Latest News

Monday, December 19, 2016

နိုင်ငံတော် သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသနှင့် တွေ့ဆုံလျှောက်ထားခြင်း



နိုင်ငံတော် သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသနှင့် တွေ့ဆုံလျှောက်ထားခြင်း



မိုးပြာဂိုဏ်း၏ အကြောင်းနှင့် ယင်းဂိုဏ်း၏ အယူအဆများမှာ ထေရဝါဒ ဗုဒ္ဓဒေသနာတော်အတွက် မည်သို့သက်ရောက်မှု ဖြစ်စေနိုင်သည်တို့ကို သိရှိနိုင်စေရန်အတွက် ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ (အဂ္ဂမဟာ ပဏ္ဍိတ၊ နိုင်ငံတော် သြဝါဒါစရိယ) ထံ သွားရောက် လျှောက်ထား မေးမြန်းဖော်ပြအပ်ပါသည်။

Voice : မိုးပြာဂိုဏ်းက မြန်မာနိုင်ငံမှာ ဘယ်အချိန်လောက်က စတင်ခဲ့တာလဲ ဘုရား။

ဖြေး မိုးပြာဂိုဏ်းက ခန့်မှန်းခြေ သံဃာအဖွဲ့အစည်းပေါ်ခါစ ၁၉၈၀ ခု နောက်ပိုင်းလောက်က ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ်။

Voice : မိုးပြာဂိုဏ်း စတင်ပေါ်ပေါက်လာချိန်က အင်အားကောင်းတဲ့ အနေအထားမှာ ရှိခဲ့လား ဘုရား။

ဖြေး စတင်ပေါ်ပေါက်လာတဲ့ အချိန်မှာ အင်အားမကောင်းဘူး။ နောက်ပိုင်းမှာ ဗုဒ္ဓဘာသာ ထေရဝါဒကို ဖျက်ဆီးလိုတဲ့ ပုဂ္ဂိုလ်အုပ်စုက သူ့ကို သွားရောက်ချဉ်းကပ်တာတွေ၊ သူ့နောက်ကို မြှောက်ပေးတာတွေ ရှိလာတယ်။

Voice : မိုးပြာဂိုဏ်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ထုတ်ဝေခွင့် ရလာမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ သိပါရစေ။

ဖြေး မိုးပြာဂိုဏ်ကို ဝိနိစ္ဆယအဖွဲ့ကနေ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ထေရဝါဒ လက်ခံနေတဲ့ သံဃာအဖွဲ့အစည်းရဲ့ စည်းမျဉ်းအတိုင်း လိုက်နာသင့်တယ်။ ဒါယကာ၊ ဒါယိကာမတွေ အနေနဲ့လည်း မြန်မာနိုင်ငံက ထေရဝါဒနိုင်ငံ ဖြစ်ခြင်းကြောင့် ထေရဝါဒ စည်းမျဉ်းအတိုင်း လိုက်နာဖို့ လိုအပ်ပါတယ်။ ဒီလို ကိုယ်ထင်ရာ ကိုယ်လုပ်တဲ့ ကိစ္စတွေကို မလိုက်နာသင့်ဘူး။ မြန်မာနိုင်ငံမှာလည်း အခုနောက်ပိုင်း လူတွေမှာ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေခြင်းကြောင့် ဘုမသိဘမသိတွေ ဖြစ်နေကြတယ်။ အဲ့ဒီလူတွေက ဗုဒ္ဓဘာသာဝင်တွေက ကိုယ်ကိုးကွယ်တဲ့ ဘာသာကို သိအောင်လေ့လာဖို့ လိုတယ်။ အခုလတ်တလော နောက်ပိုင်းမှာ ဘာသာမဲ့တွေ ရှိလာကြတာ တွေ့နေရတယ်။ ဗုဒ္ဓဘာသာနဲ့ ဆန့်ကျင်တဲ့ အယူဝါဒတွေကိုလည်း မြန်မာနိုင်ငံမှာ တိုးပွားလာနေတာ ရှိနေတယ်။ အခြားဘာသာကို အခြားဘာသာဝင်တွေက ကိုးကွယ်နေကြတာ အကြောင်းမဟုတ်ပါဘူး။ ထေရဝါဒကို ဆန့်ကျင်လာမယ် ဆိုရင်တော့ ထေရဝါဒ သာသနာက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ၊ သံဃာအဖွဲ့အစည်းတွေက အရေးယူဖို့ တာဝန်ရှိပါတယ်။ ကျန်တဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့လည်း ထေရဝါဒကို ကိုးကွယ်တယ်ဆိုရင် လက်ရှိ သံဃာအဖွဲ့အစည်း ထေရဝါဒရဲ့ အယူအတိုင်း၊ ဆုံးမသြဝါဒအတိုင်း၊ စည်းမျဉ်းအတိုင်း လိုက်နာတဲ့ ပုဂ္ဂိုလ်များသာလျှင် လက်ခံကြဖို့ လိုအပ်ပါတယ်။

