Latest News

Thursday, December 22, 2016

ဒေါ်လာငွေ ကစားနေတဲ့ ခရိုနီဘဏ်တွေကို အရေးမယူတော့ဘူးလား


ဒေါ်လာငွေ ကစားနေတဲ့ ခရိုနီဘဏ်တွေကို အရေးမယူတော့ဘူးလား



ဒီဇင်ဘာလ ၁၆ ရက်နေ့က တစ်ဒေါ်လာလျှင် ၁၄၄၀ ကျပ်ဖြင့် ဒေါ်လာဈေးစံချိန်တင်မြင့် တက်သွားသလို မြန်မာကျပ်ငွေ၏ တန်ဖိုးမှာလည်း စံချိန်တင်ကျဆင်းခဲ့သည်။ ဒေါ်လာဈေးသည် နိုင်ငံတကာဈေးကွက်၌ပါ တက်ရိပ်ပြနေချိန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းမှုက ငွေတန်ဖိုးကို ဒလဟော ကျဆင်းစေခဲ့ပါသည်။ မြန်မာငွေတန်ဖိုး ကျဆင်းခြင်းနှင့်ပတ်သက်၍ ပညာရှင်များက အချက်ရှစ်ချက်ကို ထောက်ပြခဲ့သည်။ ယင်းတို့မှာ (၁) နိုင်ငံတော်ဘတ်ဂျက် လိုငွေပြခြင်း၊ (၂) ကုန်သွယ်မှုတွင် အကြီးအကျယ်လိုငွေပြခြင်း၊ (၃) ကားတင်သွင်းခွင့် မူဝါဒသစ်ကြောင့် လုပ်ငန်းရှင်များ ဒေါ်လာစုဆောင်းနေခြင်း၊ (၄) အမေရိကန်ဒေါ်လာသည် နိုင်ငံတကာ ငွေကြေးဈေးကွက်တွင် ခိုင်မာလာခြင်း၊ (၅) ပို့ကုန်ရငွေများကို ပြည်ပဘဏ်တွင်သာ ထားရှိနေခြင်း၊ (၆) ခရိုနီများနှင့် ပုဂ္ဂလိကဘဏ်များက ငွေကစားနေခြင်း၊ (၇) တယ်လီဖုန်း ကုမ္ပဏီများက ကျပ်ငွေများကို ဒေါ်လာဖလှယ်ပြီး သူတို့မိခင်နိုင်ငံထံ ပြန်လည်ပေးပို့နေခြင်း၊ (၈) ယခင်အစိုးရ လက်ထက်က ချေးယူထားသော၊ တိုင်းပြည်အတွက် အချည်းနှီးဖြစ်ပြီး အတိုးနှုန်းလည်း မြင့်မားသော ပြည်ပချေးငွေများကို ပြန်လည်ပေးဆပ်နေရခြင်းတို့ ဖြစ်သည်။

