Latest News

Wednesday, December 28, 2016

ပျောက်ဆုံးနေသော မြန်မာဘုရင် သီပေါနန်းဆက်များ

ပျောက်ဆုံးနေသော မြန်မာဘုရင် သီပေါနန်းဆက်များ

သီပေါဘုရင်၏မြစ်တော်တစ်ဦးဖြစ်သည့် ဦးစိုးဝင်းနှင့် အနွယ်တော်များ
မှောင်ရိပ်မပြယ်သေးတဲ့ မနက်မိုးသောက်စအချိန်မို့ အိန္ဒိယ အနောက်ပိုင်းဒေသက ဝေးလံခေါင်သီတဲ့ ပင်လယ်ကမ်းစပ်မြို့ ကလေးရတနာဂီရိဟာ နိုးနိုးကြားကြား မရှိသေးပါဘူး။ မနက်စောစောစီးစီး ဒီနေရာမှာ လာရပ်နေရင်း ရတနာဂီရိဟာ အမေ့လျော့ခံ နေရာလေးတစ်ခု ဖြစ်နေတဲ့အကြောင်းကို တွေးနေမိပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ အခြေအနေတွေ ပြောင်းလဲလာပါပြီ။

အိန္ဒိယနဲ့ မြန်မာနိုင်ငံက လျှို့ဝှက်ထောက်လှမ်းရေး အေးဂျင့်တွေဟာ ဒီမြို့လေးထဲမှာ ဟိုဟို ဒီဒီ လှုပ်ရှားသွားလာရင်း အလုပ်များနေကြတယ်။ ဆက်သွယ်ရေး စက်တွေကနေ တီးတိုးစကား ပြောနေကြတယ်။ နေရောင်တောင် ကောင်းကောင်းမထွက်ပေါ်လာသေးပေမယ့် အနက်ရောင်နေကာမျက်မှန်ကြီးတွေကို တပ်ထားကြတယ်။

သားသားနားနား ဝတ်စားထားတဲ့ မြန်မာတစ်ယောက်က ဒုတိယသမ္မတနဲ့ ရာထူးအမြင့်ဆုံး စစ်ဘက်အရာရှိကြီးနဲ့အတူ အရေးပါဆုံးပုဂ္ဂိုလ်ငါးယောက် ရဟတ်ယာဉ်နဲ့ ဆိုက်ရောက်လာတဲ့အခါ ဘယ်လိုဘယ်ပုံ နေရာချထားသင့်ကြောင်းကို လေသံမာမာနဲ့ ညွှန်ကြားခိုင်းစေနေပါတယ်။ ကျွန်တော်က အိန္ဒိယရဲဝန်ထမ်းတစ်ယောက်ကိုင်လာတဲ့ မိုင်းရှာကိရိယာကို တက်နင်းမိမလိုတောင် ဖြစ်သွားပါသေးတယ်။ သူ့နောက်မှာ ပါလာတဲ့ ရဲခွေးတစ်ကောင်ကိုလည်း လမ်းဖယ်ပေးလိုက်ရသေးတယ်။

အဲဒီနောက် တဖြည်းဖြည်းကျယ်လာတဲ့ တတွတ်တွတ် ပြောဆိုနေတဲ့ စကားသံကြောင့် ကျွန်တော် လှည့်ကြည့်မိပါတယ်။ ဖုန်ထူထူလမ်းပေါ်မှာ အဖြူရောင်အရိပ်တချို့ အတန်းလိုက် ပေါ်လာတယ်။ အနားကပ်လာတော့ ဒီလူ ရိပ်တွေက ပြုံးပြုံးရွှင်ရွှင်နဲ့ လက်လှမ်းပြကြတယ်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ ကာလတစ်လျှောက် ဒီလူတွေဟာ လုံးဝဥဿုံနီးပါး ပျောက်ကွယ်နေခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ မြန်မာ့တော်ဝင်မိသားစု အဆက်အနွှယ်တွေပါ။ အားလုံး အဖြူရောင်တွေ တူတူညီညီ ဝတ်ဆင်ထားကြတယ်။ ဒါဟာ ကြေကွဲဝမ်းနည်းမှုကို ညွှန်းဆိုတဲ့ အရောင်လို့လည်း ဆိုနိုင်ပါတယ်။

