Latest News

Tuesday, December 13, 2016

မန္တလေးမြို့အနီးတွင် သဘာဝ သုံးဆင့်ရေတံခွန်တခု တွေ့ရှိ

မန္တလေးမြို့အနီးတွင် သဘာဝ သုံးဆင့်ရေတံခွန်တခု တွေ့ရှိ

မန္တလေးမြို့ကနေ ၅ မိုင်လောက်သွားရတဲ့ ပုသိမ်ကြီးမြို့နယ်အတွင်းက ရှင်တော်ကုန်းကျေးရွာမှာ သဘာဝအတိုင်း ရှိနေသေးတဲ့ သုံးဆင့်ရေတံခွန်တခုကို တွေ့ရှိခဲ့ပါတယ်။

ရေတံခွန်ကို တွေ့ရှိခဲ့တာ နှစ်ပတ်လောက်သာ ရှိသေးပေမယ့် လာရောက်လည်ပတ်သူတွေနဲ့ စည်ကားနေတာပါ။

“မန္တလေးမြို့ရဲ့ အနီးဆုံးနေရာမှာ ဒီရေတံခွန်ဖြစ်ပေါ်လာတဲ့အတွက် မန္တလေးမြို့ပေါ်က အပန်းလာဖြေတဲ့သူတွေ တဖြည်းဖြည်းနဲ့ များလာတယ်။ အဲဒီလို များလာတဲ့အချိန်မှာ ဒါလေးက သဘာဝအတိုင်းပဲ ရှိနေမယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေမယ်။ လာရောက်တဲ့သူတွေ အနေနဲ့လည်း စည်းကမ်းရှိရှိနဲ့ အမှိုက်ပစ်တာ၊ နေတာထိုင်တာကအစ အားလုံးဝိုင်းဝန်းပြီး ထိန်းသိမ်းလိုက်မယ်ဆိုရင် ကျနော်တို့ ဒါလေးဟာ ခရီးသွားလုပ်ငန်းတခုအတွက်လည်း အဆင်ပြေနိုင်မယ့် နေရာလေးတခုပါ” လို့ မန္တလေးမြို့မှ ကိုထွန်းထွန်းလတ်က ပြောပါတယ်။

လာရောက်လည်ပတ်သူတွေက ရေတံခွန်ကို သဘာဝတောလမ်းအတိုင်း သွားလာရတာကို နှစ်သက်ကြပြီး ပြန်လည်ပြုပြင်မှာကို မလိုလားကြပါဘူး။

မြစ်ကြီးနားမြို့မှ လာရောက်လည်ပတ်သူ မမေချယ်ရီက “မြစ်ကြီးနားမြို့ကနေပြီးတော့ အလည်လာတာပေါ့နော်။ ဒီရေတံခွန်က သဘာဝအတိုင်းလေးဆိုတော့ အရမ်းလှပါတယ်။ သိပ်လည်းမမြင်တော့ သွားရလာရတာ အရမ်းလွယ်ကူတယ်။ ဒီအတိုင်းလေးထားတာ ပိုကောင်းမယ်ထင်တယ်” လို့ ပြောပါတယ်။

မန္တလေးမြို့ကနေ အနီးဆုံးနေရာမှာ ရှိနေတဲ့အတွက် လာရောက်လည်ပတ်သူတွေ များလာပြီး ရေတံခွန်ပတ်ဝန်းကျင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေက များနေပါတယ်။

သဘာဝအတိုင်း ရှိနေတဲ့အတွက် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ပြီး တောတွင်းခရီးသွားလုပ်ငန်း ဆောင်ရွက်သင့်ပြီး ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိလာနိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။

SOURCES ; DVB

No comments:

Post a Comment