Voice : အခုဆိုရင် မိုးပြာဂိုဏ်းက သူတို့ရဲ့ အယူအဆတွေနဲ့ ပတ်သက်ပြီး စာအုပ်ထုတ်ဖို့ ရှိတဲ့အခါ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အနေနဲ့ ဘယ်လိုမျိုး ဆောင်ရွက်ဖို့ ရှိပါသလဲ။

ဖြေး အခုအချိန်မှာ သာသနာရေး ဝန်ကြီးဌာနက တရားစွဲမယ်လို့ ကြားပါတယ်။ အဲ့လောက်ပဲ သိရပါသေးတယ်။ သာသနာရေးဌာနက ဆောင်ရွက်တဲ့ ဆောင်ရွက်ချက်တွေအပေါ် မူတည်ပြီးတော့ နိုင်ငံတော် သံဃနာယကအဖွဲ့က ဆောင်ရွက်သွားမှာပါ။

Voice : ယခင်က မိုးပြာဂိုဏ်း တည်ထောင်ခဲ့တဲ့ ဦးဉာဏက စာအုပ်တွေ ထုတ်မယ်။ အယူအဆတွေ ဖော်ထုတ်မယ်ဆိုပြီး ပြောဆိုလာတာ ရှိတယ်။ ဆရာတော်အနေနဲ့ မိုးပြာဂိုဏ်းရဲ့ အယူအဆနဲ့ ပတ်သက်ပြီး သိပါရစေ။