သီပေါမင်းတရားကြီး နတ်ပြည်စံသက် နှစ်(၁၀၀)ပြည့်အလှူအခမ်းအနားကျင်းပစဉ် (FB.com/ Senior General Min Aung Hlaing)

သူတို့တွေ သက်ရှိထင်ရှား ရှင်သန်နေတယ်ဆိုတာကို မြန်မာနိုင်ငံမှာတောင် လူသိနည်းလွန်းပါတယ်။ ၁၈၈၅ မှာ သီပေါမင်းပါတော်မူပြီးကတည်းက ဘယ်တော်ဝင်မိသားစု အနွယ်တော်တစ်ဦးတစ်ယောက်မှ သီဟာသနပလ္လင်နဲ့ နီးစပ်မှု မရှိခဲ့ပါဘူး။ နှစ်ပေါင်းထောင်ချီ တည်တံ့ခဲ့တဲ့ မြန်မာမင်းဆက်ဟာ ဗြိတိသျှ စစ်တပ်ရဲ့ ကျူးကျော်မှုနဲ့အတူ လျင်လျင်မြန်မြန်ပဲ ဆုံးခန်းတိုင် ပျက်သုဉ်းသွားခဲ့ရတယ်။ ဒီကျူးကျော်စစ်ကို အဓိက အမိန့်ပေးစေခိုင်းခဲ့သူက လော့ဒ်ရန်းဒေါ့ဖ်ချာချီ ဖြစ်ပါတယ်။ သူဟာ နောင်တစ်ချိန်မှာ ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာမယ့် ဆာဝင်စတန် ချာချီလ်ရဲ့ ဖခင်ပါ။ သူ့ရဲ့ဈေးကွက်သစ်တွေ စုဆောင်းရှာဖွေလိုတဲ့ စိတ်ဆန္ဒကြောင့် မြန်မာ့ နန်းဆက်ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။

၁၈၈၆ ရဲ့ နှစ်သစ်ကူးနေ့မှာတော့ တစ်ချိန်က ထည်ဝါခံ့ညားခဲ့တဲ့ မြန်မာအင်ပါယာဟာ ဗြိတိသျှ အိန္ဒိယဒေသရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်သာ ပြောင်းလဲသတ်မှတ်ခြင်းခံခဲ့ရတယ်။ ၁၉၄၈မှာ လွတ်လပ်ရေး ရမလာခင်အထိ မြန်မာနိုင်ငံအနေနဲ့ ဗြိတိန်လက် အောက်ခံဘဝကို ကျရောက်ခဲ့ပါတယ်။

အသစ်တက်လာတဲ့ အုပ်စိုးသူတွေက တော်ဝင်မိသားစု လက်ကျန်တွေကို  ပြိုင်ဘက်အသွင် သဘောထားရန်လိုနေတာကြောင့် အနွယ်တော်တွေဟာ လူစုခွဲ ခြေရာဖျောက်ခဲ့ကြတယ်။ တစ်ဖက်မှာ သူတို့ကို သမိုင်းကြောင်း ကနေ ကွယ်ပျောက်သွားအောင် စနစ်တကျ လုပ်ဆောင်တဲ့ လှုပ်ရှားမှုမျိုး ရှိလာတယ်။

အင်္ဂလိပ်-မြန်မာ နောက်ဆုံးစစ်ပွဲမှာ အရေးနိမ့်ခဲ့တဲ့နောက် သီပေါဘုရင်ဟာ ကိုယ်ဝန်အရင့်အမာနဲ့ စုဖုရားလတ်အပါအဝင် မိဖုရားနှစ်ပါး၊ သမီးငယ်နှစ်ပါးနဲ့အတူ ချက်ချင်းလိုလို ပြည်နှင်ဒဏ်ခတ် ခံခဲ့ရတယ်။ အဲဒီတုန်းက သက်တော် (၂၆) နှစ်သာရှိသေးတဲ့ မင်းပျိုမင်းလွင်လေးအနေနဲ့ တိုင်းတစ်ပါးက ရတနာဂီရိမြို့မှာ ဗြိတိသျှ အင်ပါယာရဲ့ အကျဉ်းသားတစ်ယောက်အနေနဲ့ လက်ကျန်ဘဝတစ်လျှောက် ၃၁ နှစ်လုံးလုံး နေထိုင်ဖြတ်သန်းသွားရလိမ့် မယ်လို့ ကြိုတွေးမိခဲ့မှာ မဟုတ်ပါဘူး။

