Latest News

Wednesday, December 28, 2016

ရှုံးသူကရှုံး၊ မြတ်သူမြတ်နှင့် ဂနာမငြိမ်သည့် ကားမူ

ရှုံးသူကရှုံး၊ မြတ်သူမြတ်နှင့် ဂနာမငြိမ်သည့် ကားမူ

ဆော့ပင်ဖြင့် ရေးသားထားသည့် ၄ လက်မအရွယ် ကြော်ငြာဘုတ်တစ်ခုက ကားလောကအတွင်း အတော်ပင်ရိုက်ခတ်ခဲ့သည်။

ရန်ကုန်မြို့ စီးပွားကူးသန်းဝန် ကြီးဌာနရှေ့တွင်တန်းစီနေသည့် လူတန်းရှည်ကြီးကိုလည်း ယင်းဆိုင်းဘုတ်က အဆုံးအဖြတ်ပေးသလိုဖြစ်ခဲ့သည်။

‘‘မော်တော်ယာဉ်ပါမစ်ထုတ် ပေးခြင်းကို ရန်ကုန်ရုံးတွင် လက်ခံ ဆောင်ရွက်ပေးတော့မည်မဟုတ်’’ ဟူ၍ ဖြစ်သည်။

နိုဝင်ဘာ ၃၀ ရက်ကစပြီး မော်တော်ယာဉ်တင်သွင်းခွင့်နှင့် ပတ်သက်၍ အစိုးရက မူအမျိုးမျိုး ကို ဆင့်ကာဆင့်ကာ ပြောင်းလဲ ကြေညာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးမှာတော့ မူဝါဒအ ဟောင်းဖြင့် တစ်ဦးချင်း မော်တော်ယာဉ်တင်သွင်းခွင့် ဖရီးပါမစ်ထုတ်ပေးခြင်းကို ဒီဇင်ဘာ ၂၃ ရက်အထိ ထုတ်ပေးမည်ဟုဆိုပြီးမှ သတ်မှတ်ချိန်မရောက်မီ ပါမစ်ထုတ်ပေး ခြင်းကို ရပ်ဆိုင်းကြောင်း ကြေညာလိုက်ပါသည်။

ယင်းကဲ့သို့ မူအပြောင်းအလဲ ကြောင့် ပါမစ်ရောင်းစားရန် ကြို တင်လျှောက်ထားသူများသာ အကျိုးအမြတ်ထွက်ပေါ်ပြီး အမှန်တကယ်ကားတင်သွင်းမည့်သူများအတွက် ဆုံးရှုံးနစ်နာမှုမှာ ကြီးမားခဲ့ရသည်။

မမှန်မကန်လျှောက်ထားမှု များရှိနေသည်ဆိုကာ ရန်ကုန်တွင်ဒီဇင်ဘာ ၁၉ ရက်နှင့် နေပြည်တော်တွင် ၂၀ ရက်တို့၌ ရုတ်တရက် ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

နှစ်တစ်နှစ်ကုန်ဆုံးရန် ရက်ပိုင်းအလို အကူးအပြောင်းကာလတွင် မူဝါဒအဟောင်းဖြင့် အလုံးအရင်း တင်သွင်းရန် ရည်ရွယ်ထားသူများကို အစိုးရက အချိန်ကိုက်မတင်သွင်းနိုင်ရန် ကြပ်မတ်ခဲ့ခြင်းဖြစ်သည်ဟု မော်တော်ယာဉ်တင်သွင်းရောင်းချလိုသူများက သုံးသပ်သည်။

‘‘မှတ်ပုံတင်အတုတို့၊ သန်း ခေါင်စာရင်းအတုတို့ကိစ္စဆိုတာ အခုမှသိတာမဟုတ်ဘူး။ အစောကြီးကတည်းက အစိုးရကသိနေတာပဲ။ ရက်ပိုင်းအတွင်းမှာ အခုလိုလုပ်လိုက်တာတော့ မဖြစ်သင့် ဘူး’’ဟု မော်တော်ယာဉ်မူဝါဒများ နှင့်ပတ်သက်၍ ဆောင်းပါးများ ရေးသားနေသူ ကိုမြတ်မင်းချစ်က ပြောသည်။

