Latest News

Monday, December 26, 2016

ဘောက်ဆင်းဒေးဆိုတာ ဘာလဲ


ဘောက်ဆင်းဒေးဆိုတာ ဘာလဲ


ဒီနေ့ (ဒီဇင်ဘာလ ၂၆ ရက်) ဟာ ဘောက်ဆင်းဒေးနေ့ ဖြစ်ပါတယ်။ ဥရောပတစ်လွှားမှာ ခရစ္စမတ်ကာလ ဖြစ်လို့ ထိပ်တန်းအမှတ်ပေးလိဂ်ပြိုင်ပွဲ အများစုကို အနားပေးထားမယ့် ပရီးမီးယားလိဂ်ကတော့ အရှိန်အဟုန်မပျက် ရှေ့သို့ချီတက်နေဆဲပါပဲ။ ဒီနေ့ညမှာ ဆိုရင်လည်း ပရီးမီးယားလိဂ် အသင်းတွေက ဘောက်ဆင်းဒေးနေ့ ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားရဦးမှာပါ။ ဘောက်ဆင်းဒေးလို့ ပြောလိုက်ရင် အများစုက သူ့ရဲ့စာလုံးပေါင်းဖြစ်တဲ့ Boxing ကို ကြည့်ပြီး အမှတ်မှားကြလေ့ ရှိပါတယ်။ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလအတွင်း ပွဲစဉ်တွေ ဆက်တိုက်ကစားရတာကြောင့် ကစားသမားတွေ အသေအကြေ အားထုတ်ရတာကို လက်ဝှေ့ထိုးတာနဲ့ ခိုင်းနှိုင်းတင်စားတာ ဖြစ်နိုင်တယ်လို့ အကောက်အယူ ပြုကြသူတွေလည်း ဒီကနေ့အထိ ရှိနေဆဲပါပဲ။

တကယ်က ဘောက်ဆင်းဒေးရဲ့ Boxing ဟာ လက်ဝှေ့ထိုးတာကို ရည်ညွှန်းတာ မဟုတ်ပါဘူး။ ခရစ္စမတ်လက်ဆောင် သေတ္တာ Box တွေကို ရည်ညွှန်းတာပါ။ ခရစ္စမတ်နေ့မှာ ရရှိတဲ့ ခရစ္စမတ်လက်ဆောင် သေတ္တာတွေကို ဖွင့်ကြည့်ပြီး ပျော်ရွှင်ကြရတဲ့နေ့လို့ သတ်မှတ်ပြီး ဒီဇင်ဘာလ ၂၆ ရက်ကို ဘောက်ဆင်းဒေးလို့ အမည်မှည့်ခေါ်ခဲ့ကြတာပါ။ ခရစ္စမတ် အားလပ်ရက်တွေထဲမှာ တစ်ရက်အပါအဝင် ဖြစ်တဲ့ ဘောက်ဆင်းဒေးနေ့ကို အများပြည်သူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေဖို့အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲ ကျင်းပရေး ကော်မတီက ဘောက်ဆင်းဒင်းနေ့ ပွဲစဉ်ကို ပွဲစဉ်ဇယားထဲမှာ ထည့်သွင်းရေးဆွဲပေးထားတာ ဖြစ်ပါတယ်။

ဘောက်ဆင်းဒေးနေ့ ပွဲစဉ်ဇယားကို ရေးဆွဲရာမှာ ဂရုစိုက်ရတဲ့ တစ်ခုတည်းသော အချက်က ခရီးပမာဏ သိပ်အလှမ်းမကွာတဲ့ အသင်းအချင်းချင်း ထိပ်တိုက်တွေ့အောင် စီစဉ်ပေးရတာပါပဲ။ ခရစ္စမတ်နေ့အပြီးမှာ ဘောက်ဆင်းဒေး ပွဲစဉ်အတွက် အဝေးကွင်းဆီ သွားရောက်ကစားရတဲ့ ဘောလုံးအသင်းတွေ ခရီးပန်းမှု သက်သာအောင်၊ အသင်းကို လိုက်ပါအားပေးမယ့် ပရိသတ်တွေ ဝန်ထုပ်ဝန်ပိုး မဖြစ်ရလေအောင် အဲ့ဒီလို စီစဉ်ရခြင်း ဖြစ်တယ်လို့ ပရီးမီးယားလိဂ်ပြိုင်ပွဲ ကျင်းပရေး ကော်မတီက ရှင်းပြထားပါတယ်။ ကဲ….ဒီနေ့ညမှာ ဘောက်ဆင်းဒေးပွဲစဉ်တွေနဲ့အတူ ရင်ခုန်လိုက်ကြပါဦး။ အားလုံးအတွက် ဟက်ပီးဘောက်ဆင်းဒေး (Happy Boxing Day) ဖြစ်ပါစေကြောင်းလည်း ဆုတောင်းပေးလိုက်ပါတယ်။

Sources; VOICE ADMIN

No comments:

Post a Comment