ဗြိတိသျှတွေက သီပေါမင်းကို နယ်နှင်ထားမယ့် ရတနာဂီရိကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေရာဟာ အင်မတန်တောခေါင်တယ်။ သီပေါမင်း ထီးနန်းစိုးစံခဲ့တဲ့ မန္တလေး နေပြည်တော်ကနေ မိုင်ပေါင်း ၃၀၀၀ လောက်ကွာလှမ်းပြီး အဲဒီခေတ်တုန်းက ပင်လယ်ရေကြောင်း ခရီးလမ်းတစ်မျိုးတည်းနဲ့သာ သွားလာနိုင်တယ်။ ပြီးတော့ ဗြိတိသျှတွေနဲ့ စင်ပြိုင်နယ်ချဲ့နေတဲ့ တခြားဥရောပအင်အားကြီး နိုင်ငံတွေနဲ့လည်း အလှမ်းကွာ လွန်းတယ်။ ကိုလိုနီနယ်မြေအဖြစ် သိမ်းသွင်းလိုက်တဲ့ နိုင်ငံတစ်ခုရဲ့ ဘုရင်တစ်ပါးကို သတင်းဖျောက်ဖျက်လိုက်ဖို့ အကောင်းဆုံး နေရာမျိုးပါပဲ။

အဲဒီအချိန်က ဗြိတိသျှအစိုးရလုပ်ခဲ့တဲ့ ကိစ္စဟာ အခုအချိန်ထိ အောင်မြင်မှု ကြီးကြီးမားမား သက်ရောက်နေတုန်းပဲ။ မြန်မာနိုင်ငံမှာ သမိုင်းဘာသာရပ်သင်ယူတဲ့ ကျောင်းသားလေးတွေဟာ သီပေါဘုရင်အကြောင်းကို စာတစ် ကြောင်းစာလောက်ပဲ ဖတ်ရှုမှတ်သားကြရတော့တယ်။ သီပေါမင်းနတ်ရွာစံပြီးချိန်မှာ တော်ဝင်မိသားစုတွေ မြန်မာနိုင်ငံကို ပြန်ရောက်လာကြောင်း သိတဲ့သူ နည်းနည်းလေးပဲ ရှိတယ်။ တော်ဝင်မိသားစုရဲ့ လက်ကျန်အနွယ်တော်တွေဟာ တစ်ချိန်က သူတို့ အုပ်စိုးမင်းပြုခဲ့တဲ့ အရပ်သားတွေနဲ့တန်းတူပဲ ရောနှောနေထိုင်နေကြတယ်။

နောက်ပိုင်းခေတ်တွေမှာလည်း တော်ဝင်မိသားစု အနွယ်တော်တွေဟာ လွတ်လပ်ရေးရလာပြီးတဲ့ ခေတ်ကာလမှာတောင် သံသယနဲ့ စောင့်ကြည့်ခံရတဲ့ အခြေအနေတချို့ ရှိခဲ့တယ်။ တစ်ချိန်က အာဏာရှင်ဆန်ဆန် အုပ်စိုးတာခံရတဲ့ ခေတ်တွေမှာ အနွယ်တော်တွေကို အန္တရာယ်မီးစတစ်ခုလို သဘောထား စောင့်ကြည့်တာမျိုးတွေ ဖြစ်ခဲ့တယ်။ တော်ဝင်သွေး ဖြစ်နေတဲ့အတွက်ကို ထောင်တန်းကျခံရဖို့ ခြိမ်းခြောက်မှုတွေ၊ လုပ်ကြံခံရနိုင်တဲ့ ဘေးအန္တရာယ်တွေပါ ကြုံတွေ့ခဲ့တယ်။