နိုင်ငံတော်ဘတ်ဂျက် လိုငွေပြခြင်းကို အစိုးရအနေဖြင့် ပြည်ပမှချေးငွေဖြင့် ကျားကန်နိုင်သလို ကုန်သွယ်မှုတွင် လိုငွေပြခြင်းကို ကုန်သွယ်မှု အခွန်အကောက်များ (Trade Tariff) ပြင်ဆင်ခြင်း၊ မိုဘိုင်းအဖွဲ့ကဲ့သို့ တရားမ၀င် ကုန်သွယ်မှုထိန်းချုပ်ရေး အဖွဲ့များဖြင့် ထိန်းချုပ်နိုင်သည်။ (Trade Tariff)ဆိုသည်မှာ ဇိမ်ခံပစ္စည်းများ၊ အရက်၊ ဘီယာ၊ ၀ိုင်စသည်တို့ပေါ်တွင် ကြီးလေးသော အခွန်ကောက်ခြင်း၊ ပြည်တွင်းထုတ်ကုန်နှင့် အလားတူ သွင်းကုန်များကို ကန့်သတ်ခြင်း၊ အခွန်မြင့်မားစွာ သတ်မှတ်ခြင်း စသည်တို့ဖြစ်သည်။ ကားတင်သွင်းခွင့်မူဝါဒမှာ ပြည်တွင်းတွင် တစ်နေ့တစ်ခြား တွေ့ကြုံလာရသော ယာဉ်ကြောပိတ်ဆို့မှုကြောင့် မဖြစ်မနေချမှတ်ရမည့် မူဝါဒဖြစ်နေသည်။ အမေရိကန်ဒေါ်လာမှာ သမ္မတသစ် ဒေါ်နယ်ထရမ့် ရွေးကောက်ခံရပြီး အမေရိကန် စီးပွားရေးတက်လာမည်ဟု ကမ္ဘာကယုံကြည်ခြင်း၊ အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်း မြှင့်တင်လိုက်ခြင်းတို့ကြောင့် နိုင်ငံတကာသုံး ငွေကြေးများဖြင့် လဲလှယ်ရာတွင် တန်ဖိုးတက်နေခြင်းတို့ ဖြစ်သည်။ ထို့အပြင် ယခင်အစိုးရလက်ထက်က တိုင်းပြည်အတွက် အချည်းနှီးဖြစ်ပြီး အတိုးနှုန်းမြင့်သော၊ သမ၀န်ကြီး ဦးကျော်ဆန်း မဆင်မခြင် ချေးယူခဲ့သည့် ဒေါ်လာများကိုလည်း ပြန်လည်ပေးဆပ်နေရသည့် အတွက် ရှင်နည်းရာအဂ္ဂလူထွက်ဆိုသလို တိုင်းပြည်မှ ငွေမာများပြည်ပသို့ စီးထွက်နေရသည်။ အထက်ပါ အချက်များသည် ရှောင်လွှဲ၍ မရသော အချက်များဖြစ်နေသော်လည်း နိုင်ငံ၏ အရင်းအနှီးအများစုကို ချုပ်ကိုင်ထားသည့် ခရိုနီတို့၏ ပို့ကုန်မှ ရငွေများကို ပြည်ပတွင် ထားရှိခြင်း၊ ခရိုနီများနှင့် ပုဂ္ဂလိကဘဏ်များက ငွေကြေးဈေးကွက်တွင် ၀င်ရောက်ကစားနေခြင်းကိုမူ အစိုးရနှင့် ဗဟိုဘဏ်အနေဖြင့် ထိရောက်စွာ  ထိန်းချုပ်ရန် လိုအပ်နေပြီဖြစ်သည်။

ယခုလောလောဆယ်တွင်   ခရီးသွားရာသီ၌ ပြည်ပခရီးသွားများသည် လေယာဉ်ကွင်းတွင် ကျပ်ငွေနှင့် နိုင်ငံခြားငွေ လဲမရသည့် ပြဿနာများ ရင်ဆိုင်နေရသည်။

စက်သုံးဆီဈေးသည် ဒီဇင်ဘာ နှစ်ပတ်အတွင်း တစ်ဂါလံ ကျပ် ၁၀၀ ဈေးတက်သွားသည်။ အိမ်သုံးဆေးဝါးများသည် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ တက်သွားသည်။

စားသောက်ကုန်နှင့် လူသုံးကုန်များသည် ၁၀ ရာခိုင်နှုန်းအထက် ဈေးတက်သွားသည်။ ရေရှည်တွင် ယခုကဲ့သို့ အတက်ကြမ်းနေသော ဒေါ်လာဈေးကြောင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှာ နောက်ထပ်သုံးလ တောင့်ခံရန်ပင် မလွယ်တော့သော အခြေအနေ ရင်ဆိုင်နေရသည်။ ဒေါ်လာဈေးတက်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကြောင့် လူအနည်းငယ်သော ပို့ကုန်သမားများအတွက် အခြေအနေ ကောင်းနေသော်လည်း အများစုမှာ ကျပ်ငွေတန်ဖိုးကျခြင်းဒဏ်ကို ခါးစည်းခံနေကြရသည်။

သတင်းတစ်ရပ်အရ ဘဏ်တစ်ချို့သည် နိုင်ငံခြားဘဏ်များမှ ဒေါ်လာချေးယူပြီး ပြည်တွင်းလုပ်ငန်း လည်ပတ်နေကြရာ ဘဏ်အချင်းချင်းသတ်လိုသဖြင့် အင်အားကြီးဘဏ်တစ်ချို့က မြန်မာငွေတန်ဖိုးကျအောင် ဒေါ်လာများ ၀ယ်ယူစုဆောင်းနေသည်ဟုလည်း ပြောကြသည်။