ပြည်ပမှ ကားတင်သွင်းနိုင်ရန် ပါမစ်တစ်စောင်လျှင် ကျပ် သိန်း ၂၀ မှ သိန်း ၃၀ အတွင်း ဈေးပေးဝယ်ယူရမည်ဖြစ်ကာ ပြည်ပမှ တင်သွင်းလာပါကလည်း မိမိ၏အမည်ပေါက်မရနိုင်သဖြင့် ဝင်ငွေခွန်ဆောင်၊ အမည်ပေါက်ပြောင်း လဲရမည်ဖြစ်သောကြောင့် ကုန်ကျစရိတ်ပိုလာနိုင်ကြောင်း MMM ကားအရောင်းစင်တာပိုင်ရှင် ကိုမင်းမင်းက ရှင်းပြသည်။

ယခုကဲ့သို့ ပါမစ်ပိတ်လိုက် ခြင်းအပေါ် အစိုးရက အကြောင်း ပြချက်ပေးထားသည်။ မှတ်ပုံတင်အတု၊ သန်းခေါင်စာရင်းအတုများသုံးကာ မသမာသော နည်းလမ်းများဖြင့် လာရောက်လျှောက်ထားသူများကို ပါမစ်မထုတ်ပေးလို သောကြောင့်ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်းက ပြောသည်။

‘‘အဓိကကတော့ မမှန်မကန်တာတွေများနေတဲ့အတွက် ရပ်လိုက်ရခြင်းဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် အများဆုံး ၁၀ ရာခိုင် နှုန်းလောက်ကပဲ မှန်မှန်ကန်ကန်ပါလိမ့်မယ်လို့ ယူဆတယ်။ အဓိကကတော့ အဲဒီလိုလူမျိုးတွေရှိနေတဲ့အတွက် လုပ်ငန်းကြီးကို ရပ်လိုက်ရတာလည်း အဲဒီဟာသည် အဓိကပါ’’ဟု ဦးမင်းမင်းက ပြော ကြားသည်။

ပြည်တွင်းမော်တော်ယာဉ် အရောင်းအဝယ်ပြုလုပ်ရေး ဝက်ဘ်ဆိုက်အချို့မှ ပြုလုပ်ထားသည့် စစ်တမ်းများအရ တစ်နိုင်ငံလုံး၏ လူဦးရေတွင် ကားဝယ်စီးနိုင်သူအ ရေအတွက်မှာ ၄ ရာခိုင်နှုန်းပင် မပြည့်ဟု ဆိုထားသည်။

‘‘တစ်နိုင်တစ်ပိုင်သမားတွေ ဒုက္ခရောက်ကုန်တယ်။ ငွေရှိကြေးရှိပြီး လက်ထဲပါမစ်ကိုင်ထားတဲ့သူ တွေတော့ အကျိုးဖြစ်တာပေါ့။ အခုတကယ်လူတွေ ကားဝယ်စီး မယ့်သူတွေ ဒုက္ခရောက်ပြီ။ ကား တစ်စီးကို ၁၀ သိန်းလောက်ဈေး တက်သွားတယ်’’ဟု ကိုမင်းမင်း မောင်က ပြောသည်။

နိုင်ငံသားတိုင်း မှတ်ပုံတင်ရှိပါက ဘဏ်တွင် ငွေစာရင်းဖွင့်လှစ်ပြီး ကားတစ်စီးတင်သွင်းနိုင်သည်ဆိုသော ယခင်အစိုးရလက်ထက်က သတ်မှတ်ချက်ကို ပြန်လည်ပြင်ဆင်ရန် အစိုးရသစ်က စိတ်အားသန်နေကြောင်း မော် တော်ယာဉ်တင်သွင်းမှုနှင့် သက် ဆိုင်သော လုပ်ငန်းများကြီးကြပ်မှု ကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးအဆင့်ရှိသူတစ်ဦးက သူ၏အမြင်ကို ပြောသည်။