အခုတော့ သီပေါမင်း ကံတော်ကုန်ခဲ့တာ နှစ်ပေါင်း ၁၀၀ တိတိ ပြည့်မြောက်တဲ့ ကာလမျိုး ဖြစ်လာခဲ့ပါပြီ။ အမှောင်ရိပ်မှာ ကိုယ်ရောင်ဖျောက်နေခဲ့တဲ့ ဆွေတော်မျိုးတော်တွေလည်း လူမြင်ကွင်းရှေ့ကို ပြန်လည်ထွက်ပေါ် လာပြီ ဖြစ်ပါတယ်။ တိုက်တာတချို့ကြားမှာ နံရံတံတိုင်းခတ်ထားပေမယ့် ကျူးကျော်ဝင်ရောက် သူတချို့ရှိနေတဲ့ ခြံဝင်းထဲက အဆောက်အအုံတစ်ခုဟာ သီပေါမင်းရဲ့နောက်ဆုံး အနားယူလဲ လျောင်းရာ နေရာဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာတော့ သီပေါမင်းရဲ့ အနွယ်တော်တွေအနေနဲ့ အိန္ဒိယကို လွတ်လွတ်လပ်လပ်သွားလာပြီး ဘိုးတော်ဘေးတော်ဘုရင်ကို အမှတ်ရအောက်မေ့ခွင့် ရှိနေပါပြီ။ မြန်မာ့တော်ဝင်မိသားစုဟာ ရာစုနှစ်တစ်ခုစာလောက် တိမ်မြုပ် ပျောက်ကွယ်နေခဲ့ရတဲ့ အခြေအနေကို အဆုံးသတ်ခဲ့ပါပြီ။ ဒါဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပိုဖွံ့ဖြိုးလာပြီး ကမ္ဘာကြီးနဲ့ ထိတွေ့မှု တွင်ကျယ်လာခြင်းရဲ့ လူသိနည်းတဲ့ အကျိုးဆက်တစ်ခုလို့ ဆိုနိုင်ပါတယ်။

သီပေါမင်း ကံတော်ကုန်မှု နှစ်(၁၀၀)ပြည့်မြောက်မယ့် အထူးနှစ်ပတ်လည်ကာလ မတိုင်ခင်မှာတော့ ဘုရင့်သင်္ချိုင်းနေရာကို မြန်မြန်ဆန်ဆန် မွမ်းမံဆေးကြောသန့်စင်မှုတွေ လုပ်ဆောင်ခဲ့သလို ဒေသဆိုင်ရာ အာဏာပိုင်တွေက ဆေးဖြူ ပြန်သုတ်ထားပါတယ်။ လိမ္မော်ရောင်၊ အဖြူရောင်ပန်းတွေကိုလည်း ခင်းကျင်းအလှဆင်ထားတယ်။

သီပေါမင်းရဲ့ မြစ်တော်စပ်သူ ဦးစိုးဝင်းဟာ လက်ရှိ တော်ဝင်မိသားစုတွေကို ဦးဆောင်လာတာပါ။ သူက ကျွန်တော့်လက်နှစ်ဖက်စလုံးကို ဆုပ်ကိုင်ရင်း စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပြောတယ်။

‘‘ကျုပ်တို့ မျှော်လင့်နေတဲ့နေ့ နောက်ဆုံးတော့ ရောက်လာပြီပေါ့’’ တဲ့။ နက်မှောင်တဲ့ နှုတ်ခမ်းမွေးတွေအောက်မှာ နွေးထွေးတဲ့ သူ့အပြုံးကို မြင်နိုင်တယ်။

သမိုင်းကြောင်းတွေသာ အပြောင်းအလဲ မဖြစ်ခဲ့ဘူးဆိုရင် ကျွန်တော့်ရှေ့တည့်တည့် လာရပ်နေတဲ့ ပုဂ္ဂိုလ်ဟာ မြန်မာနိုင်ငံရဲ့ ဘုရင်ဖြစ်လာနိုင်ပါတယ်။ သူ့ဖခင်ဟာ ၁၉၄၀ ပြည့်လွန်နှစ်တွေမှာ နန်းပြန်တက်ဖို့ နီးနီးစပ်စပ် မျှော်လင့်နိုင်ခြေ ရှိခဲ့သေးတယ်။ ဒါပေမဲ့ သံသယဖြစ်စရာ အခြေအနေတွေ နဲ့ လုပ်ကြံခံလိုက်ရတဲ့နောက် ၁၉၄၈ လွတ်လပ်ရေးရလာတဲ့နောက် တော်ဝင်မိသားစုကို နေရာပြန်ပေးနိုင်ဖို့ဆိုတဲ့ မျှော်လင့်ချက်တွေ လုံးဝဆုံးခန်းတိုင်သွားတယ်။