အလားတူပင် တယ်လီဖုန်း ဆင်းကဒ်များ လူတိုင်းကိုင်နိုင်အောင် ပြုပြင်ပြောင်းလဲရေး လုပ်ပြီးချိန်တွင် စကားကြောရှည်သော၊ ဆိုရှယ်မီဒီယာကို အစွဲကြီးနေသော မြန်မာလူမျိုးတို့၏ စရိုက်ကြောင့် တယ်လီဖုန်း ကုမ္ပဏီကြီးများသည် ၀င်ငွေအဆမတန်ကို ကျပ်ငွေဖြင့်ရပြီး ထိုကျပ်ငွေများကို ဒေါ်လာဖြင့်လဲလှယ်ပြီး သူတို့မိခင်နိုင်ငံသို့ ပို့နေခြင်းကလည်း ပြည်တွင်းရှိငွေများကို နေ့စဉ် ပြည်ပသို့ စီးဆင်းနေစေသော အချက်ဖြစ်သည်။ ပို့ဆက်ဝန်ကြီး ဌာနအနေဖြင့် ဖိအားပေးပြီး တယ်လီဖုန်း သုံးစွဲခငွေများကို ထပ်မံလျှော့ချစေရန် လိုအပ်သည်။

ခေတ်အဆက်ဆက် ပြန်ကြည့်ပါက ယခုကာလသည် မြန်မာနိုင်ငံမှ ဘိန်းထွက်သည့်ရာသီ ဖြစ်သဖြင့် မြန်မာ့ငွေတန်ဖိုးတက်သည့် ကာလဖြစ်သည်။ သင်္ကြန်အပြီး မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်ရပ်ဆိုင်းသည့် မိုးရာသီရောက်မှသာ ဒေါ်လာတန်ဖိုးတက်လေ့ ရှိသည်။ သို့သော်ယခုနှစ်တွင် ကျပ်ငွေတန်ဖိုးတက်ရမည့် အချိန်တွင်ပင် ကျပ်ငွေတန်ဖိုး ဒလဟောကျဆင်းနေသဖြင့် မိုးရာသီအတွက် တွေးရဲစရာပင် မရှိပေ။

ယခုအခြေအနေအတိုင်း ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ မည်မျှတောင့်ခံနိုင်ပါမည်နည်း။ ပြည်သူလူထု အနေဖြင့် နေ့စဉ်တက်နေသော ကုန်ဈေးနှုန်းကို မည်မျှတောင့်ခံနိုင်ပါမည်နည်း။ မြန်မာငွေတန်ဖိုး တက်လာစေရန် အစိုးရနှင့် ဗဟိုဘဏ်အပေါ်တွင် လုံးဝတာဝန်ကျရောက်လာပြီဖြစ်သည်။ အစိုးရအနေဖြင့် ယခင်က ပုံမှန်လည်ပတ်နေပြီး ယခုထိန်းချုပ်လိုက်သော စီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရန် အမြန်ဆုံး စိစစ်ခွင့်ပြုခွင့်သည် ပြည်ပမှ ဒေါ်လာချေးယူပြီး ဗဟိုဘဏ်ကို ကျားကန်ပေးသင့်သည်။ ထို့အပြင် ယခုအခါပြည်သူအများ ပြန်လည်မျက်စောင်းထိုးလာသော ခရိုနီများ၏ ဒေါ်လာကစားမှုနှင့် ပုဂ္ဂလိကဘဏ် အချို့၏ ဒေါ်လာ ကစားမှုကို အမြန်ဆုံးထိန်းချုပ်သင့်ပြီဖြစ်သည်။ ယခုလောလောဆယ်တွင် ဘဏ်များသည် ဒေါ်လာကိုဝယ်ယူမှုသာရှိပြီး ရောင်းချမှုမရှိသည့်အတွက်လည်း ပြည်သူများက စတင်ပြောဆိုလာကြပြီ ဖြစ်သည်။ ဤအချိန်တွင် ဗဟိုဘဏ်နှင့် အစိုးရသည် မသိယောင်ဆောင်ပြီး နေမရတော့ပါ။ ကျပ်ငွေတန်ဖိုး ပြန်လည်မြင့်တက်စေရန် အစီအမံများကို ပြည်သူသို့ကြေညာပြီး အရှိန်အဟုန်ဖြင့် အရေးယူ ဆောင်ရွက်ရမည့် အချိန်ဖြစ်ပါသည်။ ထို့ကြောင့် ခရိုနီများ၏ ဘဏ်များမှ ဒေါ်လာ အရောင်းအ၀ယ်များကို စစ်ဆေးရန် အချိန်ကျရောက်နေပြီဖြစ်ကြောင်း သတိပေး ရေးသားလိုက်ရပါသည်။


Sources : လက်စောင်းထက်

No comments:

Post a Comment