Latest News

Monday, December 26, 2016

ကျိုင်းတုံတွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဖွဲ့စည်း

ကျိုင်းတုံတွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဖွဲ့စည်း

ကျိုင်းတုံ၊ ဒီဇင်ဘာ ၂၇

တိုင်းရင်းသားမျိုးနွယ်စုပေါင်း များစွာ နေထိုင်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဟိုခုံပရိယတ္တိ စာသင်တိုက်ကြီးတွင် ယနေ့ (ဒီဇင်ဘာ ၂၇ ရက်) နံနက်ပိုင်းက ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ပြောကြားသည်။

“ဘာသာတစ်ခုနဲ့ တစ်ခု ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေထိုင်ကြဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းတာပါ။ တကယ်လို့ ဘာသာတစ်ခုနဲ့ တစ်ခု မတော်တစ်ဆ ပြဿနာတွေ ဖြစ်ပေါ်ခဲ့ရင်လည်း ငြိမ်းချမ်းစွာနဲ့ ဖြေရှင်းပေးနိုင်ဖို့ပါ” ဟု သာသနာရေး တာဝန်များ ပူးတွဲထမ်းဆောင်နေရသူ ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများသည် ဘာသာကြီး လေးမျိုးကို ကိုးကွယ်ယုံကြည်ကြသူများ ဖြစ်ကြရာ ဘာသာတစ်ခုနှင့် တစ်ခု အပြန်အလှန် ရိုသေလေးစားကြပြီး ချစ်ခင်ညီညွတ်စွာ နေထိုင်ကြပါက မည်သည့်ပဋိပက္ခမှ မဖြစ်ပေါ်နိုင်ကြောင်း၊ နားလည်မှု လွဲမှား၍ ဖြစ်ပေါ်လာပါကလည်း ညှိနှိုင်းဖြေရှင်းပါက ပြေလည်မည် ဖြစ်ကြောင်း အစ္စလာမ် ဘာသာဝင်တစ်ဦးက ပြောကြားသည်။

ပြည်နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ ကျိုင်းတုံမြို့တွင် ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာနှင့် ဟိန္ဒူဘာသာ ကိုးကွယ်ကြသည့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးဖွဲ့ကို ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၃၆ ဦးဖြင့် အတည်ပြု ဖွဲ့စည်းခဲ့ကြောင်း ယင်းပြည်နယ် သာသနာရေး ဦးစီးဌာနထံမှ သိရသည်။

ဓာတ်ပုံ - ရန်နိုင်

R-16

Sources; The Voice

No comments:

Post a Comment