သိပ်မကြာခင် ကာလတွေအထိ အဲဒီနန်းမွေခံဖြစ်ထိုက်သူ ပုဂ္ဂိုလ်ဟာ သူ့အတိတ်ကို ဖော်ထုတ်ဆွေးနွေးဖို့  တွန့်ဆုတ်နေခဲ့ပြီး လူမြင်ကွင်းနောက်ကွယ်မှာပဲ အတတ်နိုင်ဆုံး သိုသိုသိပ်သိပ် နေထိုင်ခဲ့ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ရာထူးလက်ကိုင်တစ်ခုနဲ့ အလုပ်လုပ်နေပြီး အ သက် (၁၉) နှစ်အောက် မြန်မာ့ဘောလုံးအသင်းမှာ နည်းပြတာဝန်ယူရင်း စိတ်နှစ်ထားခဲ့တယ်။

သီပေါဘုရင်မြစ်တော်ဦးစိုးဝင်း(အလယ်)နှင့်  ၎င်း၏တူ၊ သားဖြစ်သူတို့ကို တွေ့ရစဉ်

အခုတော့ ဦးစိုးဝင်းဟာ မိသားစုဝင်တွေကို ဦးဆောင်ပြီး သမိုင်းကြောင်းကို တစ်ကျော့ပြန်အသက်သွင်းခဲ့ပါပြီ။ သူ့ဘေးမှာတော့ နီးစပ်တဲ့ ဆွေမျိုးသားချင်းတွေ ခြံရံလိုက်ပါလာတယ်။ အဲဒီထဲမှာ ပုံနှိပ်လုပ်ငန်းလုပ်ကိုင်သူ၊ လက်ဖက်စိုက်သူ၊ ရေခဲမုန့် လုပ်တဲ့သူကအစ သုဘရာဇာအထိ ပါဝင်တယ်။ ဒီလိုနေ့မျိုးမှာတော့ သူတို့ရဲ့ လက်ရှိ အလုပ်အကိုင် အကြောင်းအရာတွေ အားလုံးကို မေ့ထားကြပါတယ်။ သူတို့ဟာ တော်ဝင်သွေးတွေ ပြန်ဖြစ်သွားကြ ပါပြီ။

 သူတို့မိသားစုတွေ သီပေါမင်းရဲ့ သင်္ချိုင်းဂူနား နီးကပ်လာချိန်မှာ အဖြူရောင်ဝတ်ထားသူတွေ လေးဆလောက် တိုးလာတယ်။ အိန္ဒိယ နွယ်ဖွားတွေလည်း ပါလာတယ်။ အမျိုးသမီးတချို့က အိန္ဒိယ ရိုးရာ ဆာရီတွေကို လွှမ်းခြုံပြီး တလက်လက် တောက်ပနေတဲ့ လက်ဝတ်လက်စားတွေ ဆင်မြန်း လာခဲ့တယ်။ အမျိုးသားတွေက အဖြူရောင် ရှပ်အင်္ကျီနဲ့ စမတ် ကျနေပြီး ရွှေထည်အကြီးစားတွေ ဝတ်လာကြတယ်။

သူတို့ကတော့ ဦးစိုးဝင်းရဲ့ ဝမ်းကွဲ ညီအစ်ကို မောင်နှမတွေ တော်စပ်ပါလိမ့်မယ်။ မျိုးဆက် ဆင်းသက်မှုအရ သူတို့ကိုလည်း တော်ဝင်အနွယ်တော်တွေ စာရင်း မှာ ထည့်သွင်းရလိမ့်မယ်။ အဲဒီ အိန္ဒိယသားတွေက သီပေါမင်းရဲ့ သမီးတော် အကြီးဆုံးဆီက ဆင်း သက်လာကြတာပါ။ သမီးတော် ကြီးဟာ ခြံစောင့်အိန္ဒိယနိုင်ငံသား တစ်ယောက်နဲ့ တိတ်တဆိတ် ချစ် ကျွမ်းဝင်ခဲ့တဲ့နောက် ခမည်းတော် က မိသားစုထဲကနေ မျက်ကွယ်ပြု ဖို့ ဆုံးဖြတ်တာခံခဲ့ရပြီး တုတုဆိုတဲ့ သမီးတစ်ယောက်ကို ဖွားမြင်ခဲ့တယ်။

