Latest News

Wednesday, December 28, 2016

ဩစတြေးလျတွင် ရပ်ကွက်ထဲဝင်ပြီး ကားပေါ်တက်ဆော့နေသည့် ဖျံကြီးကို နေရပ်ပြန်ပို့

ဩစတြေးလျတွင် ရပ်ကွက်ထဲဝင်ပြီး ကားပေါ်တက်ဆော့နေသည့် ဖျံကြီးကို နေရပ်ပြန်ပို့



ဩစတြေးလျ နိုင်ငံတွင် လူနေရပ်ကွက်ထဲ ဝင်လာပြီး ကားပေါ်တက်ဆော့နေသည့် ဖျံတစ်ကောင်ကို ၎င်းကျင်လည်ရာ သဘာဝ ပတ်ဝန်းကျင်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ရသည်။

အမွေးထူ ဖျံတစ်ကောင်သည် ယခုသီတင်းပတ် အစောပိုင်းက တက်စ်မေးနီးယားရှိ လော်ဆန်စတန်မြို့ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုမှ ကားတစ်စီး၏ စက်ဖုံးပေါ် ရောက်နေသည့် ဓာတ်ပုံ လူမှုကွန်ရက် မီဒီယာများပေါ် ပျံ့နှံ့လာပြီးနောက် ကမ္ဘာသိ စိတ်ဝင်စားစရာ သတင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။

အဆိုပါ ဖျံမှာ ၄၄၁ ပေါင်မျှ အလေးချိန်ရှိသည့် ထွားကျိုင်းသန်မာသော အထီးတစ်ကောင် ဖြစ်သည်။ ကမ်းစပ်ဘက်တွင် ကျက်စားလေ့ရှိသည့် ယင်းဖျံများ လူနေလမ်းမပေါ် ရောက်လာသည်မှာ ထိုအရပ်တွင် ပထမဆုံးအကြိမ် ဖြစ်သည်။

ထို့နောက် တာဝန်ရှိသူများက ထိုဖျံကို မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ပြီး ယင်းနှင့် မျိုးနွယ်တူများ ကျင်လည်ကျက်စားရာ မြစ်ဝ နေရာတစ်ခုသို့ သယ်ဆောင်သွားပြီး ပြန်လွှတ်ပေးခဲ့သည်။ သားရိုင်းတိရစ္ဆာန်ဆိုင်ရာ ဇီဝဗေဒ ပညာရှင် ရေချယ်လ် အယ်လ်ဒါမန်းက “အခုတော့ အားလုံး ရှင်းရှင်းလင်းလင်း ဖြစ်သွားပါပြီရှင်။ ကားပိုင်ရှင်ကလွဲရင် အကုန်လုံးအတွက် အဆင်ပြေသွားပါတယ်”ဟု ရယ်ရယ်မောမော ဆိုသည်။ ဖျံကြီး တက်ဖိလိုက်သဖြင့် ကားရှေ့ဘက် စက်ဖုံးနှင့် အမိုးတို့တွင် အတန်ငယ် ချိုင့်ဝင် ပျက်စီးသွားခဲ့ပြီး ကားရှေ့လေကာမှန်လည်း အက်သွားသည်။

ယခုကာလသည် အမွေးထူ ဖျံများ သားပေါက်သည့် ရာသီဖြစ်၍ တက်စ်မေးနီးယား ကမ်းစပ်တွင် လာရောက် ကျက်စားလေ့ရှိကြောင်းလည်း အယ်လ်ဒါမန်းက ပြောကြားခဲ့သည်။ ယခုဖျံကြီးကို ဒေသခံ ရဲတပ်ဖွဲ့က မစ္စတာ လူဆီးလ်ဟု ချစ်စနိုး အမည်ပေးခဲ့ပြီး ၎င်းသည် အနီးတဝိုက်ရှိ ရေဆင်း ရင်းမြစ်များကို အသုံးပြုကာ ကမ်းစပ်မှ ကုန်းတွင်းပိုင်း ကီလိုမီတာ ၅၀ မျှထိကို ခရီးလွန်လာခြင်းဟု သိရှိရသည်။

Ref: BBC



Sources; 7Day News Journal


No comments:

Post a Comment