ဖြေး မိုးပြာဂိုဏ်း အနေနဲ့က ထေရဝါဒ နာမည်ခံသော်လည်း ထေရဝါဒရဲ့ လမ်းစဉ်အတိုင်း လုံးဝ မဟုတ်ပါဘူး။ မဟုတ်တဲ့အ ကြောင်းကို နိုင်ငံတော်ဝိနိစ္ဆယခုံရုံးက အဓမ္မဝါဒ ချမှတ်ထားတယ်။ နိုင်ငံတော်ဝိနိစ္ဆယ ခုံရုံးကနေ အဓမ္မချထားတဲ့ အချက်အလက်တွေ အဲ့ဒီစာအုပ်ကို ကြည့်လိုက်ရင် အကုန်လုံး သိနိုင်ပါတယ်။ ဘာပဲပြောပြော သူက ထေရဝါဒ မဟုတ်ဘူး။ ထေရဝါဒနဲ့ ဆန့်ကျင်နေတဲ့သဘော ရှိတယ်။ အသေးစိတ် လတ်တလော ပြောလို့သိပ်မရသေးဘူး။ ဆိုလိုတာက မိုးပြာဂိုဏ်းသည် ထေရဝါဒနဲ့ ဆန့်ကျင်နေတဲ့ ဂိုဏ်းတစ်ခုလို့ မြင်ပါတယ်။ ဆန့်ကျင်တာလည်း မှန်ပါတယ်။ ဆန့်ကျင်နေခြင်းကြောင့် သူ့အယူအဆတွေကို ထေရဝါဒ အမည်ခံရင် ဒီဝါဒကို မလိုက်နာရဘူး ဆိုတော့ သူကလည်း မလျော့ခြင်းကြောင့် သူက ထောင်သုံးကြိမ် ကျဖူးတယ်။ သူကိုယ်တိုင်က နဂိုတုန်းကလည်းပဲ မူရင်းဇာစ်မြစ်က စစ်ကိုင်းတိုင်း မင်းကွန်း ရွှေမြင်တောင်လို့ ထင်တယ်။ အဲ့တောင်မှာ နေခဲ့ပြီးတော့ အဲ့မှာကတည်းက ဈာန်ရပုဂ္ဂိုလ် ပဋိသမ္ဘိဒါ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်ဆိုပြီးတော့ သူတို့နှစ်ပါးလုံးကို နိုင်ငံတော် သံဃမဟာနာယက ခေါ်ပြီးတော့ သူ့ဝါဒကို စွန့်ဖို့ပြောတဲ့အခါ သူတို့က စွန့်လွှတ်ခြင်း မရှိတော့ ပထမဆုံး ထောင်ကျတယ်။ ထောင်ကျပြီးတဲ့နောက် မိုးပြာဂိုဏ်းထောင်တယ်။ ပထမက ဘုန်းကြီးဘဝ အနေနဲ့ ဈာန်အဘိညာဉ်ရတယ် ဆိုတော့ ခေါ်စစ်တဲ့အခါ ဘာမှယုတ္တိမရှိတဲ့ အရာတွေ ဖြစ်နေတယ်။ ဒါယုတ္တိမရှိဘူး အဲ့ဝါဒစွန့်ပါဆိုတော့ မစွန့်ခြင်းကြောင့် ထောင်တစ်ခါ ထပ်ကျပြန်တယ်။ ထောင်ကျပြီးတဲ့အခါ မဟာယာန ပုံသဏ္ဌာန်လိုမျိုး ဝတ်ရုံပြီးတော့ ထေရဝါဒ နာမည်ခံပြီးတော့ မိုးပြာဂိုဏ်း တည်ထောင်လာတယ်။ မိုးပြာဂိုဏ်း တည်ထောင်တာက သိရသလောက်ဆိုရင် ပစ္စုပ္ပန် ကမ္မဝါဒပဲ။ နောက်ဘဝလည်း မရှိဘူး။ ဒီဘဝလုပ်တဲ့ အပေါ်မှာ မူတည်ပြီးတော့ အကျိုးပေးမယ်ဆိုတဲ့ သဘောမျိုး ရှိခြင်းကြောင့် ထေရဝါဒနဲ့ ဆန့်ကျင်နေတယ်။ ထေရဝါဒဆိုတာက ကံ-ကံ၏အကျိုးကို ယုံကြည်ရမှာ ဖြစ်တယ်။ ကံ-ကံ၏ အကျိုးကို ယုံကြည်ရမယ် ဆိုတာက ယုံကြည်မှုဆိုတဲ့ သဒ္ဓါရဲ့ အခြေခံက နံပါတ်တစ် ခုနစ်ဌာန ရှိတယ်။ ဘုရား၊ တရား၊ သံဃာ မြတ်သုံးပါးက သုံးဌာန ဖြစ်တယ်။ ဒီဘဝရယ် နောင်ဘဝရယ်က ဆိုတဲ့ ဘဝနှစ်ခုကပေါ့၊ နောက်ပြီး ကံ-ကံ၏အကျိုး ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်။ မကောင်းတာလုပ်ရင် မကောင်းကျိုးရမယ် ဆိုတာတွေ ဖြစ်တယ်။ အားလုံးပေါင်းရင် ခုနစ်ဌာန ဖြစ်သွားတယ်။ ခုနစ်ဌာနအပေါ်က ယုံကြည်မှုကို သဒ္ဓါတရားလို့ ခေါ်တာပေါ့။ သူက အဲ့ဒီခုနစ်ဌာနတည်းမှာ ဒီဘဝရှိတယ်၊ နောင်ဘဝမရှိဘူး။ ဒီပစ္စုပ္ပန် ဆိုတာကို ယူခြင်းကြောင့် ထေရဝါဒနဲ့ ဆန့်ကျင်နေတယ်။ ထေရဝါဒနဲ့ ဆန့်ကျင်နေတဲ့ အချက်များစွာ ရှိခြင်းကြောင့် နိုင်ငံတော် ဝိနိစ္ဆယ အဖွဲ့ကြီးကနေ သူ့ကို အဓမ္မဝါဒ အနေနဲ့ ချမှတ်ထားတယ်။ ဒါကိုစွန့်လွှတ်ဖို့ အကြောင်းပြောတော့လည်း မစွန့်လွှတ်ခြင်းကြောင့် အဲ့မှာ သူ ထောင်ကျခံရတယ်။ ဘာပဲဖြစ်ဖြစ် သူက ထေရဝါဒ အမည်ခံသော်လည်းပဲ ထေရဝါဒ မဟုတ်ဘူး။ ထေရဝါဒကို ဖျက်ဆီးနေတဲ့ ပုံသဏ္ဌာန်မျိုး ဖြစ်နေခြင်းကြောင့် သူ့ဝါဒကို လူတွေ ထေရဝါဒနဲ့ ယုံမှားသံသယ ဖြစ်အောင် ထေရဝါဒ သဘောတရားမျိုး မဖြစ် ဖြစ်အောင် လုပ်ဆောင်နေခြင်းကြောင့် ထေရဝါဒကို ဖျက်ဆီးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ မြင်တယ်။

Voice : ၂၀၀၈ ဖွဲ့စည်းပုံမှ လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ ပတ်သက်ပြီး အတည်ပြု ပြဋ္ဌာန်းထားတာ ရှိတော့ အခုမိုးပြာဂိုဏ်းက လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ သက်ဆိုင်နိုင်လား ဘုရား။