ပထမဆုံး မင်းသမီးကြီးက တော့ ရတနာဂီရိမှာပဲ ကံတော် ကုန်ခဲ့ပါတယ်။ ရတနာဂီရိရဲ့ မျိုး ရိုး သတ်မှတ်ချက် အစဉ်အလာ တွေအရ တုတုဟာ မြန်မာအ ဆက်အနွှယ် ဖြစ်နေခဲ့တာကြောင့် အိမ်ထောင်ပြုဖို့ မဖြစ်နိုင်သ လောက် အခက်ကြုံခဲ့ရတယ်။ ဒါကြောင့် သူကွယ်လွန်ချိန်အထိ အတိတ်ကို အတတ်နိုင်ဆုံး ပြည် ဖုံးကားချထားဖို့ ကြိုးစားခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ သီပေါမင်း ကံတော်ကုန်မှု နှစ်ရာပြည့် အထိမ်း အမှတ်အတွက် လာရောက်စုရုံးကြသူ အိန္ဒိယနိုင်ငံသား အများစု ဟာ သူတို့ကိုယ်သူတို့ မြန်မာဘုရင် ရဲ့ တော်ဝင်သွေး အနွယ်တော် တွေမှန်း သိမထားခဲ့ကြပါဘူး။

အခုတော့ အားလုံး အတူတူ စုစည်းပြီး သမိုင်းတစ်ခုကို ပြန် လည် ဖော်ဆောင်ကြပါတယ်။ သူ တို့အားလုံး မျိုးရိုးစဉ်ဆက် အစပြု ခဲ့ရာ ဘိုးတော်ဘေးတော် ဘုရင် ကြီးရဲ့ ဂူသင်္ချိုင်းကို အတူတကွ အရိုအသေ ပေးကြတယ်။

ဦးစိုးဝင်းရဲ့ အငယ်ဆုံးသမီး စန္ဒီကတော့ မျက်ရည်မကျအောင် ထိန်းနေဟန် ရှိပါတယ်။ လူအုပ် ထဲမှာ သူနဲ့ကျွန်တော် မျက်လုံး ချင်း ဆုံမိတယ်။ သူက နည်းနည်း တော့ ရှက်သွားဟန်တူတယ်။ ကင် မရာတွေရဲ့ မြင်ကွင်းကို ရှောင်ရှား ဖို့ ဂူသင်္ချိုင်းနေရာ အနောက်ဘက် ကို ထွက်သွားတယ်။

‘‘စိတ်ထဲမှာ အဲဒီလောက် ရိုက်ခတ်မှု ဖြစ်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဘေးတော် ဘုရင်မင်းမြတ်ကို ကိုယ့်မိခင် နိုင်ငံကနေ အရမ်း ဝေးလံတဲ့ ဒေသမှာ လာမြှုပ်နှံ ထားတာကို လက်တွေ့သိမြင်ရတာရယ်၊ အိန္ဒိယဘက်က ဆွေမျိုး သားချင်းတွေကို ပထမဆုံး မြင်ရ တာရယ်က ရုတ်တရက် လက်ခံနိုင်ဖို့ အတော့်ကို ခက်ခဲလွန်းတယ်။ သူတို့လည်း ကြမ်းတမ်းတဲ့ဘဝကို ဖြတ်သန်းနေရရှာတာပဲ’’ လို့ စန္ဒီက ဆိုတယ်။

မိသားစုဝင်တွေ အကုန်လုံး စိတ်လှုပ်ရှားနေကြဟန်ရှိတယ်။ မျက်ရည်တွေ ကျနေကြတယ်။ အချင်းချင်း ပွေ့ဖက် နှုတ်ဆက်ရင်း ဓာတ်ပုံတွေ အတူရိုက်ကြတယ်။ နောက်ဆုံးမှာတော့ အနွယ်တော် တွေဟာ ပင်မအခမ်းအနားကျင်းပတဲ့ နေရာကို ထွက်ခွာသွားပါ တယ်။

အခမ်းအနားကို သီတဂူ ဆရာတော်ဘုရားကြီးဦးဆောင်ပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့လည်း တက်ရောက်လာကြတယ်။ မြန်မာနိုင်ငံရဲ့ ဩဇာအကြီးမားဆုံး ပုဂ္ဂိုလ်တချို့ဟာ တစ်နယ်ခြားမှာ ကျင်းပတဲ့ အခမ်းအနား တစ်ရပ်ကို လာရောက် ဦးဆောင်နေတာ မြင်ရတဲ့ အခြေအနေကတော့ ထူးဆန်းနေတာ အမှန်ပါပဲ။

