Latest News

Thursday, December 22, 2016

"မန်းစည်ပင်မှ တည်ဆောက်ထားသည့် အငှားအိမ်ရာတွင် ငှားရမ်းနေထိုင်ခွင့်ရသူများအနေဖြင့် ပြန်လည်လွှဲပြောင်း ရောင်းချထားသူများကို တိုက်ခန်းများ ပြန်လည်သိမ်းမည်"

"မန်းစည်ပင်မှ တည်ဆောက်ထားသည့် အငှားအိမ်ရာတွင် ငှားရမ်းနေထိုင်ခွင့်ရသူများအနေဖြင့် ပြန်လည်လွှဲပြောင်း ရောင်းချထားသူများကို တိုက်ခန်းများ ပြန်လည်သိမ်းမည်"


မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက အောင်မြေသာစံမြို့နယ်တွင် တည်ဆောက်ပေးထားသည့် အငှားအိမ်ရာများ၌ ငှားရမ်းခွင့်ရသူ မူလနေထိုင်သူများထဲမှ လက်လွှဲရောင်းချ၊ ပြန်လည်ငှားရမ်းထားသူများကို ၂၀၁၇ခုနှစ်၊ မတ်လအတွင်းတွင် အခန်းများကို ပြန်လည်သိမ်းဆည်းသွားမည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက မဇ္ဈိမကို ပြောသည်။

"မူလငှားရမ်းခွင့်ရထားသူပဲ နေခွင့်ရှိပါတယ်။ စာချုပ်ထဲမှာလည်း ပါတယ်။ ဒါကို တစ်ချို့က တစ်နည်းနည်းနဲ့ တခြားလူကို လွှဲပေးတာတွေရှိနေတယ်။ ဒါတွေကို စီစစ်ပြီး အခန်းကို ပြန်သိမ်းပါမယ်။ စစ်ဆေးတွေ့ရှိတဲ့သူတွေကို အကြောင်းကြားထားတယ်။ မူလ ငှားရမ်းခွင့်ရသူ ပြန်နေထိုင်မယ်ဆို မသိမ်းပါဘူး။ ရက်သတ်မှတ်ပေးသွားပါမယ် "ဟု ဦးသက်နိုင်ထွန်းကပြောသည်။

ထိုသို့ လက်လွှဲပြောင်းပြီး နေထိုင်သူများရှိ၊မရှိကို စက်တင်ဘာလမှစတင်၍ စုံစမ်းစီစစ်မှုများ စတင်လုပ်ဆောင်ခဲ့ပြီး ၎င်းအဖွဲ့တွင် စည်ပင်သာယာရေးကော်မတီ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းထားကြောင်းသိရသည်။

"စာချုပ်တွေနဲ့ တိုက်စစ်မှာပါ။ စာချုပ်ထဲက လူမဟုတ်ဘဲနဲ့ တစ်ခြားလူနေတယ်ဆိုရင်တော့ အခန်းကို သိမ်းသွားပါမယ် "ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပါဝင်သူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးကပြောသည်။

စုံစမ်းစီစစ်မှုများပြုလုပ်ရာတွင် လက်လွှဲပြုလုပ်ထားသော အခန်းပေါင်း ၇၀ တွေ့ရှိထားပြီး ဆက်လက်၍ စီစစ်မှုများပြုနေကြောင်းသိရသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ကမ်းနားလမ်းတစ်လျှောက်တွင် ကျူးကျော်နေထိုင်သူများ နေထိုင်ရန်အတွက် အငှားအိမ်ရာများတည်ဆောက်၍ အခန်းပေါင်း ၁၅၈၄ခန်းကို တစ်ခန်း ၁၅၀၀၀ကျပ်ဖြင့် ၂၀၁၆ခုနှစ်၊ ဧပြီလက အငှားချထားပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် အခန်းပေါင်း ၇၀ လက်လွှဲပြုလုပ်ထားသည်ကို တွေ့ရသည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးသက်နိုင်ထွန်းကဆိုသည်။

ငှားရမ်းနေထိုင်ခွင့်ရရှိသူအချို့သည် နေထိုင်ခြင်းမရှိဘဲ တစ်ခြားသူများကို ပြန်လည်ရောင်းချ၍ ကမ်းနားလမ်းမှာပင် ပြန်လည်ကျူးကျော်ကာ နေထိုင်နေကြသည်ဟု အဆိုပါအိမ်ရာတွင်နေထိုင်သူ ဦးလူမော်ကဆိုသည်။


Sources : Mizzima

No comments:

Post a Comment