ဖြေး လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုတာ သီးခြားကိုးကွယ်တဲ့ ကိစ္စရပ် ဖြစ်တယ်။ ထေရဝါဒ နာမည်ခံပြီး ထေရဝါဒနဲ့ ဆန့်ကျင်ပြီး လုပ်နေတာတွေက လွတ်လပ်စွာ ကိုးကွယ်ခွင့် မဟုတ်ပါဘူး။ ထေရဝါဒ အမည်ခံရင် လက်ရှိ သံဃာအဖွဲ့အစည်းရဲ့ သြဝါဒကို ခံယူရမယ်။ လမ်းညွှန်ချက်အတိုင်း လိုက်နာရမယ်။ မြန်မာနိုင်ငံက သံဃာ့အဖွဲ့အစည်းက ထေရဝါဒ သံဃာ့အဖွဲ့အစည်း ဖြစ်တယ်။ ထေရဝါဒ သံဃာ့အဖွဲ့အစည်း လမ်းညွှန်ချက် စည်းကမ်းအတိုင်း လိုက်နာရင် လွတ်လပ်စွာ ကိုးကွယ်မယ် ဆိုလည်း ကိုးကွယ်လို့ ရတာပဲ။ ထေရဝါဒ နာမည်ခံပြီးတော့ ထေရဝါဒ လမ်းကြောင်းအတိုင်း မလိုက်နာတာ ဒါက လွတ်လပ်စွာ ကိုးကွယ်ခွင့် မဟုတ်ပါဘူး။ ထေရဝါဒကို ဖျက်ဆီးနေတ သဘောမျိုး ဖြစ်နေတယ်။ နဂိုကတည်းက သူ့ဝါဒက ထေရဝါဒ ဓမ္မလမ်းကြောင်းနဲ့ မညီဘူး။ ဓမ္မဝိနယနဲ့ မညီဘူး ဆိုပြီးတော့ ၀ိနိစ္ဆယ ချထားတာ ဖြစ်တယ်။ ချထားတဲ့နဂိုက လမ်းစဉ်အတိုင်း သူလိုက်နာရမှာ ဖြစ်တယ်။ ဥပမာ- အစ္စလာမ်ဝါဒ ကြိုက်လို့ အစ္စလာမ်ဝါဒ ယူတာ၊ မဟာယာန ကြိုက်လို့ မဟာယာန အယူဝါဒ ယူတာက ဒါက လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိတယ်။ ထေရဝါဒလို့ အမည်ခံရင်တော့ ထေရဝါဒ ဓမ္မဝိနယနဲ့ ညီအောင်လိုက်နာဖို့ လိုတယ်။ ညီညွတ်ခြင်း မရှိရင် ထေရဝါဒ ဗုဒ္ဓဘာသာကို ဖျက်ဆီးနေတဲ့သူ၊ ဘာသာ သာသနာကို ဖျက်ဆီးတဲ့ သဘောမျိုး ရောက်နေတယ်။ သူ့ဘာသာနဲ့သူ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိပါတယ်။

Voice : ထပ်မံပြီး နောက်ဆုံးတစ်ခု အနေနဲ့ လျှောက်တင်ခွင့်ပြုပါ ဘုရား။ ဦးဉာဏက ထေရဝါဒ အမည်မခံဘဲ အခုလို စာပေဖြန့်တာတွေ မိုးပြာဂိုဏ်း ပြန့်ပွားအောင် လုပ်နေတာတွေက အရေးယူ ဆောင်ရွက်လို့ ရနိုင်လား ဘုရား။

ဖြေး အစိုးရအပေါ်မှာ မူတည်ပါတယ်။ ထေရဝါဒလို့ အမည်မခံသော်လည်း ထေရဝါဒ သဏ္ဌာန်လိုမျိုး လုပ်နေတဲ့အခါ အခုလို ဆောင်ရွက်ချက်တွေက ထေရဝါဒနဲ့ မဆိုင်ဘူး ဆိုတာကို နဂိုက ဝိနိစ္ဆယ ချမှတ်ထားပြီး ဖြစ်ပါတယ်။ သူက မသိမသာ ထေရဝါဒကို ဖျက်ဆီးတဲ့ ပုံသဏ္ဌာန် ဖြစ်နေတဲ့အခါ ဒါမျိုးက ထေရဝါဒနဲ့ မကိုက်ညီဘူး။ မြန်မာနိုင်ငံရဲ့ ထေရဝါဒကို ဖျက်ဆီးတဲ့ သဏ္ဌာန်ရှိတော့ မြန်မာနိုင်ငံ ထေရဝါဒအရ လက်ခံနိုင်ဖို့ မရှိဘူး။

SOURCES THE VOICE : ကျော်စိုးဦး VOICE ADMIN

No comments:

Post a Comment