတ်ထိုးထားသည့် ကေအန်ယူ အပါဝင် ထိုင်းအစိုးရနှင့် သဘောတူညီချက်အရ နို့ဘိုးစခန်းမှ ဒုက္ခသည် စခန်းမှ ဒုက္ခသည် အချို့ စမ်းသပ်အနေဖြင့် ပြည်တော်ပြန် လာခဲ့သော် လည်း နေစရာ အိမ်မရှိမှု ကြုံတွေ့ခဲ့ခြင်း ၊ တနသာင်္ရီတိုင်းအတွင်းမှ စစ်ဘေးရှောင်အချို့ နေရပ်ပြန်ပြီး ယခင်က ပိုင်ဆိုင်ခဲ့သည့် မြေပေါ်တွင် ထွန်ယက်စိုက်ပျိုးခဲ့ရာ အဆိုပါ မြေကို သိမ်းပြီး လက်လွှဲရယူထားသည့် ကုမ္ပဏီမှ တရားစွဲဆိုထားခြင်း စသည့် ကိစ္စရပ်များ လွန်ခဲ့သည့် လပိုင်းအတွင်းက ဖြစ်ပွားခဲ့သည်။

ယင်းအပြင် ပြည်သူ့အသံ တိုက်ရိုက်ပါဝင်မှုအတွက် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများတွင် ပြည်သူနှင့် အရပ်ဘက် ပါဝင်မှု ကဏ္ဍအပေါ်တွင်လည်း မေးခွန်း ထုတ်မှုများ ရှိနေသည်။

“ကျွန်တော်မြင်တာက ရှင်းရှင်းလေးပဲပေါ့။ ကျွန်တော်မေးချင်တာက အခု ငြိမ်းချမ်းရေးက မိုနိုပိုလိုက်ဇ် (လက်ဝါးကြီးအုပ်ခြင်း) အလုပ်ခံထားရတာ ပေါ့နော်။ လူတစ်စု လက်ထဲ ရောက်နေတယ်။ သူပြောတာ လူထုက ငြိမ်းချမ်းရေး မူပိုင်ဖြစ်ရမယ်ဆိုတာ ကျွန်တော် လက်ခံတယ်။ သူပြောသလောက် မလွယ်ဘူး။  တကယ်လူထုကို ဘယ်လောက်အထိ ပါဝင်ခွင့်ပြုပြီလဲ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ လွတ်လည်း လွတ်လွတ်လပ်လပ် လုပ်ခွင့်ရသလား။ အခုလက်ရှိ ဖြစ်နေတဲ့ အဆင့်က အဲဒီအဆင့်ကို မရောက်သေးဘူးလို့ ကျွန်တော်ပြောချင်တယ်” ဟု အစိုးရနှင့် တစ်ဖွဲ့ချင်းအလိုက် အပစ်ခတ်ရပ်စဲ ထားသော်လည်း အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် လက်မှတ် ရေးထိုးထားခြင်း မရှိသည့် KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီမှ အတွင်းရေးမှူး ( ၂) ဦးရွှေမျိုးသန့်က အီးယူ သံအမတ်၏ ပြောဆိုမှုနှင့် ပတ်သက်၍ မှတ်ချက်ပြုပြောဆိုသည်။

ယင်းအပြင် ယခင်အစိုးရ လက်ထက်ကတည်းက အပစ်ရပ်ရေးတွင် တန်းတူပါဝင်ခွင့်အတွက် ကန့်သတ်ခံထားရသည့် တအာင်းပလောင် ၊ ကိုးကန့် နှင့် အေအေ ရခိုင်တို့မှာ အပစ်ရပ်ရေးတွင် အခြားအဖွဲ့များ နည်းတူ တန်းတူပါဝင်ခွင့် အတွက် ကန့်သတ်ခံနေရဆဲ ဖြစ်သည်။

မစ္စတာ ရိုလန်ကိုဘီယာကမူ ယခု အချိန်သည် ငြိမ်းချမ်းရေးအတွက် အခွင့်လမ်းရှိသည့် အချိန်အခါကောင်း ဖြစ်သည်ဟု ပြောဆိုသည်။

“အပစ်ခတ်ရပ်စဲရေးဆိုတာ ငြိမ်းချမ်းရေးရဲ့ ပထမအဆင့်ဖြစ်ပါတယ်။ အပစ်ရပ်စဲပြီးမှ ငြိမ်းချမ်းရေးဖြစ်စဉ်ကို သွားလို့ရမယ်။ ကျွန်တော် ခရီးတွေသွားနေတုန်း  တိုင်းရင်းသားတွေနဲ့ တွေ့တဲ့ အခါမှာ ပြည်သူတွေ က ပဋိပက္ခတွေကို ငြီးငွေ့နေတယ်။ ကျည်ဆံတွေကို ရှောင်ရှားရ တာ မြေမြှပ်မိုင်း အန္တရာယ်တွေကိုလည်း အရမ်းစိုးရိမ်ကြတယ်။ ဒါတွေကို တွေ့ရတယ်။ အဓိပ္ပာယ်ရှိတဲ့ အကျိုးသက်ရောက်မှုရှိ တဲ့ ငြိမ်းချမ်းရေးကို ရယူဖို့ အခုအချိန်က အခွင့်အလမ်းတွေ ရှိနေတဲ့ အချိန်အခါကောင်း ဖြစ်တယ်” ဟု မစ္စတာ ရိုလန်ကိုဘီယာက The Ladies News သို့ ပြောသည်။

Sources : The Ladies News

No comments:

Post a Comment