Latest News

Thursday, December 22, 2016

ရခိုင်ကိစ္စတွင် အစိုးရ၏ အားနည်းချက်များကို ပညာရှင်များ ထောက်ပြ၊ တိုးတက် ဖြစ်ထွန်းမှုများကို လျစ်လျူမရှုရန် နာမည်ကျော် ထိုင်းပါမောက္ခ တိုက်တွန်း

ရခိုင်ကိစ္စတွင် အစိုးရ၏ အားနည်းချက်များကို ပညာရှင်များ ထောက်ပြ၊ တိုးတက် ဖြစ်ထွန်းမှုများကို လျစ်လျူမရှုရန် နာမည်ကျော် ထိုင်းပါမောက္ခ တိုက်တွန်း


ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်နေသော ဘင်္ဂါလီ ပြဿနာနှင့် ပဋိပက္ခများကို မြန်မာအစိုးရက ကိုင်တွယ် ဖြေရှင်းရာတွင် စစ်ဘက် သို့မဟုတ် ရဲဘက်တပ်ဖွဲ့ဝင် အင်အားအသုံးပြုမှု အချိုးအစား မျှတမှု မရှိခြင်း၊ ပြီးစလွယ် သဘောဖြင့် တပ်ဖွဲ့ဝင် အင်အား အသုံးပြုခြင်း၊ နိုင်ငံရေး ဗျူဟာ မရှိခြင်း စသည်တို့ကြောင့် အကြမ်းဖက် တိုက်ခိုက်မှုများ ပိုမို ဖြစ်ပေါ်စေမည့် အန္တရာယ်နှင့်ရင်ဆိုင်လာရနိုင်သည်ဟု Interna-tional Crisis Group(ICG) က မူဝါဒဆိုင်ရာ သုံးသပ်ချက် တစ်ရပ် ထုတ်ပြန်လိုက်သည်။

မကြာမီ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်သစ်အဖြစ် တာဝန် ထမ်းဆောင်မည့် ပေါ်တူဂီ သံတမန် အန်တိုနီယို ဂူတာရီစ်အတွက် ကမ္ဘာ့ပဋိပက္ခများ ကိုင်တွယ် ဖြေရှင်းနိုင်မည့် မူဝါဒရေးရာ အကြံပေး သုံးသပ်ချက် စာတမ်း တစ်စောင် ရေးသား ပေးပို့ရာ၌ ICG က မြန်မာနှင့်ပတ်သက်၍ အထက်ပါအတိုင်း သုံးသပ်ခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ် အကျပ်အတည်းမှာ ဆိုးရွားသည့် အခြေအနေဘက်သို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံတွင်း ကုလသမဂ္ဂ၏ နိုင်ငံရေး အခန်းကဏ္ဍမှာလည်း မှေးမှိန် လျော့ကျလျက် ရှိသည်”ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးသစ်အတွက် အချက် ၁၅ ချက်ဟု အမည်ရသော မူဝါဒဆိုင်ရာ သုံးသပ်ချက် စာတမ်းတွင် ICG က ဖော်ပြသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် Harakah al-Yaqin(HaY) ဟု အမည်ရသည့် လက်နက်ကိုင်အုပ်စု ရှိနေကြောင်း၊ ယင်းအုပ်စုသည် နိုင်ငံခြားတွင် လေ့လာ သင်ကြားခဲ့သည့် အုပ်စုဖြစ်ကြောင်း ICG က ဆိုသည်။

သို့သော် HaY အုပ်စု နိုင်ငံခြားနှင့် ဆက်သွယ်မှု ရှိသည်ဟူသော အချက်ကို ပုံကြီးချဲ့ကား ပြောဆိုမည်ဆိုပါက မှားယွင်းနိုင်ကြောင်း၊ ယင်းအုပ်စု၏ ပစ်မှတ်များနှင့် ပန်းတိုင်များမှာ လက်ရှိ အချိန်အထိ ပြည်တွင်း (မြန်မာပြည်)၌သာ ရှိနေသေးကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးသစ်ကို ထောက်ပြ ပြောဆိုသည်။

ထို့နောက် မြန်မာ အစိုးရ၏ စီမံခန့်ခွဲမှုများနှင့် ပတ်သက်၍ HaY က “မြန်မာအာဏာပိုင်များသည် ဘင်္ဂါလီ လူမျိုးစုများ အစွန်းရောက် အကြမ်းဖက်လာမည့် အခြေအနေထဲသို့ ရောက်လာအောင် လုပ်ဆောင်နေသကဲ့သို့ ရှိကြောင်း၊ ဘင်္ဂါလီ ခေါင်းဆောင် အများစုမှာ ယနေ့အချိန်အထိ အကြမ်းဖက်မှုများကို ရှောင်ရှားနေဆဲ ဖြစ်ကြောင်း” ဆက်လက် ဖော်ပြသည်။

“ထိုသို့သော လုပ်ဆောင်ချက်များသည် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံဖြတ်ကျော် အုပ်စုများ အနေနှင့် ဘင်္ဂါလီ ကိစ္စကို ကောင်းစွာ အမြတ်ထုတ် အသုံးချနိုင်မည့် အခြေအနေမျိုး ဖြစ်လာအောင်လည်း ဖန်တီးပေးနေသကဲ့သို့ ရှိသည်”ဟု ICG က သတိပေးပြီး ဖြစ်ပေါ်နေသည့် ကွာဟချက်များကို ကုလသမဂ္ဂအနေနှင့် မည်သို့မည်ပုံ ဖြည့်စွက် ပေးနိုင်မည်ဟူသော အချက်ကိုလည်း အထွေထွေ အတွင်းရေးမှူးချုပ် အနေနှင့် ၂ဝ၁၇ ခုနှစ် အစောပိုင်းမှစတင်ကာ အကဲဖြတ်သင့်သည်ဟု အကြံပေးသည်။