နောက်ထပ် မေးခွန်းတစ်ခုက အင်္ဂလိပ်ခေတ်က ပြည်နှင်ဒဏ် ပေးခံခဲ့ရတဲ့ မြန်မာမင်းဆက်ရဲ့ နောက်ဆုံးဘုရင် ရုပ်ကြွင်းကို မြန်မာနိုင်ငံပြန်သယ်မလား၊ ဒါမှမဟုတ် လက်ရှိနေရာမှာပဲ ဆက် ထားမလား ဆိုတာပါ။ ဒီအ ကြောင်းကို ဦးစိုးဝင်းက အလေးအ နက် စဉ်းစားနေပါတယ်။

‘‘ဒီနေရာဟာ သူနဲ့ မအပ်စပ်ပါဘူး။ အိန္ဒိယမှာ ရှိနေတုန်းက ဘိုးတော်ဟာ မြန်မာနိုင်ငံကို ပြန် ခွင့်ရဖို့ နေ့တိုင်းလိုလို ဆုတောင်းနေခဲ့ပါတယ်။ သူ့ရဲ့ ဆွေစဉ်မျိုး ဆက်အနေနဲ့ ဒီဆန္ဒကို အကောင်အထည် ဖော်ပေးဖို့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ဒါဟာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သီးသန့်လုပ်ပိုင်ခွင့်မျိုး ရရှိအောင် ကျွန်တော်တို့ ကြိုးစားရပါမယ်။ အရေးကြီးတာက ကျွန်တော်ဟာ ဒီကိစ္စကို တော်ဝင်မိသားစု အဆက်အနွှယ် တစ်ဦးအနေနဲ့ရော မြန်မာနိုင်ငံသားတစ်ယောက်အ နေနဲ့ပါ တာဝန်ယူရမယ်ဆိုတာပါပဲ’’ လို့ ဦးစိုးဝင်းက ဆိုတယ်။ မြန်မာ နဲ့ အိန္ဒိယဘက်က ဩဇာကြီးမားတဲ့ ပုဂ္ဂိုလ် အတော်များများကတော့ ဒီကိစ္စကို ထောက်ခံလိုတဲ့ အရိပ်အ ယောင် ပြသခဲ့ပါတယ်။

ဒါပေမဲ့ ဦးစိုးဝင်းရဲ့ အိန္ဒိယဘက်က ဝမ်းကွဲညီအစ်ကိုတော်စပ်သူ ချန်ဒူကတော့ ကွဲပြားတဲ့အမြင်တစ်မျိုး ရှိနေတယ်။ သူဟာ ကျန်းမာရေး မယိုယွင်းလာခင်အထိ သီပေါမင်းရဲ့ သင်္ချိုင်းဂူ နေရာကို ပုံမှန်လိုလို သွားရောက်ခဲ့သူ တစ်ယောက်ပါ။

‘‘ဘုရင့် ကြွင်းကျန် ရုပ်ကလပ်ကို မြန်မာနိုင်ငံဆီ ပြန်သယ်သွား မယ်ဆိုရင် ကျွန်တော်တို့နဲ့ သွေး ရောဆက်နွှယ်မှုဟာ လုံးဝအစ ပျောက်သွားလိမ့်မယ်။ ကျွန်တော်တို့အတွက် ဘာမှကျန်တော့မှာ မဟုတ်ဘူး’’ လို့ သူက ဖွင့်ဟခဲ့ပါ တယ်။