‘‘လူတိုင်းနီးပါး ကားဝယ်စီး နိုင်အောင် လုပ်ပေးရမယ့်အချိန်မှာ အစိုးရပေါ်လစီက ဘယ်ကိုသွားချင်လဲဆိုတာ အခုထက်အထိ ရေရေရာရာနားမလည်သေးဘူး’’ ဟု ဦးသိန်းစိန်အစိုးရလက်ထက် က အများပြည်သူသယ်ယူပို့ ဆောင်ရေး အာဏာပိုင်အဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသည့် အ ငြိမ်းစားအရာရှိ ဦးကြည်ဝင်းက သုံးသပ်သည်။

ရန်ကုန်တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုနေသည့် ကားများမှာ အလွန်နည်းပါးနေပြီး ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်းသာရှိကာ ပုဂ္ဂလိက ယာဉ်အသုံးပြုမှုမှာ ၇၀ ရာခိုင်နှုန်း အထိရှိနေသဖြင့် ထည့်သွင်းစဉ်း စားရမည့် အချက်ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တွေ့ဆုံမေးမြန်း ခန်းတစ်ခုတွင် ဖြေကြားထားသည်။

မြန်မာပြည်၏ မော်တော် ယာဉ်တင်သွင်းရေးကဏ္ဍတွင် အစိုးရသစ်က တစ်ဦးတစ်ယောက် ကားဝယ်ယူပိုင်ဆိုင်နိုင်ရေးထက် အများပြည်သူ သယ်ယူပို့ဆောင် ရေးကဏ္ဍကို ပီပြင်စေလိုသော ဆန္ဒရှိကြောင်း စီးပွားကူးသန်းဝန် ကြီးဌာန အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သူ ဒေါက်တာမောင်အောင် က သုံးသပ်သည်။

အစိုးရက မည်သည့်မူမျိုးထားလိုသည်ဖြစ်စေ ယခုကဲ့သို့ ပါမစ်များပိတ်ခြင်း၊ ဖွင့်ခြင်း မူဝါဒမငြိမ်သက်ခြင်းက နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများကိုပါ ယုံကြည်မှု လျော့ကျစေနိုင်သည်။ အထူးသဖြင့် ၂၀၁၇ တွင် မော်တော်ယာဉ်စက်ရုံများလာရောက် တည်ဆောက်ရန် ရည်ရွယ်ထားသူများ ကိုပါ စဉ်းစားစရာအချက်တစ်ခု ဖြစ်စေကြောင်း မော်တော်ယာဉ် တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်း ချသူများအသင်းဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောကြားသည်။

‘‘ပေါ်လစီတစ်ခုပြောင်းရင် အချိန်သုံးလလောက်ပေးပြီး ပြည် သူကို အသိပေးဖို့ တောင်းဆိုခဲ့ဖူးတယ်။ အရင်အစိုးရက Policy Maker တွေက လက်ခံခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ရုတ်ခြည်း ပြောင်းလဲမှုကြောင့် ဆုံးရှုံးနိုင်ခြေ များလို့ပါ။ အခုလည်း ကားပေါ်လစီနဲ့ပတ်သက်ရင် ၂ နှစ်၊ သုံးနှစ် လောက် ဒီအတိုင်းထိုင်ကြည့်နေတာကနေ ရုတ်ခြည်းအမျိုးမျိုး ပြောင်းလဲလိုက်တဲ့အတွက် ဆုံး ရှုံးမှုတွေရှိနိုင်ပါတယ်။ မှားနေလို့ဆိုပြီး ပြောနေကြပေမယ့် ဒီအမှား က အခုချက်ချင်းမှားတာလား၊ အ ရင်တုန်းကတည်းက မှားနေတာ လား စဉ်းစားကြဖို့ ကောင်းပါ တယ်’’ဟု ဒေါက်တာစိုးထွန်းက ဆက်လက်ပြောကြားသည်။