ICG ၏ သုံးသပ်ချက်စာတမ်း ထွက်ပေါ်လာပြီးနောက် မရှေးမနှောင်းမှာပင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် ဗီဂျေနမ်ဘီးယားက ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများသည် ထိန်းချုပ်၍ မရနိုင်တော့သည့် အနေအထားထဲသို့ ရောက်ရှိမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သတိပေး ပြောကြားသည်။

သို့အတွက်ကြောင့် မြန်မာခေါင်းဆောင်များ အနေနှင့် သမိုင်းကြောင်းနှင့် ချီ၍ရှိခဲ့သော ယင်းပြဿနာကြီးကို ပိုမို အလေးအနက် ထားကာ ဖြေရှင်းသင့်သည်ဟု ၎င်းက တိုက်တွန်းသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ (၎င်း အခေါ် ရိုဟင်ဂျာ) မွတ်ဆလင်များသည်  သီးခြား ခွဲထွက်ကာ အပယ်ခံ အနေအထားမျိုး ဖြစ်နေပြီး အစိုးရကလည်း ၎င်းတို့၏ စိုးရိမ် ထိတ်လန့်မှုများနှင့် မလုံမခြုံ ဖြစ်နေမှုများကို ကောင်းစွာ ကိုင်တွယ်ဖြေရှင်း ပေးနိုင်ခြင်း မရှိကြောင်း နမ်ဘီးယားက ဆက်လက် သုံးသပ်သည်။

သို့သော် ထိုင်းနိုင်ငံ၊ ချူလာလောင် ကွန်းတက္ကသိုလ်၊ လုံခြုံရေးနှင့် နိုင်ငံတကာ လေ့လာရေး အင်စတီကျု၏ ဒါရိုက်တာဖြစ်သူ ပါမောက္ခ သစ်သီနန်ပွန်ဆတ် ဟီးရတ်က လက်ရှိ အနေအထားတွင် ကမ္ဘာ့မီဒီယာများသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း လူမျိုးရေးနှင့် ဘာသာရေး အဓိကရုဏ်း ပြဿနာများကိုသာ ဇောင်းပေး ဖော်ပြလျက် ရှိကြောင်း၊ အမှန်တွင် မြန်မာနိုင်ငံ၌ တိုးတက်ဖြစ်ထွန်းမှုများ ရှိလာပြီဖြစ်ကြောင်း Nikkei Asia Review သတင်းမဂ္ဂဇင်း၌ ဆောင်းပါး တစ်ပုဒ် ရေးသားဖော်ပြသည်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းကောင်းတွေ ဘယ်မှာလဲ”ဟု အမည်ရသည့် အဆိုပါ ဆောင်းပါးတွင် “ကမ္ဘာ့ မီဒီယာများသည် ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ပြီး မြန်မာ စစ်အာဏာရှင်များကို ဆန့်ကျင်ကာ တရား မျှတမှုအတွက် တိုက်ခိုက်ခဲ့စဉ်က သူမကို အကြီးအကျယ် ချီးမွမ်းခန်း ဖွင့်ခဲ့ကြသည်။ ယခုအခါမှာတော့ ဘင်္ဂါလီ မွတ်ဆလင်များ၏ ပြဿနာကြောင့် သူမနှင့် သူမ၏အစိုးရကို ပြစ်တင်ဝေဖန် နေကြလေသည်”ဟု သစ်သီနန်က ရေးသားသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင်း ပြဿနာကို မြန်မာအစိုးရ အနေနှင့် မဖြစ်မနေ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းရမည်ဖြစ်ကြောင်း၊ အကြောင်းမှာ ဘင်္ဂါလီ ကိစ္စ အငြင်းပွားမှုများက မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ကောင်းသတင်းများ မဖြစ်ထွန်းအောင် လုပ်ဆောင်ပေးနေသကဲ့သို့ ဖြစ်နိုင်ကြောင်း အကြံပေး ရေးသားသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းမှုနှင့် တိုးတက်ဖြစ်ထွန်းမှုများသည် ဆင်းရဲတွင်းနှင့် အာဏာရှင် စနစ်မှ ရုန်းထွက်လိုသည့် အခြားနိုင်ငံများအတွက် သင်ခန်းစာပင် ဖြစ်သည်ဟု ၎င်းကဆိုပြီး ဆောင်းပါးကို ယခုလို အဆုံးသတ်သည်။

“သတင်းတွေထဲမှာ မြန်မာအကြောင်း မပါခဲ့ပါက မြန်မာပြည်အတွက် သတင်းကောင်းဟု မှတ်ယူနိုင်သည်။ သို့သော် သတင်းတွေထဲ၌ မြန်မာပါလာပြီဆိုလျှင်လည်း မြန်မာနိုင်ငံတွင်း ကောင်းသည့် လုပ်ဆောင်ချက်များနှင့် တိုးတက် ဖြစ်ထွန်းမှုများ ရှိနေသည်ဟု အသိအမှတ် ပြုသင့်သည်။ ယင်းတိုးတက် ဖြစ်ထွန်းမှုများမှာ မကြာခဏ ဆိုသလို လျစ်လျူရှုခံနေရ၍ ဖြစ်ပါသည်”

F-01

SOURCES : Photo The Voice & MOI

No comments:

Post a Comment