မြန်မာဘက်က ဦးစိုးဝင်းရဲ့ ဝမ်းကွဲမောင်နှမတော်စပ်သူ ဒေါ်ဒေဝီသန့်စင်ကလည်း သင်္ချိုင်းဂူ ကို ရွှေ့ဖို့အတွက် သင့်တင့်တဲ့ ကာလဒေသကို ရွေးချယ်သင့်ကြောင်း မှတ်ချက်ပေးခဲ့တယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးကဏ္ဍမှာ ဦးဆောင်ဦးရွက်ပြုနေသူ တစ်ဦးဖြစ်တဲ့ ဒေါ်ဒေဝီသန့်စင်က ‘‘အခုက အချိန်အခါ အကောင်းဆုံး မဟုတ်သေးဘူး။ ကျွန်မတို့ နိုင်ငံမှာ ပြဿနာတွေ အများကြီး ရှိနေဆဲပဲ။ နိုင်ငံကို သာယာဝပြောအောင်၊ တည်ငြိမ် မှုရှိအောင်၊ ငြိမ်းချမ်းအောင် ကျွန်မ တို့ ဦးစားပေး အာရုံစိုက်ရမယ်။ အဲဒါတွေ ဖြစ်လာမှ ဘုရင်ကြီးကို အိမ်ပြန်ခေါ်သင့်တယ်’’ လို့ ပြော ကြားခဲ့ပါတယ်။

ဖြစ်သင့်ဖြစ်ထိုက်တဲ့ မေးခွန်း တစ်ခုက အင်မတန် အားကောင်း ခိုင်မာခဲ့တဲ့ မြန်မာ့ဗုဒ္ဓဘာသာ တော်ဝင်နန်းဆက် သင်္ကေတတစ်ခုကို နေရပ်ဆီ ပြန်လည်ဆောင်ယူလာချိန်မှာ ဘယ်လိုအ ကျိုးဆက်တွေ ရှိနိုင်မလဲဆိုတာ ပါ။ မြန်မာနိုင်ငံဟာ လတ်တလောမှာ တိုင်းရင်းသားတွေ၊ ဘာသာရေး ခံယူချက်တွေ မျိုးစုံကို ညှိနှိုင်းကိုင်တွယ်ဖို့ ရုန်းကန်နေရဆဲ ဖြစ် ပါတယ်။ တကယ်လို့ ဘုရင်ကြီးရဲ့ ပြည်တော်ပြန်ခရီး ဖြစ်မြောက်ခဲ့ရင် စည်းလုံးသွားကြမှာလား၊ ပိုပြီး အမြင်ကွဲလွဲလာမှာလား။

တစ်ချိန်က မြန်မာ့ တပ်မတော်ဘက်က တော်ဝင်မိသားစုတွေနဲ့ ပတ်သက်ပြီး သံသယ သဘောထားမျိုးကာလရှည်ကြာ ရှိနေခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုအခမ်းအနားမှာတော့ တပ်မတော်ရဲ့ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်ကြီး ကိုယ်တိုင် ရှိနေပါပြီ။ ဒါဟာ ပုဂ္ဂိုလ်ရေးသက်သက် လာရောက် ဂါရဝပြုရုံပဲလား ဆိုတာကလည်း နောက်ထပ် မေးခွန်းတစ်ခု ဖြစ်ပါ တယ်။

 လောလောဆယ်မှာတော့ စုပ်စမြုပ်စ ပျောက်ကွယ်နေတဲ့ မြန်မာ့တော်ဝင်မိသားစုတွေ ဝမ်း နည်းဝမ်းသာနဲ့ ပြန်စုရုံးပြီး လူလုံးထွက်ပေါ်လာပါပြီ။ မြန်မာနိုင်ငံရဲ့ နောက်ဆုံး ဘုရင်ဟာ ဇာတိမြေ ကနေ ဝေးကွာလွန်းတဲ့ဒေသမှာ လဲလျောင်း အိပ်စက်ရင်း နှစ် ပေါင်းများစွာ ကြာမြင့်ခဲ့ပေမယ့် အခုတော့ သူနဲ့ သူ့အဆက်အနွှယ် မိသားစုတွေ ခိုင်ခိုင်မာမာ ပြန်လည်ဆုံတွေ့ခွင့် ရခဲ့ပြီဖြစ်ပါတယ်။

(Whicker’s World Foundation၏ အထောက်အပံ့ဖြင့် Burma’s Lost Royals ဇာတ်ကားကို ရိုက်ကူးထားသည့် အဲလက်စ်ဘက်စ်ကိုဘီ၏  bbc.comတွင် ရေးသားသော ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ အဆိုပါ ရုပ်ရှင်ကို ၂၀၁၇၊ ဇွန်လတွင် ရုံတင်ရန် စီစဉ်ထားသည်)

Sources; 7 Day

No comments:

Post a Comment