ဖရီးပါမစ်များ ချက်ချင်းရပ်လိုက်ခြင်းကြောင့် လာမည့်နှစ်တွင် တင်သွင်းခွင့် မရနိုင်တော့သည့် မော်ဒယ်အများစုမှာ ရက်ပိုင်းအတွင်းတစ်စီးလျှင် ကျပ် ၁၀ သိန်းမှာ သိန်း ၂၀ ကြား မြင့်တက်လာသည်။

၂၀၁၇ သည် မော်တော်ယာဉ်တင်သွင်းခွင့် ပေါ်လစီအသစ်ဖြင့် စတင်ရမည်ဖြစ်သော်လည်း ပြည်တွင်းမှ တစ်ပတ်ရစ်ယာဉ်တင်သွင်းသူများနှင့် ယာဉ်အသစ် (Brand New)တင်သွင်းသူများအကြား အားပြိုင်မှုပြင်းထန်လာခြင်းကို အဆုံးသတ်တော့မည့် အနေအထားဖြစ်သည်။

ကျင့်သုံးရမည့် မူဝါဒအသစ်အရ ယာဉ်အသစ်တင်သွင်းသူများ ပိုမိုပြီးအသာရသွားမည့်အခြေအ နေဖြစ်သည်။

‘‘အသစ်တွေသွင်းဖို့အတွက် ဒီနိုင်ငံက လိုနေပါပြီ။ ကြာလာရင် မြန်မာနိုင်ငံက ဂျပန်ရဲ့ အမှိုက်ပုံလိုတောင် ဖြစ်လာပြီ’’ဟု ရောင်နီဦး ကားအရောင်းစင်တာမှ ဦးအောင်ဝင်းက ပြောသည်။

မြန်မာနိုင်ငံ၏ လမ်းစနစ်အပါအဝင် ယာဉ်အန္တရာယ်ကင်းရှင်း ရေးအတွက် မော်တော်ယာဉ်အသစ်များ ဦးစားပေးတင်သွင်းသင့်သည်မှာ မှန်ကန်သော်လည်း လက်ရှိပြည်သူများ၏ ဝင်ငွေအချိုးအစားနှင့် ဝယ်ယူနိုင်စွမ်းရှိရန် ဦးစွာ လုပ်ဆောင်သင့်ကြောင်း Farmer Auto ကားအရောင်းစင်တာပိုင်ရှင် ဒေါက်တာစိုးထွန်းက ပြောသည်။

မူဝါဒအကူးအပြောင်းကာလ တွင် ဆုံးရှုံးနစ်နာမှုကြီးမားသည်မှာ မှန်ကန်သော်လည်း ဂျပန်ကားများအနေဖြင့် ၂၀၁၇ မူဝါဒအသစ် ကြောင့် လုံးဝသွင်း၍ မရတော့ဟု ပြောဆိုနေခြင်းမှာ မမှန်ကန် ကြောင်း BMW ကားအရောင်းပြ ခန်း မန်နေဂျင်းဒါရိုက်တာ ဦးချမ်း မြက ပြောသည်။

‘‘ဂျပန်ကထုတ်တဲ့ ၇၅ ရာခိုင်နှုန်းက ဘယ်မောင်းတွေဖြစ်ပါတယ်။ အရည်အသွေးလည်း ကောင်းပါတယ်။ ဒီမူသစ်ကြောင့် တရုတ်ကားနဲ့ ကိုရီးယားကားတွေ ပဲသွင်းလို့ရတော့မယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး’’ဟု ဦးချမ်းမြက ဆိုသည်။



Sources; 7Day News Journal

No comments:

Post a Comment